အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၆ ရာစုက ဂျပန်-မြန်မာ ဆက်နွယ်မှုများ

16th Century

၁၆ ရာစုက ဂျပန်-မြန်မာ ဆက်နွယ်မှုများ

room Japan

Read in English

မြန်မာပြည်သို့ အစောဆုံး ရောက်ရှိလာခဲ့သော ဂျပန်လူမျိုးတို့အကြောင်း မည်သူမှ အတိအကျမသိပါ။ အေဒီ ၁၅၀၀ အစောပိုင်းနှစ်များက ဖြစ်ပုံရ၏။ ဂျပန်တွင် နှစ်တစ်ရာကျော်ကြာ လက်နက်ကိုင် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားနေသည့် စစ်ပြိုင်ခေတ် သို့မဟုတ်  “ဆန်ဂိုကုခေတ်”(Sengoku) က ဖြစ်သည်။ ၁၆ ရာစုနှစ်သည် ကမ္ဘာ့ကုန်သွယ်မှုများ လျင်မြန်စွာ ကျယ်ပြန့်လာနေသော ကာလလည်း ဖြစ်သည့်အလျောက် အာရှတစ်လွှား၊ ဥရောပတစ်လွှား၊ အာဖရိကမှ အမေရိကတိုက်များထိ ဈေးကွက်များ ချိတ်ဆက်မိလာခဲ့ကြသည်။ ကျွန်များမှာ ထိုဈေးကွက်များ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပေသည်။

ထိုခေတ်ကာလက မနီလာနှင့် အယုဒ္ဓယတို့တွင် နေထိုင်လျက်ရှိကြသော ဂျပန်လူမျိုးဦးရေ အတော်များများရှိကြောင်း သိရ၏။ အယုဒ္ဓယရှိ ဂျပန်တို့မှာ ကုန်သည်များ၊ (နေရပ်တွင် ဖိနှိပ်ညှင်းပန်းခံရမှုကြောင့် ထွက်ပြေးလာသော) ခရစ်ယာန်ဘာသာဝင်များ၊ ယိုးဒယားဘုရင်ထံ ကြေးစား စစ်မှုထမ်းရန် ရောက်ရှိလာသည့် စစ်သည်တော်များ ဖြစ်ကြသည်။ ထိုဂျပန်စစ်သည်တော်များထဲမှ အချို့သည် မြောက်ဦးတွင် ရှိခဲ့ကြောင်း၊ ရခိုင်ဘုရင်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရသည်။ ယင်းတို့သည် တိုင်းတစ်ပါးသို့ လေလွင့်ခရီးနှင်ကြသည့် သခင်မဲ့ ရိုနင်ဆာမူရိုင်းများ (Ronin-Samurai) ဖြစ်ကြသည်။ ပဲခူးနှင့် အင်းဝကဲ့သို့ မြန်မာဘုရင်နန်းတော်အတွင်း ရိုနင်များ အမှုထမ်းခဲ့ကောင်း ထမ်းခဲ့နိုင်သော်လည်း သက်သေအထောက်အထား အခိုင်အမာ မတွေ့ရသေးပါ။

မြန်မာသို့ ကျွန်အဖြစ်နှင့် ရောက်လာသော ဂျပန်လူမျိုးများလည်း ရှိနိုင်ပါသည်။ ၁၅၄၃ ခုနှစ်တွင် ပေါ်တူဂီတို့ ဂျပန်သို့ ပထမဦးဆုံး ရောက်ရှိခဲ့ပြီးနောက် မဆိုင်းမတွပင် ပေါ်တူဂီတို့သည် ဂျပန်အမျိုးသား၊ အမျိုးသမီးများကို ကျွန်အဖြစ် ဝယ်ယူပြီး နိုင်ငံရပ်ခြားတွင် ပြန်ရောင်းချခဲ့ကြသည်။ ဂျပန်အတော်များများမှာ မနီလာရှိ ကျွန်ဈေးတွင် ရောင်းချခံရပြီး မက္ကစီကိုနှင့် အာဂျင်တီးနားအပါအဝင် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ပြန်ရောင်းရန်အတွက် ခေါ်ဆောင်သွားခံရသည်များလည်း ရှိခဲ့သည်။ မနီလာနှင့် လစ္စဘွန်အကြား ဆိပ်ကမ်းမြို့များတွင် ရောင်းချခံရခြင်းများ ရှိသကဲ့သို့ မြန်မာပြည်တွင်လည်း ရောင်းချခံရခြင်းရှိမည်မှာ သေချာသလောက် နီးပါးဖြစ်သည်။

ကမ္ဘာတစ်ဝှမ်း ကုန်ပစ္စည်းများနှင့် လူသားများ ကူးလူးရွေ့လျားမှုများစွာ ဖြစ်ပွားနေခဲ့သည့် ထိုကြုံတောင့်ကြုံခဲကာလအတွင်း မြန်မာပြည်မှ ကုန်သည်များလည်း ဂျပန်သို့ မရောက်သွားဟု မဆိုနိုင်ပါ။  

ဖော်ပြပါပုံမှာ ဆန်ဂိုကုခေတ်က ထင်ရှားသော ဆာမူရိုင်းတစ်ဦးဖြစ်သည့် ဆာနာဒါ နိုဘူရှိဂဲ (Sanada Nobushige) ၏ ပုံဖြစ်သည်။ သူကိုယ်တိုင် တိုင်းတစ်ပါးသို့ တစ်ခါမှ ခရီးမနှင်ဖူးသော်လည်း သူနှင့် ခေတ်ပြိုင် ရိုနင်ဆာမူရိုင်းများထဲမှ မြန်မာပြည်တွင် သက်ဆုံးတိုင် နေထိုင်သွားခဲ့သူများ ရှိနိုင်ပါသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်