အမေ့ခံအတိတ်
အမေ့ခံအတိတ်

event_note ခေတ်ကာလများပြပုံ

၁၈ ဧပြီ ၁၉၅၅ - ၂၄ ဧပြီ ၁၉၅၅

၁၉၅၅ ခုနှစ်က ဘန်ဒေါင်းတွင် ကျင်းပခဲ့သော အာရှ-အာဖရိကန်နိုင်ငံများ ထိပ်သီးညီလာခံ

room Indonesia

people ဦးနု U Thant Pandit Nehru President Nasser Krishna Menon Sukarno U Thein Sein Chou Enlai

Read in English

၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့၌ အာရှ-အာဖရိကန်ညီလာခံကို ကျင်းပခဲ့သည်။ “ဘန်ဒေါင်းညီလာခံ”ဟု လူသိများသည်။ ညီလာခံ ဦးဆောင်ကျင်းပသူများတွင် မြန်မာနိုင်ငံ အပါအ၀င်ဖြစ်ပြီး  အိန္ဒိယ၊ ပါကစ္စတန်၊ စီလုံနှင့် အင်ဒိုနီးရှားတို့လည်း ပါ၀င်သည်။ အနောက်ကမ္ဘာဘက်ခြမ်းမှ မဟုတ်သော လွတ်လပ်ရေးရပြီးကာစ ၂၉ နိုင်ငံမှ ခေါင်းဆောင်များက တစ်ကမ္ဘာလုံး၏ လူဦးရေထက်၀က်ကျော် ၁.၅ ဘီလီယံထက် မနည်းကို ကိုယ်စားပြုသည့်အနေဖြင့် ထိုညီလာခံသို့ တက်ရောက်ခဲ့ကြသည်။ 

ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူကာနိုက ထိုညီလာခံသည် “အသားအရောင်ရှိသူများ၏ လူသားသမိုင်းတွင် ပထမဦးဆုံးသော တိုက်များဆိုင်ရာ ညီလာခံ” ဖြစ်သည်ဟု ဆိုသည်။ တက်ရောက်လာသော နိုင်ငံအတော်များများသည် ၄င်းတို့၏ ကိုလိုနီနယ်ချဲ့ သခင်ဟောင်းများကို သွေးမြေကျတိုက်ပွဲ၀င်ပြီး အောင်ပန်းဆင်ထားသည်မှာ မကြာလှသေး။ ခြားနားသော အနာဂတ်ကို အားလုံးက မျှော်လင့်တောင့်တကြသည်။ စစ်အေးတိုက်ပွဲအတွင်း အမေရိကန်နှင့် ဆိုဗီယက် နှစ်နိုင်ငံအကြား ညှပ်သွားမည်ကိုလည်း စိုးရိမ်နေကြသည်။ ၁၉၆၀ပြည့်နှစ်တွင် ဘယ်ဂရိတ်၌ ဒုတိယအကြိမ်မြောက် ညီလာခံကျင်းပပြီး “ဘက်မလိုက် ကြားနေဝါဒနိုင်ငံများ လှုပ်ရှားမှု”ကို စတင်ခဲ့ကြသည်။

ဘန်ဒေါင်းညီလာခံသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးနုက ဦးဆောင်သည်။ ဦးနုနှင့်အတူ ညီလာခံ၏အတွင်းရေးမှုးအဖြစ် တာ၀န်ယူထားသော ဦးသန့်၊ တရားသူကြီး ဦးမြင့်သိန်းနှင့် အခြားသူများလည်း လိုက်ပါခဲ့သည်။

ထိုညီလာခံတွင် ဆိုဗီယက်နှင့် အနောက်တိုင်း နယ်ချဲ့၀ါဒကို ညီတူညီမျှ ရှုတ်ချမည်လားဆိုသည့် ကိစ္စနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု တစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယကဲ့သို့ အချို့နိုင်ငံများက အနောက်တိုင်းကိုသာ ရှုတ်ချလိုကြသည်။ ပါကစ္စတန်နှင့် စီလုံတို့ဘက်မှနေ၍ မြန်မာနိုင်ငံက ကွန်မြူနစ်တို့ ကျူးကျော်ရန်လာစခြင်းကိုပါ ရှုတ်ချလိုသည်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ညီလာခံသို့ ပါ၀င်တက်ရောက်ရန် မရမနေ ပြောခဲ့ပါသေးသည်။ အစ္စရေးနိုင်ငံကိုလည်း တိုက်တွန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

ညီလာခံသို့ တက်ရောက်မည့် နိုင်ငံခေါင်းဆောင် အများအပြားသည် ရန်ကုန်မှတစ်ဆင့် အင်ဒိုနီးရှားသို့ လေယာဥ်စီးကြသည်။ ထိုစဥ်က ရန်ကုန်မြို့သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းမှုတွင် အချက်အချာတစ်ခု ဖြစ်ပေသည်။ ရန်ကုန်သို့ ရောက်ရှိလာသော ခေါင်းဆောင်များထဲတွင် ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီး ဖန်ဗန်ဒွန် (Pham Van Dong)၊ အီဂျစ် သမ္မတနက်ဆာ (Gamal Abdel Nasser)၊ အိန္ဒိယဝန်ကြီးချုပ် နေရူး (Nehru)၊ တရုတ် ဝန်ကြီးချုပ် ကျိုးအင်လိုင် (Chou Enlai) တို့ပါ၀င်သည်။ ၄င်းတို့အား သမ္မတကြီး ဒေါက်တာဘဦးက အစိုးရအိမ်တော်၌ ညစာဖြင့် ဧည့်ခံခဲ့သည်။ သင်္ကြန်တွင်းဖြစ်သည့်အလျောက် နောက်တစ်နေ့တွင် ဦးနု၏ တိုက်တွန်းချက်အရ သမ္မတနက်ဆာနှင့် ၀န်ကြီးချုပ်နေရူးတို့ မြန်မာအ၀တ်အစားများ ၀တ်ဆင်ကာ သင်္ကြန်ပွဲ ဆင်နွှဲခဲ့ကြသေးသည်။


ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်