အမေ့ခံအတိတ်
အမေ့ခံအတိတ်
လွတ်လပ်ရေးနေ့ နှစ်ပတ်လည်
event_note ခေတ်ကာလများပြပုံ

၄ ဇန်နဝါရီ ၁၉၄၇ - ၄ ဇန်နဝါရီ ၁၉၄၈

လွတ်လပ်ရေးနေ့ နှစ်ပတ်လည်

Read in English

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် (များမကြာမီ ပြည်တွင်းစစ်မီးများ တောက်လောင်မည့်) စပ်ကူးမပ်ကူးကာလကို ကောင်းမွန်စွာ နားလည်သဘောပေါက်ရန် ထိုစဉ်က ကမ္ဘာတစ်ဝန်းရှိ အဖြစ်အပျက်များကို အသိအမှတ်ပြုဖို့ အရေးကြီးပါသည်။ ၁၉ ၄၈ ခုနှစ် အစောပိုင်းကာလတွင် ကမ္ဘာကြီးတစ်ခုလုံး ဂယက်နေခဲ့သည်။ - ဆိုဗီယက်က ဘာလင်ကို ပိတ်ဆို့လိုက်ရာ အသစ်ပေါ်ပေါက်လာသည့် စစ်အေးတိုက်ပွဲ ဆူပွက်တော့မည့် အခြေအနေတွင် ရှိနေသည်။ - စစ်ဒဏ်ကြောင့် ဖြူခါပြာခါကျနေသော ဥရောပကို ပြန်လည်တည်ဆောက်မည့် မာရှယ်အစီအစဉ် “Marshall Plan” ကို အမေရိကန်က အတည်ပြုတော့မည့်ဆဲဆဲ အချိန်ဖြစ်သည်။ - ကုလသမဂ္ဂ၏ ပါလက်စတိုင်းပြဌာန်းချက်မှာ အဆုံးသတ်တော့မည်ဖြစ်သည်။ ရလဒ်အနေနှင့် အစ္စရေးနိုင်ငံ ပေါ်ပေါက်လာရာ ပထမ အာရပ်-အစ္စရေးစစ်ပွဲ စတင်တော့သည်။ - အသစ်တည်ထောင်လိုက်သည့် မလေးရှားပြည်ထောင်စုကို ကန့်ကွက်သည့် ကွန်မြူနစ်တို့၏ တော်လှန်ရေးကြီးမှာ ပေါက်ကွဲလုမတတ်ဖြစ်နေသည်။ ထို့နောက်တွင် မာလာယန် အရေးပေါ် “Malayan Emergency” စတင်ကာ နောက် ၁၂ နှစ်ကြာ ပြောက်ကျားစစ်ပွဲများ ဖြစ်ပွားလေတော့သည်။ - ပြင်သစ်နှင့် ဗီယက်မင်း (Viet Minh) အကြား ဖြစ်ပွားနေသော ပထမအင်ဒိုချိုင်းနားစစ်ပွဲမှာ အရှိန်ကောင်းလျက်ရှိသည်။ - လေးနှစ်ကြာ ဖြစ်ပွားခဲ့သော ဒတ်ချ်စစ်တပ်များနှင့် အသစ်ထူထောင်လိုက်သည့် အင်ဒိုနီးရှားပြည်သူ့သမ္မတနိုင်ငံအကြား စစ်ပွဲမှာ တိုးလို့တန်းလန်းဖြစ်နေသည့် အချိန်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးလှသည်မှာ - ဗြိတိသျှအိန္ဒိယသည် နှစ်ခြမ်းကွဲသွားပြီး ဒိုမီနီယံနိုင်ငံများအဖြစ် အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ အသစ်ပေါက်ပေါက်လာသည်။ ထိုကဲ့သို့ဖြစ်ခြင်းကြောင့် လူပေါင်း သိန်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ကက်ရှမီးယား ပိုင်နက်ကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ စတင်ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ဗြိတိသျှပိုင်နက်နှင့် နယ်နိမိတ် ဆက်စပ်ခြင်း မရှိတော့ချေ။ - တရုတ်ပြည်တွင်းစစ်တွင် ၂ နှစ်ကြာ သွေးချောင်းစီးပြီးနောက် ကွန်မြူနစ်တို့ အောင်နိုင်သည်။ ထို့ပြင် ကလီမန့် အက်တလီ၏ ပြုပြင်ပြောင်လဲရေး အလုပ်သမားအစိုးရသည် ဝင်စတန်ချာချီးလ်၏ ရှေးရိုးစွဲကြီးများကို အနိုင်ရခဲ့ရာ အိမ်တွင်း ပြောင်းလဲမှုများအတွက် ကတိကဝတ်ပြုသည်သာမက အာရှရှိ ဗြိတိသျှလက်အောက်ခံ ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးရန် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ ၁၉ ၄၆ ခုနှစ် ရောက်သောအခါ မြန်မာနိုင်ငံသည် ယူကေအတွက် အသုံးမလိုတော့ချေ။ မြန်မာသည် ဗြိတိသျှအိန္ဒိယအတွက် နည်းဗျူဟာကျသော အရှေ့ဘက်ရှိ ကြားခံနယ်မြေတစ်ခု မဟုတ်တော့ချေ။ ချွတ်ချုံကျနေသော မြန်မာ့စီးပွားရေးကို ပြန်လည်ထူထောင်ရန် အနည်းဆုံးတော့ ဆယ်စုနှစ်နှင့်ချီကြာမည် (ငွေကြေးအမြောက်အမြားလည်း ကုန်ကျမည်)မှာ သိသာနေသည်။ ယူကေကုမ္ပဏီများ အမြတ်ငွေရရှိရန် အဓိကကျသည့် နေရာများမှာ မလေးရှား၊ စင်ကာပူနှင့် ဟောင်ကောင်တို့ ဖြစ်ပြီး မြန်မာမဟုတ်ချေ။ ၁၉ ၄၇ ခုနှစ် အစောပိုင်းတွင် ယူကေအစိုးရသည် မြန်မာကို စွန့်ခွာရန် ထွက်ပေါက်ရှာနေခဲ့သည်။ မြန်မာ့ (ဗမာ့) လွတ်မြောက်ရေးလှုပ်ရှားမှုသည် လွတ်လပ်ရေးရမည့် အချိန်နှင့် မည်သည့်ပုံစံဖြင့် လွတ်လပ်ရေးရရှိသည့် အချက်တို့ကို တစ်နည်းအားဖြင့် အဆုံးအဖြတ်ပေးနိုင်ခဲ့သည်။ သိုသော်ငြား ဗြိတိသျှတို့ မြန်မာမှ အနှေးနှင့်အမြန် ထွက်ခွာမည်မှာ သေချာသလောက်ဖြစ်ပေသည်။ ဤသည်မှာ သမ္မတစပ်ရွှေသိုက်နှင့် ဆာဟူးဘက်ရန့်စ် (Sir Hubert Rance)တို့ကို လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရပုံဖြစ်သည်။ ကျန်တစ်ပုံမှာ ၁၉ ၄၈ ခုနှစ် ဗြိတိသျှဓနသဟာယနိုင်ငံများ မြေပုံဖြစ်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်