အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗုဒ္ဓဖွားမြင်ရာ

၆ ရာစု - ၂၀၁၃

ဗုဒ္ဓဖွားမြင်ရာ

room Nepal

Read in English

ရာစုနှစ်ပေါင်းများစွာကြာ ဤနေရာရှိမှန်း မသိရှိခဲ့ကြ။ ဗုဒ္ဓဖွားမြင်ရာနေရာကို အမှတ်အသားပြုသည့် အနေဖြင့် အသောကမင်းကြီးက ဘီစီ ၃ ရာစုတွင် စိုက်ထူခဲ့သော ဤကျောက်စာတိုင်ကို  ၁၈၉၆ ခုနှစ်တွင် ဂျာမန် ရှေးဟောင်းသုတေသန ပညာရှင်မှ ရှာဖွေတွေ့ရှိခဲ့သည်။ ဗြာမီ (Brahmi) အက္ခရာကို သုံးကာ (ပါဠိနှင့်ဆင်တူသော) ပရာခ်ရစ် (Prakrit) ဘာသာစကားဖြင့် ရေးထိုးသော ကျောက်စာဖြစ်၏။  ပထမဦးဆုံးအကြိမ် အိန္ဒိယစာဖြင့် ရေးသားမှတ်တမ်းခြင်း ဖြစ်ရပ်ဖြစ်ပေသည်။ ဗုဒ္ဓအကြောင်းပါသည့် အလွန်ရှေးကျသော ရေးသားဖော်ပြချက်များထဲတွင် အာသောကကျောက်စာလည်း အပါအဝင်ဖြစ်သည်။

(ယနေ့တိုင် ကျန်ရှိနေသေးသော ရှေးအကျဆုံး ဗုဒ္ဓဝင်ကျမ်းမှာ အေဒီ ၁ ရာစု ဂန္ဒရာ ကျောက်စာများ ဖြစ်ပြီး ထိုခေတ်မတိုင်ခင် ဗုဒ္ဓဘာသာ ရာဇဝင်အကြောင်း များစွာ မသိရှိကြပေ။)

အသောကမင်းကြီးသည် ဗုဒ္ဓဖွားမြင်ခဲ့သည်ဟု ယူဆရသော နေရာအတိအကျကို ပတ်ပတ်လည် ဝန်းရံပြီး အုတ်ကျောင်းတစ်ခုကို ဆောက်လုပ်ခဲ့သည်။ ထိုအုတ်ကျောင်း၏ အပျက်အယွင်းများ ထိုနေရာတွင် ယနေ့တိုင် ရှိနေပါသေးသည်။ အပြိုအပျက်များပေါ်တွင် လွန်ခဲ့သော နှစ် ၂၀ ခန့်က ခေတ်သစ် အဆောက်အဦ (မာယာဒေဝီ ကျောင်းတော်)ကို နီပေါနိုင်ငံ အစိုးရက ဆောက်လုပ်လိုက်သည်။

၂၀၁၃ ခုနှစ်က အသောကအုတ်ကျောင်း အောက်တွင် ရိုးရှင်းသော သစ်သား အဆောက်အအုံ အပိုင်းအစကို ရှာတွေ့ခဲ့သည်။ ရေဒီယိုကာဗွန်ဒြပ်ဖြင့် သက်တမ်းတိုင်းတာကြည့်လိုက်ရာ ဘီစီ ၆ ရာစုကဖြစ်ကြောင်း သိရှိရသည်။ ပထမဦးဆုံး တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ ဗိမာန်တစ်ခုဟု ယူဆကြပြီး ဗုဒ္ဓသက်တမ်း လွန်ပြီး မကြာမီကာလက ဆောက်လုပ်ထားခြင်းဖြစ်သည်။ (မြန်မာ၊ ထိုင်း၊ နီပေါ၊ သီရိလင်္ကာ စသည့်နိုင်ငံများတွင် လက်ခံထားသည့် ဗုဒ္ဓဖွားမြင်တော်မူသည့် ရက်စွဲနှင့် လူ့လောကတွင် နေထိုင်ခဲ့သည့် သက်တမ်းကာလ နေ့ရက် အတိအကျမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပါ။)

ဘီစီ ၆ ရာစု လုဗ္မိနီမှာ မဂဓတိုင်းနေပြည် (ယနေ့ ဘီဟာပြည်) အစွန်ပိုင်းတွင် ရှိခဲ့သည်။ ဘီစီ ၆ ရာစုမှာ ကမ္ဘာ့သမိုင်း၏ ခေတ်ကောင်းခဲ့သည့် တစ်ချိန်ဖြစ်ပေသည်။ တရုတ်တွင် ကွန်ဖြူးရှပ်စ်နှင့် (တာအိုဘာသာစတင်သူ) လောင်ဇူ (Lao Tzu) တို့ခေတ်၊ ထိုမျှသာမက အိန္ဒိယတွင် (ဂျိန်းဘာသာ စတင်သူ) မဟာဝီရ၊ ပါရှားတွင် (ဇိုရိုအက်စ်ထရီယန်ဘာသာ စတင်သူ) ဇာရာသူစထရာ (Zarathustra) တို့ခေတ်ဖြစ်သည်။ ပါရှားတွင် အာခိမိနစ်တို့နှင့် တရုတ်တွင် ကျိုး တို့က ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံးသော အင်ပါယာများကို တည်ထောင်ထားသည်။ အရှေ့ မြေထဲပင်လယ်အရပ်တွင် ဂရိအတွေးအခေါ်များ စတင်ထွန်းကား လာနေခဲ့သည်။ နိုင်ငံရေး၊ လူမှုရေး၊ အသိပညာ နယ်ပယ်တို့တွင် ကြီးစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည့် ခေတ်ဖြစ်ခဲ့ပေသည်။

ဓာတ်ပုံများ (ဝဲဘက်မှစ) - အသောကကျောင်းအတွင်းရှိ ဒေါက်တာသန့်မြင့်ဦး၊ အသစ်ဆောက်ထားသော မာယာဒေဝီကျောင်းတော်ကို အပြင်ဘက်မှ တွေ့ရစဉ်၊ အသောကဘုရားကျောင်း အုတ်ကျိုးအုတ်စများ၊ ဗုဒ္ဓဖွားမြင်ခဲ့သည်ဟု ယူဆရသော ကျောင်းတော်တွင်းရှိ နေရာ၊ အသောကကျောက်စာတိုင်၊ ကျောက်စာတိုင်ပေါ်တွင် ရေးထိုးထားသော ဗြာမီ (Brahmi) အက္ခရာ။

ရှေးပဝေဏီက မြန်မာနှင့် ကမ္ဘာ (အေဒီ ၉၀၀မတိုင်မီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်