အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗြိတိသျှအစိုးရ ထုတ်ပြန်သည့် မြန်မာပြည်ဆိုင်ရာ စက္ကူဖြူစာတမ်း
event_note ခေတ်ကာလများပြပုံ

၁၇ မေ ၁၉၄၅

ဗြိတိသျှအစိုးရ ထုတ်ပြန်သည့် မြန်မာပြည်ဆိုင်ရာ စက္ကူဖြူစာတမ်း

room United Kingdom

Read in English

၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာပြည်၏ အနာဂတ်နှင့် ပတ်သက်၍ “စက္ကူဖြူစာတမ်း” (“White Paper”)ကို တရားဝင်ထုတ်ပြန်လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်မှု အောက်ရှိ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ (နောက်ပိုင်းတွင် ဖဆပလဖြစ်လာ) သည် စက္ကူဖြူစာတမ်းပါ စီမံကိန်းကို ကန့်ကွက်သည်။ နောက်ဆက်တွဲအဖြစ် မြန်မာပြည်သို့ ပြန်ရောက်လာသော ဗြိတိသျှအာဏာပိုင်များ လိပ်ခဲတည်းလည်း အခြေအနေနှင့် ရင်ဆိုင်ရသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရသည်အထိ ဖြစ်လာသည်။ နောက်ဆုံးမှာမူ ၁၉၄၈ ခုနှစ်တွင် ဓနသဟာယအဖွဲ့ဝင် နိုင်ငံအဖြစ်မဟုတ်ဘဲ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်။


စက္ကူဖြူစာတမ်းတွင် ပါဝင်သော အဆိုပြုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) (မြန်မာခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အမှုဆောင်ကောင်စီ၏ အကူအညီဖြင့်) ဘုရင်ခံကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်မည့် ကာလတစ်ခု၊ နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ (ထိုစဉ်က တိုင်းပြည်မှာ ဖြူခါပြာခါကျလျက်ရှိသည်)၊ ၁၉၄၈ ခုနှစ် မေလမတိုင်ခင် ရွေးကောက်ပွဲများ ကျင်းပရေး။

(၂) ၁၉၃၅ ခုနှစ် မြန်မာပြည် အစိုးရအက်ဥပဒေအရ အသစ်ဖွဲ့စည်းလိုက်သော မြန်မာပါလီမန်သည် ဝန်ကြီးချုပ်နှင့် အစိုးရအသစ်တို့ကို ရွေးချယ်တင်မြှောက်မည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် တစ်ရပ်ကိုလည်း ရေးဆွဲမည်။

(၃) နောက်ဆုံးတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရမည်။ သို့သော် (သြစတြေးလျနှင့် ကနေဒါတို့ကဲ့သို့) ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်အဖြစ်နှင့် ဖြစ်သည်။

(ဓနသဟာယအဖွဲ့ဝင်အဖြစ်မဟုတ်ဘဲ သမ္မတနိုင်ငံအဖြစ် လွတ်လပ်ရေး ရမည့်အစား) ဒိုမီနီယံနိုင်ငံအဖြစ် ရပ်တည်ရခြင်း၊ ထိုမျှသာမက စီမံကိန်းထဲတွင် (ရှမ်းပြည်နယ်မြေများကဲ့သို့) ချွင်းချန်နယ်မြေများ မပါဝင်ခြင်း စသည့်အချက်များမှာ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့နှင့် များစွာသော မြန်မာမျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့ လက်ခံနိုင်စရာ မဟုတ်ခဲ့ချေ။

၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ဘုရင်ခံ ဆာရက်ဂျင်နယ် ဒေါ်မန်စမစ် (Sir Reginald Dorman-Smith) ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသည်။ ထိုမတိုင်မီ ဇွန်လကလည်း အလွတ်သဘော တစ်ခေါက်လာခဲ့သေးသည်။ စက္ကူဖြူစာတမ်းကို အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခံရပြီးနောက် ဖဆပလနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့သည်။ ထိုပဋိပက္ခသည် မြန်မာပြည်မှ အပြီးထွက်ခွာရန် ဗြိတိသျှတို့ ဆုံးဖြတ်လိုက်ပြီးသကာလ ၁၉၄၆ ခုနှစ် ဇွန်လတွင် ဘုရင်ခံ ပြည်တော်ပြန်သွားတော့မှ ပြီးဆုံးသွားခဲ့သည်။

ဤနေရာတွင် အရေးကြီးသည့်အချက်မှာ ၁၉၄၆ ခုနှစ်တွင် ဗြိတိသျှ အလုပ်သမားအစိုးရ မြန်မာပြည်မှ ထွက်ခွာရန် ဆုံးဖြတ်ချက်ချလိုက်ရခြင်းမှာ မြန်မာပြည်တွင်းကိစ္စရပ်များကြောင့် သက်သက် မဟုတ်ချေ။ အခြားသော နိုင်ငံတကာဖြစ်ရပ်များကြောင့်လည်း ဖြစ်ပေသည်။ ထိုအချိန်တွင် အိန္ဒိယနှင့် ပါလက်စတိုင်းတွင် တိုက်ပွဲများ အတောမသတ် ဖြစ်ပွားကာ ထိန်းမနိုင်သိမ်းမရ ဖြစ်လျက်ရှိသည်။ အိန္ဒိယတွင် ဟိန္ဒူနှင့် မွတ်စလင်တို့အကြား၊ ပါလက်စတိုင်းတွင် အာရပ်နှင့် ဂျူးတို့အကြား တိုက်ခိုက်မှုများကြောင့် လူ့အသက်ပေါင်း ထောင်နှင့်ချီ ဆုံးရှုံးရသည်။ ဗြိတိသျှတို့အတွက် မြန်မာပြည်ဆိုသည်မှာ ဘေးပန်းကိစ္စတစ်ခုသာ ဖြစ်ပြီး စက္ကူဖြူစာတမ်း အကောင်အထည် ဖော်ရေး၊ မဖော်ရေးသည် အရေးကြီးလှသည့်ကိစ္စ မဟုတ်ချေ။

စက္ကူဖြူစာတမ်းကို လက်ခံလိုက်မည်ဆိုပါက မြန်မာပြည်သည်လည်း မလေးရှားနှင့် စင်ကာပူတို့၏ လမ်းစဉ်နည်းတူ ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းမှ လွတ်လပ်ရေးရနိုင်ခြေရှိသည်။ (နောက်ကျမှ လွတ်လပ်ရေးရခြင်းသည် မြန်မာပြည်အတွက် ကောင်းချင်လည်း ကောင်းမည်၊ ဆိုးချင်လည်း ဆိုးပေလိမ့်မည်)

စက္ကူဖြူစာတမ်းကို လက်ခံပါက ဖြစ်လာနိုင်သည်မှာ ပြည်တွင်းတွင် ကိုလိုနီအစိုးရကို ဆန့်ကျင်သည့် ကွန်မြူနစ်များ ပုန်ကန်ထကြွလာမည်။  ထိုသို့ဆိုပါလျှင် စစ်အေးတိုက်ပွဲကြီး၏ စစ်မက်များထဲ မြန်မာပြည် ပါဝင်ရပေအုံးမည်။ မှန်းဆကြည့်နိုင်သည်မှာ ယင်းစာတမ်းအရ “မြန်မာပြည်မ”နှင့် “ချွင်းချန်နယ်မြေများ” (ရှမ်းနှင့် ကရင်နီ နယ်မြေများ၊ ချင်း၊ကရင်နှင့် ကချင်တောင်တန်းဒေသများ) အကြား ဆက်ဆံရေး မည်သို့မည်ပုံ စခန်းသွားလိမ့်မည်ကိုပင် ဖြစ်သည်။

ဖော်ပြပါပုံမှာ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ရန်ကုန်ကို ပြန်လည်သိမ်းပိုက်နိုင်ပြီး များမကြာမီ အမှတ် ၁၄ တပ်မတော်၏ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆာဝီလီယံစလင်း (Sir William Slim)၊ ဒုတိယလေတပ်ဦးစီးချုပ် ဗင်းဆင့် (Vincent) နှင့် ဗိုလ်ချုပ် ချိန်ဘားစ် (Chambers) တို့ကို အစိုးရအိမ်တော်ရှေ့တွင် တွေ့ရပုံ ဖြစ်သည်။

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်