အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်သိ့ု လာရောက်သော ပထမဦးဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
event_note ခေတ်ကာလများပြပုံ

၁၉၅၅

မြန်မာပြည်သိ့ု လာရောက်သော ပထမဦးဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှာ စစ်အေးတိုက်ပွဲအတွက် အမေရိကန်မူဝါဒများကို ပုံဖော်အသက်သွင်းသူကြီး ဂျွန်ဖောစတာဒဲလက်စ် (John Foster Dulles) ဖြစ်သည်။ ၁၉၅၅ ခုနှစ်က လာရောက်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က အသစ်ဖွဲ့စည်းလိုက်သော အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO – South East Asian Treaty Organization) အတွင်းသို့ ဦးနုအစိုးရ ပါဝင်ရန် လာရောက်ဆွဲဆောင်ခြင်း ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေးအရ အလွန်ရင်းနှီးနေသည်တော့ မဟုတ်ပါ။ တစ်နိုင်ငံအကြောင်း တစ်နိုင်ငံ သေချာ မသိရှိကြပေ။ ဖဆပလအစိုးရ လက်ဝဲဘက်ဝါဒီသို့ ယိမ်းယိုင်သွားမည် သို့မဟုတ် မြန်မာပြည် ကွန်မြူနစ်များ၏ အုပ်ချုပ်မှုအောက် ရောက်သွားမည်ကို အမေရိကန်တို့က စိုးရိမ်နေခဲ့ကြသည်။ မြန်မာတို့ကမူ ရှမ်းပြည်ကို ကျူးကျော်ဝင်ရောက်လာပြီး သံလွင်မြစ် အရှေ့ဘက် ဒေသ တော်တော်များများကို သိမ်းပိုက်ထားသော တရုတ်ကူမင်တန်ဗိုလ်ချုပ် လိမီ (Li Mi) ကို အမေရိကန်တို့က ထောက်ပံ့ကူညီမှုများပေးသည့်အတွက် အတော် မကျေမနပ်ဖြစ်နေကြသည်။ ၁၉၅၅ ခုနှစ်တွင် အမေရိကန်တို့ဘက်မှ ထောက်ပံ့ခြင်းကို လျှော့ချလိုက်ပြီဖြစ်သော်လည်း မြန်မာတို့က အမေရိကန်တို့၏ ရည်ရွယ်ချက်ကို သံသယမကင်း ဖြစ်ဆဲပင်။ ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒဲလက်စ်၏ မြန်မာပြည်ခရီးစဉ်အပြီး မကြာ ထိုနှစ် နွေရာသီတွင် အမေရိကန်ပြည်ထောင်စုသို့ ဦးနု နှစ်ပတ်ကြာ သွားရောက်လည်ပတ်ခဲ့သည်။ ထိုသို့ဖြင့် အမေရိကန်-မြန်မာ ဆက်ဆံရေးများသည် ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းများတွင် ကောင်းမွန်လာခဲ့ပြီး ၁၉၆၂ ခုနစ် အာဏာသိမ်းသည့ အချိန်ထိ တည်မြဲခဲ့သည်။ ဓာတ်ပုံမှာ ဂျွန်ဖောစတာဒဲလက်စ်နှင့် သမ္မတ ဦးဘဦးတို့ကို အစိုးရအိမ်တော်တွင် မြင်ရပုံ ဖြစ်သည်။

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်