အမေ့ခံအတိတ်
အမေ့ခံအတိတ်
အင်္ဂလိပ်လက်အောက်မှ မဏိပူရပြည်
event_note ခေတ်ကာလများပြပုံ

၁၈၉၀ - ၁၈၉၁

အင်္ဂလိပ်လက်အောက်မှ မဏိပူရပြည်

room India

Read in English

၁၈၉၁ ခုနစ်က အင်္ဂလိပ်-မဏိပူရ စစ်ပွဲ အပြီးတွင် မဏိပူရဥပရာဇာ တိခန်ဒရာဂျိဆင်း (Yuwaraj Tikendrajit Singh) ကို ဗြိတိသျှတို့ ဖမ်းဆီးလိုက်သည်။

၁၈၉၀ ပြည့်နှစ်က စတင်ကာ တိခန်ဒရာဂျိသည် မဏိပူရ၏ စစ်သေနာပတိချုပ်နှင့် အုပ်ချုပ်သူ ဖြစ်ခဲ့ပြီး နောင်တစ်နှစ်ခန့် အကြာတွင် ဗြိတိသျှတို့က သိမ်းပိုက်လိုက်အခါမှသာ အရာကျသွားခဲ့သည်။

မဏိပူရ (မြန်မာတို့က ကသည်းဟု ခေါ်ဝေါ်ကြသည်။) သည် ၁၆၉၀ ပြည့်နှစ်က အာဏာရလာသူ တော်ဝင်မိသားစု အုပ်ချုပ်သော လွတ်လပ်သည့် မင်းနေပြည် ဖြစ်သည်။ ၁၇၂၅ နှင့် ၁၇၄၉ ခုနစ်များတွင် မဏိပူရကသည်းများသည် ဟိန္ဒူဘုရင် ဂါရစ်နီဝါ (Garib Newaz) ၏ ဦးဆောင်မှုဖြင့် ယနေ့ခေတ် စစ်ကိုင်းတိုင်းဒေသကြီး တည်ရှိရာ ဒေသများထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထိုသို့ သိမ်းပိုက်ထားနိုင်ခြင်းသည် ၁၇၅၂ ခုနစ်က တောင်ငူမင်းဆက် ပျက်သုဉ်းစေသည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။

မဏိပူရ ဘာသာစကားသည် တိဘက်တို-ဘာမန် ဘာသာစကား အုပ်စုထဲမှ ကူကီ-ချင်း နှင့် နာဂစကားတို့နှင့် ဆက်နွယ်နေသည်။

မြန်မာဘုရင် ဘကြီးတော်မင်းသည် ၁၈၁၉ ခုနစ်တွင် မဏိပူရကို သိမ်းပိုက်ခဲ့ပြီးနောက် မဏိပူရကသည်းတို့က “ဖွတ်ဖွတ်ညက်ညက်ကြေသည့် ခုနစ်နှစ်တာ” (၎င်းတို့ဘာသာစကားဖြင့် chichi taret khuntakpa) ဟု ခေါ်ဆိုသော ကာလများကို ရောက်ရှိသွားခဲ့သည်။

မဏိပူရမှ ဖမ်းဆီးရမိသော ထောင်ချီသော သုံ့ပန်းများသည် အင်းဝ-အမရပူရဒေသများတွင် အခြေချ နေထိုင်ခဲ့ကြရာ သူတို့၏ မျိုးဆက်များကို ယနေ့တိုင် တွေ့နိုင်ပါသည်။ ကုန်းဘောင်ခေတ်က ဖွဲ့စည်းခဲ့သည့် ကသည်းမြင်းတပ်တွင်လည်း ကသည်းရာချီ တာဝန်ထမ်းဆောင်ခဲ့သည်။ မဏိပူရ ဗြဟ္မဏ ပုဏ္ဏားများသည် ဘုရင်၏ လွှတ်တော်တွင် ဟိန္ဒူရိုးရာ အစီအရင်များ ဆောင်ရွက်ရန်နှင့် အကြံဉာဏ်ပေးရန် ရာထူးများ ပေးအပ်ခံခဲ့ရသည်။

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အဆုံးသတ်သွားစေသည့် ရန္တပိုစာချုပ် (၁၈၂၆) အရ မြန်မာဘက်က မဏိပူရနယ်ကို စွန့်လွှတ်ရန်နှင့် နောင်တွင် မဏိပူရနယ် အရေးကို ဝင်မစွက်ဖက်ရန် သဘောတူခဲ့သည်။

၁၈၂၆ ခုနစ်တွင် ဗြိတိသျှတို့သည် မဏိပူရကို မိမိတို့ လက်အောက်ခံပြည်နယ် အဖြစ် သတ်မှတ်လိုက်သည်။ ဘုရင်အသစ် (ဂမ်ဘီယာဆင်း - Gambia Singh) ကို တင်မြှောက်ခဲ့သည်။ ထိုမှ နောင်အနှစ် ၇၀ ခန့် အကြာတွင် မဏိပူရနယ်အပေါ် ဗြိတိသျှတို့၏ ထိန်းချုပ်မှုသည် တဖြည်းဖြည်း တိုးမြင့်လာခဲ့သည်။ များမကြာမီ အာသံနယ်မှ ကော်မရှင်နာမင်းကြီးထံ တိုက်ရိုက် အစီရင်ခံစေသည့် ဗြိတိသျှ နိုင်ငံရေး ကိုယ်စားလှယ် တစ်ဦးကို မြို့တော် အင်ဖါတွင် ခန့်အပ်ထားရှိခဲ့သည်။

၁၈၉၁ ခုနစ်တွင် ဗြိတိသျှတို့သည် ထီးနန်းဆက်ခံခြင်းတွင် ဝင်ရောက်စွက်ဖက်ရာ မဏိပူရကသည်းတို့က ဆန့်ကျင်ကြလေသည်။ ဗြိတိသျှတို့က ပါဝင်စွက်ဖက်မှုကို ဆန့်ကျင်သူများ၏ ခေါင်းဆောင်မှာ ဘုရင်၏ နောင်တော် ဖြစ်သူ တိခန်ဒရာဂျိဆင်း ဖြစ်သည်။

ဗြိတိသျှတို့က ကော်မရှင်နာမင်းကြီး ဂျိမ်းစ်ဝေါလေ့စ်ကွင်တန် (James Wallace Quinton) ကို စေလွှတ်ခဲ့သည်။ ၁၈၉၁ ခုနစ် မတ်လ ၂၂ ရက်နေ့တွင် မဏိပူရသားတို့က နိုင်ငံရေး ကိုယ်စားလှယ် ဖရန့်စိန့်ကလဲဂရင်းဝု (Frank St Clair Grimwood) ကို လှံဖြင့် ထိုးသတ်လိုက်သည်။ မစ္စတာကွင်တန်နှင့် အခြား ဗြိတိသျှ အရာရှိ သုံးဦးကိုလည်း ခေါင်းဖြတ်ကာ အစိတ်စိတ် အပိုင်းပိုင်း ခုတ်ဖြတ်သတ်လိုက်သည်။

ထိုအခါ ဗြိတိသျှတို့က အင်အားသုံးပြီး တုံ့ပြန်ခဲ့သည်။  စီချာ (Silchar)၊ ကိုဟီမာ (Kohima) နှင့် တမူး (မြန်မာပြည်ဘက်မှ) မှ တပ်များကိုသုံးကာ ပြန်လည်တုံ့ပြန်ခဲ့သည်။ ဤသည်မှာ ၁၈၉၁ ခုနစ် အင်္ဂလိပ်-မဏိပူရ စစ်ပွဲ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ၁၈၅၇ ခုနှစ် တော်လှန်ရေး အပြီး ဗြိတိသျှတို့ကို အကြီးအကျယ် ဆန့်ကျင်ခဲ့သည့် တစ်ခုတည်းသော တော်လှန်မှု ဖြစ်သည်။

တစ်လအတွင်းပင် ဗြိတိသျှတို့ အောင်ပွဲရရှိကာ စစ်ပြီးဆုံးသွားခဲ့သည်။ မဟာရာဇာ ကုလချန်ဒရာဆင်း (Maharaja Kulachandra Singh) ကို အန်ဒမန်ကျွန်းရှိ အကျဉ်းထောင်သို့ တစ်သက်တစ်ကျွန်း ချခဲ့သည်မှာ ကွယ်လွန်သွားခဲ့သည့် အချိန် ၁၉၃၄ ခုနစ် အထိပင် ဖြစ်သည်။ မင်းသား တိခန်ဒရာဂျိဆင်းနှင့် အပေါင်းအပါများကို အင်ဖာမြို့တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။ ငါးနှစ်သား မင်းသားငယ် ချူရာချန်ဒရာဆင်း (Churachandra Singh) ကို နန်းတင်ခဲ့သည်။

ဤသို့ဖြင့် မဏိပူရပြည်သည် မင်းသား အုပ်ချုပ်သည့် ပြည်နယ် အဖြစ်ဖြင့် ဗြိတိသျှ အိန္ဒိယအင်ပါယာကြီးထဲတွင် အတင်းအဓမ္မ သွတ်သွင်းခံခဲ့ရသည်။

(ဓါတ်ပုံမှာ ၁၈၉၁ ခုနစ် မတိုင်မီက တိခန်ဒရာဂျိဆင်း၏ ပုံဖြစ်ပါသည်။ ပုံထဲတွင် ယင်းအား Jubaraj (မြန်မာအခေါ် ဥပရာဇာ သို့မဟုတ် မင်းသား) ဟု ဖော်ပြထားသည်။


မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်