အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာနိုင်ငံနှင့် ၁၉၁၈-၁၉၂၀ စပိန်တုပ်ကွေး
ပထမကမ္ဘာစစ်အတွင်းက မြန်မာစစ်သားများ
ပထမကမ္ဘာစစ်အတွင်းက မြန်မာစစ်သားများ

ကပ်ရောဂါ ကာလက ဂျပန်ကျောင်းသားလေးများ
ကပ်ရောဂါ ကာလက ဂျပန်ကျောင်းသားလေးများ

ကန်ဆက်စ်ဒေသတွင် ရောဂါပိုး ကူးစက်ခံရသော အမေရိကန် စစ်သားများ
ကန်ဆက်စ်ဒေသတွင် ရောဂါပိုး ကူးစက်ခံရသော အမေရိကန် စစ်သားများ

ဦးထွန်းရှိန်ကို ဦးပု၊ ဦးဘဘေတို့နှင်အတူ တွေ့ရစဥ်
ဦးထွန်းရှိန်ကို ဦးပု၊ ဦးဘဘေတို့နှင်အတူ တွေ့ရစဥ်

event_note ခေတ်ကာလများပြပုံ

၁၉၁၈ - ၁၉၂၀

မြန်မာနိုင်ငံနှင့် ၁၉၁၈-၁၉၂၀ စပိန်တုပ်ကွေး

Read in English

၁၉၁၀ ပြည့်နှစ်များ၏ နောက်ဆုံးပိုင်းနှစ်များတွင် မြန်မာနိုင်ငံသည် ကြီးမားသော နိုင်ငံရေး အပြောင်းအလဲများနှင့် အငြင်းအခုံများ ဖြစ်ပွားရာ အချိန်သမယသို့ ရောက်ရှိနေခဲ့သည်။ ပထမကမ္ဘာစစ်ကြီးသည် ၁၉၁၈ ခုနှစ်တွင် အဆုံးသတ်သွားခဲ့ပြီး ထိုနှစ်နှောင်းပိုင်းတွင် ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံကို အကန့်အသတ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်နေခဲ့သော်လည်း လန်ဒန်က မြန်မာပြည်ကို မကြာမီ လာမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမှုမှ ထိန်ချန်ထားရန် ဆုံးဖြတ်လိုက်သည်။ မြန်မာတို့ အမျက်ချောင်းချောင်း ထွက်ကြသည်။ ၁၉၂၀ ပြည့်နှစ်သို့ ရောက်သောအခါ မဟတ္တမဂန္ဒီ၏ အိန္ဒိယ အမျိုးသားရေး ကွန်ဂရက်နှင့် အိုင်ယာလန်မှ ဆင်းဖိုင်း (Sinn Fein) တို့ကို အတုယူသည့် အမျိုးသားရေး လှုပ်ရှားမှုသစ် တစ်ခု ပေါ်ထွန်းလာကာ အချိန်တိုအတွင်းပင် အရှိန်ရလာတော့သည်။ ၁၉၂၀ ပြည့်နှစ်နောင်းပိုင်းက တက္ကသိုလ်ကျောင်းသားများ သပိတ် ဖြစ်ပေါ်လာသောအခါ မြန်မာ့နိုင်ငံရေးသည်လည်း အလုံးစုံ ပြောင်းလဲသွားတော့သည်။

ထိုခေတ်ကာလ အကြောင်း ရေးသားပြောဆိုကြရာတွင် ကျန်ခဲ့လေ့ ရှိသည်မှာ ထိုအရာများအားလုံးသည် ကမ္ဘာပေါ်တွင် ကြီးမားလှသော ကူးစက်ရောဂါပိုး ကပ်ဘေးကြီး ဆိုက်ရောက်ချိန်နှင့် တစ်ပြိုင်နက်တည်း ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ၁၉၁၈ ခုနှစ် ဇန်နဝါရီလနှင့် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလကြား ကာလအတွင်း “စပိန်တုပ်ကွေး” ကြောင့် လူသန်းပေါင်း ၅၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။ (ခန့်မှန်းခြေအရ ၁၇ သန်းမှ သန်း ၁၀၀ ထိ သေဆုံးသည်ဟု ဆိုကြသည်။) မြန်မာနိုင်ငံတွင်လည်း လူသိန်းဂဏန်း အသက်ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းရသည်။

စပိန်တုပ်ကွေးသည် ဝက်တုပ်ကွေးပိုး (H1N1) တစ်မျိုး ဖြစ်ပြီး ၂၀ ရာစုအတွင်းက လူအသေအပျောက် အများဆုံး ဖြစ်စေခဲ့သော ကပ်ရောဂါ ဖြစ်သည်။ ထိုရောဂါသည် အမေရိကန်ပြည်ထောင်စုတွင် အစပြုခဲ့သည်ဟု ခန့်မှန်းရသော်လည်း အတိအကျ မသိရပါ။ ၁၉၁၈ ခုနှစ် အစောပိုင်းက အမေရိကန် အနောက်အလယ်ပိုင်း၊ ကန်ဆက်စ်ဒေသရှိ စစ်တန်းလျားများတွင် ဖြစ်ပွားမှုကို အစောဆုံး သိရှိရသည်။ နောင်လာသည့် လအနည်းငယ် အတွင်း ရောဂါပိုးသည် ဥရောပရှိ စစ်မြေပြင်များနှင့် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားတော့သည်။ ဇွန်လတွင် ကူးစက်မှု ပထမလှိုင်းသည် ရန်ကုန်သို့ပင် ရောက်ရှိလာခဲ့သည်။

ကူးစက်မှု ဒုတိယလှိုင်းကမူ ၁၉၁၈ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့ပြီး ပထမလှိုင်းထက်ပင် အသေအပျောက် များစေခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကပ်ရောဂါဒဏ်ကို အလူးအလဲ ခံရပြီး ထိုတုပ်ကွေးကြောင့် သေဆုံးသူ သန်း ၂၀ ခန့်ပင် ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ထိုတုပ်ကွေးကပ်ရောဂါကြောင့် ထိုစဉ်က ကမ္ဘာ့လူဦးရေ၏ ၁ မှ ၂ ရာခိုင်နှုန်းခန့်ပင် အသက်ဆုံးရှုံးခဲ့ရသည်။

ပညာရှင်များ၏ နောက်ဆုံးခန့်မှန်းချက်များ အရ ထိုကပ်ရောဂါကြောင့် ထိုခေတ်ကာလက မြန်မာနိုင်ငံရှိ လူဦးရေ ၁၂ သန်း၏ ၂-၃ ရာခိုင်နှုန်းခန့် သို့မဟုတ် လူလေးသိန်းခန့် သေဆုံးရသည်ဟု ဆိုထားသည်။ (Judith Richell ရေးသားသည့် Disease and Demography in Colonial Burma ကဲ့သို့ စာအုပ်များကို သာဓကပြု ကိုးကားနိုင်ပါသည်။) ၁၉၁၈ ခုနှစ် အစောပိုင်းက ဥရောပတိုက်တွင် ကပ်ရောဂါကို စတင်ရင်ဆိုင်နေရချိန်တွင် ဒေသတွင်း ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ထားခဲ့။ ကပ်ရောဂါ ရောက်ရှိပျံ့နှံ့လာချိန်တွင်မူ အကျိုးသက်ရောက်မှုကို အလူးအလဲ ခံစားခဲ့ကြရသည်။ အိန္ဒိယနိုင်ငံမှ လာသည့် ရွှေ့ပြောင်းနေထိုင်သူများ အပါအဝင် ဆင်းရဲသည့် မြို့နေပြည်သူများ အကြီးအကျယ် ဒုက္ခရောက်သည်။ သာမန် ကျေးလက်နေ ပြည်သူများလည်း အလားတူပင်။ ၁၉၁၈ ခုနှစ်တွင် နိုင်ငံအနှံ့အပြားမှ ဒေသအသီးသီးရှိ စိုက်ပျိုးရေး လုပ်ငန်းများလည်း တန့်သွားကြသည်။ စစ်ပြန်စစ်သား များစွာရှိသည့် ရှေ့တန်းစစ်မျက်နှာများတွင် ဆေးကုသမှု လုံးဝမရှိသလို မည်မျှ သေကျေပျက်စီးကြောင်း မည်သူမှ မသိကြ။

ထိုသို့ အသက်ဆုံးရှုံးရသူ တစ်ဦးမှာ ဦးထွန်းရှိန် ဖြစ်သည်။ ဗုဒ္ဓကလျာဏယုဝ အသင်း၏ ခေါင်းဆောင်တစ်ဦး ဖြစ်သလို ဦးဘဘေ၊ ဦးပုတို့နှင့် အတူ လန်ဒန်သို့ သွားရောက်ကာ မြန်မာနိုင်ငံ၏ အနာဂတ် ဖွဲ့စည်းပုံ အကြောင်း သွားရောက် ဆွေးနွေးခဲ့သူ ဖြစ်သည်။ ကပ်ရောဂါ ကူးစက်မှု အထွတ်အထိပ် ရောက်နေသည့် ၁၉၁၉ ခုနှစ်က ယင်းတို့သည် လန်ဒန်တွင် ခြောက်လ နေထိုင်ခဲ့ကြသည်။

ရန်ကုန်ကို ပြန်ရောက်ပြီး များမကြာမီပင် ဦးထွန်းရှိန် ကွယ်လွန်သွားခဲ့သည်။ သူ၏ ဈာပနအခမ်းအနားမှာ အမျိုးသားရေး လှုပ်ရှားမှု တစ်ခုပင် ဖြစ်ခဲ့သည်။ ဘားမားဖလင် ကုမ္ပဏီသစ် တည်ထောင်သူ ဦးအုန်းမောင်က ထိုဈာပန အခမ်းအနားကို မှတ်တမ်းတင် ရိုက်ကူးယူကာ မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်သတင်းကားအဖြစ် ဖန်တီးနိုင်ခဲ့သည်။ ၁၉၂၀ ခုနှစ်တွင် စီနီမာဒီပဲရစ် (ယခု ဗိုလ်ချုပ်ဈေး နေရာ) တွင် ပြသရာ ရုံပြည့်ရုံလျှံ အားပေးကြသည်။ ထိုသို့ဖြင့် ကပ်ရောဂါကြီးက မြန်မာ့ရုပ်ရှင်လောကကို တံခါးဖွင့်ပေးခဲ့လေတော့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉ ၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်