အမေ့ခံအတိတ်
အမေ့ခံအတိတ်
ယူနန်ပြည်နှင့် မြန်မာနိုင်ငံမှ ပန်းသေးလူမျိုးများ
event_note ခေတ်ကာလများပြပုံ

၁၄၁၃

ယူနန်ပြည်နှင့် မြန်မာနိုင်ငံမှ ပန်းသေးလူမျိုးများ

room China

Read in English

ကမ္ဘာ့သမိုင်းတွင် အထင်ကရဖြစ်သော စွန့်စွန့်စားစား ခရီးသွား နေရာသစ် ရှာဖွေသူ ပုဂ္ဂိုလ်ကြီးများထဲတွင် မြန်မာ-ယူနန်နယ်စပ်မှ လာသော ပန်းသေးမွတ်ဆလင်တစ်ဦး အပါအဝင်ဖြစ်သည်။ ၁၄၁၃ ခုနှစ်က တရုတ်သင်္ဘောများသည် အာဖရိကကမ်းရိုးတန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့သည်။ (အပြန်ခရီးတွင် ယင်းတို့သည် မင် ဧကရာဇ်ကို ဆက်သရန် လက်ဆောင်ပဏ္ဏာများ သယ်ဆောင်သွားကြရာ သစ်ကုလားအုတ် တစ်ကောင်ပင် ပါသေးသည်။) ဤသည်မှာ (၁၅ ရာစု အစောပိုင်းကာလအတွင်း) အလွန် အရေးပါသော ပင်လယ်ခရီးရှည်ကြီး ခုနစ်ခုအနက်မှ စတုတ္ထမြောက် ခရီးဖြစ်ပြီး ရေတပ်ဗိုလ်မှူးအဖြစ် ဧကရာဇ်၏ အပျိုတော်ထိန်းဖြစ်သော ကျန်းဟ (Zheng He)က တာဝန်ယူလိုက်ပါခဲ့လေသည်။ ခရီးစဉ်တိုင်းတွင် သင်္ဘောများ ရာနှင့်ချီ ပါဝင်သော ရေတပ်အင်အားနှင့် သင်္ဘောသား အယောက် သုံးသောင်းခန့် ပါဝင်ခဲ့သည်။ ထိုရေတပ်စုကြီးသည် အင်အားပြစစ်ဆင်ရေးအတွက် အိန္ဒိယသမုဒ္ဒရာကို ကျော်ဖြတ်ကာ စီလုံုမြို့ (Ceylon)၊ ဆိုမာလီယာ (Somalia) သို့ပင် ရောက်ရှိခဲ့ပြီး တရုတ်တို့၏ ကြွယ်ဝချမ်းသာမှုနှင့် တန်ခိုးအာဏာအကြောင်း သတင်းစကားများ ဖြန့်ဝေခဲ့သည်။ အဆိုပါ ရေတပ်ဗိုလ်ဗှူး ကျန်းဟ (မွေးအမည် မာစံဘေ - Ma Sanbao) သည် (တရုတ်တို့ မတိုင်ခင်) ယူနန်ပြည်ကို အုပ်စိုးခဲ့သော ပါးရှားလူမျိုး ဆာရိအာဂျာရှမ်စ် အာဒင်အိုမာ အာလ်ဘူခါရီ (Sayyid Ajjal Shams al-Din Omar al-Bukhari)နှင့် တွတ် တော်စပ်သူ ဖြစ်သည်။ ထိုမိသားစုသည် မြန်မာ-ယူနန်နယ်စပ်ဒေသများကို မျိုးရိုးစဉ်ဆက်များစွာ အုပ်စိုးခဲ့သည်။ ထိုမိသားစုအပါအဝင် အခြားသော ပြောင်းရွှေ့အခြေချနေထိုင်သူ ပါးရှားလူမျိုးများနှင့် တူရကီလူမျိုးများသည် ယူနန်ပြည်ရှိ ဟွေ့လူမျိုး (Hui) သို့မဟုတ် ပန်းသေးလူမျိုးများ၏ ပင်မရင်းမြစ် ဖြစ်သည်။ ယင်းမျိုးဆက်မှ ဆင်းသက်လာသူများသည် ပန်ဆန်း၊ လားရှိုး၊ မေမြို့၊ မန္တလေးနှင့် မြန်မာနိုင်ငံ အနှံ့အပြား သာမက ယူနန်ပြည်နယ်တို့တွင် နေထိုင်လျက် ရှိကြသည်။

အလယ်ခေတ်နှင့် ခေတ်သစ်ဦးကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွှယ်မှုများ (၉၀၀မှ ၁၈၂၄ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်