အမေ့ခံအတိတ်
အမေ့ခံအတိတ်
မိတ္ထီလာတိုက်ပွဲနှင့် မန္တလေးတိုက်ပွဲသည် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များနှင့် ဂျပန်အင်ပါယာအကြား လွန်စွာအရေးပါလှသော တိုက်ပွဲများဖြစ်ကြသည်။
event_note ခေတ်ကာလများပြပုံ

1940s

မိတ္ထီလာတိုက်ပွဲနှင့် မန္တလေးတိုက်ပွဲသည် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များနှင့် ဂျပန်အင်ပါယာအကြား လွန်စွာအရေးပါလှသော တိုက်ပွဲများဖြစ်ကြသည်။

ယခုရက်သတ္တပတ်များအတွင်း မိတ္ထီလာတိုက်ပွဲနှင့် မန္တလေးတိုက်ပွဲတို့၏ ၇၁ နှစ်မြောက် နှစ်ပတ်လည် ကျရောက်သည်။ ယင်းတိုက်ပွဲနှစ်ခုသည် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များနှင့် ဂျပန်အင်ပါယာအကြား လွန်စွာအရေးပါလှသော တိုက်ပွဲများဖြစ်ကြသည်။ မြန်မာ့သမိုင်းကြောင်း ရှေးရှုရာကိုလည်း ပြောင်းလဲသွားစေခဲ့သော တိုက်ပွဲများဖြစ်သည်။ ၁၉ ၄၃ ခုနှစ် နိုဝင်ဘာလတွင် ကိုင်ရို၌ အသစ်ဖွဲ့စည်းလိုက်သည့် “ကုလသမဂ္ဂ”၏ ခေါင်းဆောင်များဖြစ်သော ဖရန်ကလင်းဒီရိုစဘက် (Franklin D. Roosevelt)၊ ဝင်စတန်ချာချေးလ် (Winston Churchill)၊ ချန်ကေရှိတ် (Chang Kai-shek) တို့သည် မြန်မာပြည်ကို ကျည်းကြောင်းမှ ထိုးဖောက်ဝင်ရောက်ရန် သဘောတူလိုက်ကြသည်။ အိန္ဒိယနှင့်တရုတ်အကြား ဆက်နွယ်မှုကို နဂိုအတိုင်း ပြန်လည်တည်ရှိစေရန်အတွက် ဖြစ်သည်။ ၁၉ ၄၄ ခုနှစ် ဇွန်လ၌ ဖြစ်ပွားသော ကိုဟီမားတိုက်ပွဲနှင့် အင်ဖာတိုက်ပွဲတို့တွင် မဟာမိတ်တပ်ဖွဲ့များသည် ဂျပန်တို့အား အပြတ်အသတ် အနိုင်ရသည်။ (ယင်းစစ်ပွဲများကို အာရှ၏ စတာလင်ဂရက်တိုက်ပွဲကြီးဟု ဆိုကြသည်။) ပြီးနောက် အမှတ် ၁၄ ဗြိတိသျှစစ်တပ်သည် ချင်းတွင်းမြစ်ဝှမ်းဒေသဆီသို့ ချီတက်လာသည်။ အဆိုပါစစ်တပ်တွင် အိန္ဒိယ၊ ဗြိတိသျှ၊ အာဖရိကန်၊ ဂေါ်ရခါးနှင့် အခြားတပ်စုများ ပါဝင်ပြီး ၁၉ ၄၄ ခုနှစ် အကုန်ပိုင်းတွင် စုစုပေါင်း စစ်သားဦးရေ တစ်သန်းကျော်ရှိနေခဲ့သည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဓနသဟာယ စစ်အင်အားဖြစ်ခဲ့သည်။ ထို့နောက် မဟာမိတ်တပ်များသည် ဧရာဝတီမြစ်ကို ဖြတ်ကျော်ရန် စီစဉ်ရတော့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း တစ်ဖက်ကမ်းသို့ ကူးဖြတ်ခဲ့ရသမျှ မြစ်များအားလုံးထဲတွင် အရှည်လျားဆုံးမှာ ဧရာဝတီမြစ် ဖြစ်နိုင်ပါသည်။ ၁၉ ၄၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တင့်ကားအစီး ၁၀၀ ကျော်ပါဝင်သော ဗြိတိသျှ အိန္ဒိယ ယာဉ်တင်တပ်ရင်းများသည် ပခုက္ကူ-ညောင်ဦးမှ ဧရာဝတီမြစ်ကို ဖြတ်သန်းကာ မိတ္ထီလာသို့ တောက်လျှောက် ချီတက်လာသည်။ ဤသည်မှာ ဂျပန်တို့ကို လုံးဝအငိုက်မိသွားစေသည့် ခြေလှမ်းဖြစ်သည်။ အင်ဖာနှင့် ကိုဟီမာတွင် စစ်သား ငါးသောင်းငါးထောင် ကျခဲ့ပြီးဖြစ်သည့် ဗိုလ်ချုပ်ကြီး ခိမုရာ ဟိတာရိုလက်အောက်ရှိ မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော်သည် မဟာမိတ်တပ်များ မန္တလေးအနီး မြောက်ဘက် ခပ်လှမ်းလှမ်းမှ ထိုးစစ်ဆင်လိမ့်မည်ဟု မှန်းဆထားခဲ့သည်။ ရာဇဝင်တွင်သော စစ်ရေးဆက်သွယ်မှု မအောင်မြင်ခဲ့သည့် အဖြစ်အပျက်တစ်ခုမှာ ပုပ္ပါးတောင်ရှိ ဂျပန်အရာရှိသည် မဟာမိတ်ယာဉ် အစီးရေ ၂၀၀၀ မိတ္ထီလာသို့ ဦးတည်၍ မောင်းနှင်လာနေကြောင်းကို အရေးကြီး သတိပေးချက် ပေးပို့ခဲ့သည်။ သို့သော် မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော်၏ ဌာနချုပ်က တကယ်တမ်း အစီး ၂၀၀ ကို မှားယွင်းပြီး အချက်ပြခြင်းဟု ယူဆလိုက်လေသည်။ မတ်လ ၅ ရက်နေ့တွင် အမှတ် ၁၇ အိန္ဒိယတပ်မနှင့် အမှတ် ၂၅၅ အိန္ဒိယ သံချပ်ကာတပ်မဟာ လက်အောက်သို့ မိတ္ထီလာ ကျရောက်သည်။ (အဆိုပါ သံချပ်ကာတပ်သည် အမှတ် ၁၄ ဗြိတိသျှစစ်တပ်လက်အောက် ဗိုလ်ချုပ်ကြီး ဖရန့် မက်ဆာဗီ ခေါင်းဆောင်သော အမှတ် ၄ တပ်မကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်) မိတ္ထီလာတိုက်ပွဲသည် မြန်မာ့ရာဇဝင်တလျှောက် အဓိကကျသည့် တစ်ခုတည်းသော တင့်ကားတိုက်ပွဲကြီးဖြစ်သည်။ ဂျပန်တို့ဘက်မှလည်း အပြင်းအထန် ခုခံတိုက်ခိုက်သည်။ သို့သော် မတ်လအကုန်ပိုင်းတွင် တောင်ဘက်သို့ ဆုတ်ခွာသွားရတော့သည်။ ထိုအခိုက် မဟာမိတ်တပ်များသည် မန္တလေးကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ (မန္တလေးတိုက်ပွဲအကြောင်း နောက်အပတ်တွင် ဖော်ပြပါမည်) မဟာမိတ်တပ်များ၏ ကျည်းတပ်နှင့် B-25 မစ်ချယ်လ် ဗုံးကြဲလေယာဉ်များ ပါဝင်သည့် လေတပ်တို့မှာ အင်အားကြီးမားလှသည့်အတွက် ဂျပန်တို့သည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း နန်းမြို့ဟောင်း၏ခံစစ်မှာ အရေးနိမ့်လေသည်။ ထိုစစ်ပွဲနှစ်ခုအတွင်း လူပေါင်း သုံးသောင်း သေကြေ သို့မဟုတ် ဒဏ်ရာရသည်။ (နှစ်ဖက်စလုံး အထိနာခြင်းဖြစ်၏) သည်လိုနှင့် မြန်မာပြည်တွင်း စစ်ပွဲကြီးကို အနိုင်ရလေပြီ။ အမှတ် ၁၄ ဗြိတိသျှစစ်တပ်သည် ရန်ကုန်သို့ ချက်ချင်းပင် ချီတက်ရာ မုတ်သုံမိုး အစပျိုးခါစအချိန်တွင် ရန်ကုန်ကို သိမ်းနိုင်ခဲ့သည်။ အခြားနေရာများတွင်လည်း ဝင်ရိုးတန်းအင်အားစုများ တပ်ခေါက်နေကြပြီဖြစ်သည်။ မနီလာသည် ဂျပန်တို့လက်အောက်မှ လွတ်မြောက်သည်။ တိုကျို မီးလောင်ဗုံးကြဲခံရသည်။ အီဝူဂျီးမားတိုက်ပွဲတွင် အမေရိကန်တို့ အောင်ပွဲခံသည်။ မဟာမိတ်တပ်များသည် ရိုင်းမြစ်ကို ကျော်ဖြတ်လိုက်ပြီး ဆိုဗီယက်တင့်ကားတပ်များမှာ ဘာလင်နှင့် မလှမ်းမကမ်းတွင် ရောက်ရှိနေလေပြီ။ တစ်လအတွင်း ဂျာမနီ လက်နက်ချသည်။ သုံးလကြာပြီးနောက် ဂျပန် အညံ့ခံသည်။ ၁၉ ၄၅ ခုနှစ် အစောပိုင်းတွင် မိတ္ထီလာနှင့်မန္တလေးကို မဟာမိတ်တပ်များသာ မသိမ်းနိုင်ခဲ့လျှင် မြန်မာပြည်၏ စစ်ပြီးနောက်ပိုင်း သမိုင်းကြောင်းသည် တစ်မျိုးတစ်ဖုံ ဖြစ်သွားပေလိမ့်မည်။ ၁၉ ၄၅ ခုနှစ် သြဂုတ်လ လက်နက်ချချိန်တွင် ရန်ကုန်သည် ဂျပန်တို့၏လက်အောက်မှာပဲ ရှိနေပေအုံးမည်။ ဗမာ့အမျိုးသားတပ်မတော်၏ ဘက်ပြောင်းမည့် ခြေလှမ်းမှန်သမျှကို အမှတ် ၁၄ ဗြိတိသျှစစ်တပ်က လက်ခံလိမ့်မည် မဟုတ်ချေ။ ဗမာ့အမျိုးသားတပ်မတော်၏ ခေါင်းဆောင်ပိုင်း အကျဉ်းချခံရမည်မှာ သေချာသလောက်ရှိသည်။ သစ္စာဖောက် ပုန်ကုန်မှုဖြင့် ကြိုးပေးခံရကောင်း ခံရနိုင်သည်။ ၁၉ ၄၅ ခုနှစ် မေလ စက္ကူဖြူစီမံကိန်းအတိုင်း စစ်ကြီးပြီးနောက် မြန်မာပြည်အစီအစဉ်များကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့မပါဝင်ဘဲ ဗြိတိသျှတို့ဘာသာ ပြဌာန်းရန် ကြိုးပမ်းကြပေလိမ့်သည်။ နောက်ဘာဆက်ဖြစ်နိုင်သည် အတိအကျမှာ တစ်ဦးတစ်ယောက်စီ၏ မှန်းဆချက်သာဖြစ်ပါသည်။ (ဤအကြောင်းကို မကြာမီတွင် ဖော်ပြပါအုံးမည်) အောက်ဖော်ပြပါပုံမှာ ၁၉ ၄၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် မန္တလေးမြို့ တောင်အရပ်၌ ရောက်ရှိနေသော အလတ်စားအရွယ် (Lee) တင့်ကား၏ ဓာတ်ပုံဖြစ်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်