အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဒီမိုကရေစီ ကျဆုံးသောနေ့

event_note ခေတ်ကာလများပြပုံ

၂ မတ် ၁၉၆၂

ဒီမိုကရေစီ ကျဆုံးသောနေ့

room Myanmar

people ဦးနု President Mahn Win Maung General Ne Win President Sao Shwe Theik Sao Myee Myee

Read in English

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မနက် ၂ နာရီခန့်တွင် အတွင်းဝန်များရုံး၊ ဝင်ဒါမီယာအိမ်၊ ဟယ်လ်ပင်လမ်းမှ ဧည့်ဂေဟာနှင့် အခြား အရေးပါသော အစိုးရရုံးများကို မြန်မာ့တပ်မတော် သိမ်းသည်။ တစ်ရက်အတွင်း သမ္မတကြီး မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနု၊ အစိုးရအဖွဲ့ဝင်များနှင့် ရှမ်းစော်ဘွားများ အပါအဝင် ကျန်နိုင်ငံရေး ခေါင်းဆောင်များလည်း အထိန်းသိမ်းခံရသည်။ အရုဏ်မတက်မီပင် ကုက္ကိုင်းလမ်းမှ သမ္မတကြီး စဝ်ရွှေသိုက် နေအိမ်ကို ထိန်းသိမ်းစဉ် သမ္မတကြီး၏ ၁၇ နှစ် အရွယ် သားဖြစ်သူ စဝ်မြဲမြဲလည်း အသတ်ခံလိုက်ရသည်။ မနက် ၈ နာရီ ၂၅ မိနစ်တွင် ဗမာ့အသံ ရေဒီယို (Burma Broadcasting Service) မှ ဗိုလ်ချုပ်နေဝင်းက “တိုင်းပြည်၏ ဆိုးဝါးသော အခြေအနေကို ထိန်းသိမ်းရန် အလို့ငှာ” စစ်တပ်မှ အာဏာသိမ်းကြောင်း ကြေငြာသည်။ ထိုမနက်မှာပင် သူသည် စစ်ရုံးတွင် သူကိုယ်တိုင် ဥက္ကဌ အမည်ခံဖြင့် တော်လှန်ရေးကောင်စီ ဖွဲ့စည်းလိုက်သည်။ မြန်မာပြည်သည် ထိုစဉ်က ဒေသတွင်း၌ ပြေလည်နေသော နိုင်ငံများထဲတွင် ပါဝင်ပြီး တစ်ဦးချင်းဝင်ငွေသည် အင်ဒိုနီးရှားထက် သုံးဆ၊ ထိုင်းနိုင်ငံထက် နှစ်ဆနှင့် တောင်ကိုရီးယားနှင့် တန်းတူခန့်ပင် ရှိခဲ့သည်။ နောက်ဆယ်စုနှစ်များတွင် မြန်မာပြည်သူပြည်သားများမှာ အခြေခံ လွတ်လပ်ခွင့်များကို လက်လွတ်လိုက်ရခြင်းမှ ပြန်လည်ရရှိသည့်အရာ မရှိသလောက်ပင်။ တကယ်တမ်းပြောရလျှင်တော့ ထိုကာလမှာ အာရှနိုင်ငံအတော်များများ အာဏာရှင်စနစ် တစ်မျိုးမဟုတ် တစ်မျိုးနှင့် ကြုံတွေ့နေရချိန် ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် မဟာခုန်ပျံကျော်လွှားရေး (Great Leap Forward) ကာလအတွင်း လူသန်းချီ သေဆုံးခဲ့ပြီး နောက်ပိုင်း ဖြစ်ပွားသော ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်းလည်း လူအသက်ပေါင်းများစွာ ထပ်မံ သေဆုံးခဲ့သည်။ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့က စစ်ဖြစ်နေသည့်အချိန်ဖြစ်၏။ နောင်သုံးနှစ်အကြာတွင် အင်ဒိုနီးရှားတပ်မတော်သည် ရက်စက်ကြမ်းကြုတ်စွာဖြင့် အာဏာသိမ်းခဲ့ပြန်သည်။ ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ စစ်အုပ်ချုပ်ရေးအောက်တွင် ရောက်နေပြီးသား ဖြစ်၏။ မြန်မာနိုင်ငံသည်လည်း ၁၉၄၈-၄၉ ခုနစ် ဝန်းကျင်က စတင်ခဲ့သော ကွန်မြူနစ်သူပုန်များ၊ မူဂျာဟစ်ဒင်နှင့် ကရင်လက်နက်ကိုင်များမှ စကာ လက်နက်ကိုင်တော်လှန်းရေးအဖွဲ့များစွာနှင့် ရင်ဆိုင်နေရသည်။ ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ ပြည့်နှစ်များတွင် ပြည်ပမှ အင်အားစုများကလည်း ပြည်တွင်းစစ်ကို လောင်စာထိုးနေခဲ့ကြသည်။ အာဏာရှင်စနစ်နှင့် လက်နက်ကိုင် ပဋိပက္ခများသည် ၁၉၆၀ ခုနစ်ဝန်းကျင် အာရှတိုက် အတွက် မထူးဆန်းလှသော်လည်း တော်လှန်ရေးကောင်စီ၏ တံခါးပိတ်မူဝါဒများမှာ ကွန်မြူနစ်နိုင်ငံများ အကြားတွင် ထူးခြားချက် ဖြစ်သည်။ ထိုမူဝါဒများသည် စီးပွားရေး ဖွံ့ဖြိုးစေမည့် အခွင့်အလမ်းမှန်သမျှကို ဖျက်ဆီးခဲ့သည်။ ပို၍ ဆိုးရွားသည်မှာ ထိုမူဝါဒများသည် ဒေသတွင်း ထိပ်တန်းဖြစ်နေသည့် ပညာရေး စနစ်ကို ရိုက်ချိုးပစ်ခဲ့ရာ နောက်ဆက်တွဲ အကျိုးဆက်များကို ယနေ့တိုင်ခံစားနေရဆဲ ဖြစ်ပေသည်။ ဓာတ်ပုံမှာ ရှာဖရာ့စ်လမ်း (ဘဏ်လမ်း) ပေါ်တွင် နေရာယူထားသော တပ်ဖွဲ့များ ဖြစ်ပြီး နောင်နှစ်ရက်အကြာတွင် တရားရုံးသစ် (ထိုစဉ်က လူမျိုးု လွှတ်တော်များနှင့် အထက်လွှတ်တော်) ကို ဝင်ရောက် ထိန်းသိမ်းခဲ့သည်။ ဘယ်လ်သာဇာ အဆောက်အဦ (Balthazar Building - ယခင် Siemens ရုံးဟောင်း) မှာ ပထမပုံ ညာဘက်တွင် မြင်ရသော အုတ်နီအဆောက်အဦ ဖြစ်သည်။

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉ ၆၂ - ၂ ၀၁၈) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်