အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်ကို ဂျပန်တွေ ရန်မှ ခုခံပေးခဲ့သည် “ကျားပျံများ”
event_note ခေတ်ကာလများပြပုံ

ဒီဇင်ဘာ ၁၉၄၁

ရန်ကုန်ကို ဂျပန်တွေ ရန်မှ ခုခံပေးခဲ့သည် “ကျားပျံများ”

Read in English

ရန်ကုန်မြို့ကို ဂျပန်တို့ရန်မှ ကာကွယ်ရန်အတွက် ၁၉ ၄၁ ခုနှစ် ဒီဇင်ဘာလတွင် မင်္ဂလာဒုံလေဆိပ်သို့ “ကျားပျံများ” “Flying Tigers” ရောက်ရှိလာခဲ့သည်။ ပထမဦးဆုံးသော အမေရိကန်စေတနာ့ဝန်ထမ်း တပ်ဖွဲ့ကို ကျားပျံများဟု လူသိများသည်။ ကျားပျံများဆိုသည်မှာ တရုတ်ပြည်ကို အကူအညီပေးရန်နှင့် မြန်မာလမ်းမကြီးကို ကာကွယ်ရန် သမ္မတ ရိုစဗက်(Roosevelt)မှ လုပ်ပိုင်ခွင့်လွှဲအပ်ထားသော အမေရိကန်လေတပ်စစ်သည်များ ဖြစ်ကြသည်။ ထိုအချိန်က အမေရိကန်သည် ဂျပန်နှင့် စစ်မက်ဖြစ်ပွားနေခြင်းမရှိသည့်အလျောက် ကျားပျံအဖွဲ့မှာ လျှို့ဝှက်စစ်ဆင်ရေးတစ်ခု ဖြစ်ခဲ့သည်။ ကျားပျံများသည် ဗိုလ်ချုပ်ကြီးဟောင်း ကလဲချန်နော့ဒ် (Claire Chennault) လက်အောက်တွင် ရှိခဲ့ပြီး နောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် ချန်ကေရှိတ်လက်အောက်တွင် ရှိသည်ဟု ဆိုနိုင်ပေသည်။ ကျားပျံ လေယာဉ်အုပ် သုံးဖွဲ့ရှိရာ မင်္ဂလာဒုံရှိ လေယာဉ်အုပ်မှာ တတိယမြောက်တပ်ဖွဲ့ - ငရဲပြည်မှ နတ်သားလေးများ (Hell’s Angels) ဖြစ်သည်။ အမေရိကန် ကြည်းတပ်၊ရေတပ်တို့မှ တပ်သားများဖြင့် ဖွဲ့စည်းထားသည်။ အကြီးတန်းအရာရှိ “Scarsdale Jack" Newkirk အပါအဝင် ထိုတပ်ဖွဲ့မှ လေတပ်စစ်သားများစွာကို သူတို့သောက်နေကျ ဘုံဆိုင်ဖြစ်သည့် ဘားလမ်းရှိ ဆေးလ်ဗားဂရေးလ် (Silver Grill)တွင် ညနေတိုင်း တွေ့ရတတ်သည်။ ဗြိတိသျှတို့သည် ဂျပန်တပ်များ ရန်ကုန်ကို ဒီဇင်ဘာလတွင် ဗုံးကြဲတိုက်ခိုက်ခြင်း၊ နောက်ဆက်တွဲ ကုန်းကြောင်းမှ ထိုးဖောက်ဝင်ရောက်လာခြင်းတို့အတွက် မည်သည်မျှ ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။ (ဗုံးဒဏ်ကြောင့် ရန်ကုန်မြို့ထဲတွင် ပြည်သူ နှစ်ထောင်ကျော် သေဆုံးခဲ့သည်။) စစ်လေကြောင်းအရ တွန်းလှန်ခုခံပေးသူမှာ ကျားပျံများသာ ရှိခဲ့သည်။ ထိုအချိန်မှာ ဝင်ရိုးတန်းအင်အားစု အားအကောင်းဆုံးအချိန်တွင် ဖြစ်၏။ ဂျာမန်တပ်မတော်၏ အင်အား နှစ်သန်းသည် မော်စကိုသို့ ချည်းကပ်လာနေသည်။ တိုက်လေယာဉ်များ သယ်ဆောင်လာသော သဘောၤ ၆ စီးအပါအဝင် ဂျပန်စစ်သင်္ဘော ၃၃ စီးတို့သည် အားနှင့်မာန်နှင့် ပုလဲဆိပ်ကမ်းသို့ ချီတက်နေကြသည်။ ဒုတိယကမ္ဘာစစ်တိုက်ပွဲများအတွင်း မြန်မာပြည် ဆွဲသွင်းခံရမည်ဟု မှန်းဆထားခဲ့သူ အနည်းငယ်သာရှိပါသည်။ သို့သော် စစ်ကြီးကြောင့် တိုင်းပြည်မှာ ပျက်စီးခြင်းအတိသို့ ရောက်ရတော့ပေမည်။ ၁၉ ၄၁ ခုနှစ် နိုဝင်ဘာလကတည်းက (၁၉ ၄၆ ခုနှစ်မှာ ချွင်းချက်ဖြစ်ကောင်းဖြစ်နိုင်) ယနေ့အထိ မြန်မာပြည်တစ်လုံး ငြိမ်းချမ်းသည့်နှစ် တစ်နှစ်မျှပင် မရှိခဲ့သေးပါ။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်