အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာ့ မျိုးရိုးဗီဇသမိုင်းကြာင်း

မြန်မာ့ မျိုးရိုးဗီဇသမိုင်းကြာင်း

Read in English

မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူများ၏ မျိုးရိုးဗီဇသမိုင်းကြောင်းကို စိတ်ဝင်စားမိသည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သုတေသနပြု လေ့လာထားခြင်း မရှိသလောက်ရှားသည်မို့ မည်သည်မှ ဆင်းသက်လာသည်ဟု ရေရေရာရာ မသိရှိရပါ။ ထို့ကြောင့် ကျွန်တော် ၂၀၁၃ နှစ်တွင် အမေရိကန်ပြည်ထောင်စု၌ DNA စစ်ဆေးမှု ခံယူခဲ့သည်။ အဖြေတွင် ဖခင်ဘက် (Y ခရိုမိုစုန်း) မျိုးရိုးဗီဇအုပ်စု (Haplogroup) ရော မိခင်ဘက် (mtDNA) မျိုးရိုးဗီဇအုပ်စု (Haplogroup) ကိုပါ ဖော်ပြထားသည်။ “မြန်မာလူမျိုး”၊ “မြန်မာ” “ဗမာ” စသည်တို့မှာ နောက်ပိုင်းမှပေါ်ပေါက်လာသည် ကိုယ်ပိုင်ဝိသေသလက္ခဏာ သတ်မှတ်ချက်များသာ ဖြစ်သည်။ ကျွန်တော်၏ မိဘများနှင့် နှစ်ဖက်ဘိုးဘွား လေးဦးစလုံးသည် “ဗမာလူမျိုး” “ဗမာ”များ ဖြစ်ကြသည်။ သို့သော် ထိုအချက်ကို ကြည့်ရုံဖြင့် ရှေးမျိုးရိုး အစဉ်အဆက်အကြောင်းနှင့် ပတ်သက်ပြီး သိရှိနိုင်ခြင်း မရှိချေ။ စစ်ဆေးရာ၌ ဖခင်ဘက်မျိုးရိုးဗီဇအုပ်စုမှာ O2a1a ဖြစ်ပြီး မိခင်ဘက်မျိုးရိုးအုပ်စုမှာ M7b1 ဖြစ်ကြောင်း သိရသည်။ ဖော်ပြပါမြေပုံမှာ ဖခင်ဘက်မှ Y ခရိုမိုစုန်းသည် အာရှဒေသတလွှား ပျံ့နှံ့ ခဲ့နိုင်ခြေရှိသည့် ဒေသများကို ဖော်ပြသော မြေပုံဖြစ်သည်။ 
မျိုးရိုးဗီဇအုပ်စုများထဲမှာ "O” မိသားစု၏ မူလရင်းမြစ်သည် လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းခွဲဝန်းကျင် အာရှဒေသမှ အခြေခံသည်။ ထိုမိသားစုမှ ဆင့်ပွားခွဲဖြာလာသည့် O2b မိသားစုများသည် မြောက်ဘက်သိ့ု ရွှေ့ပြောင်းအခြေချခဲ့ပြီး ဂျပန်နှင့်တရုတ်လူမျိုးများ၏ ဘိုးဘေးဘီဘင်များ ဖြစ်လာခဲ့ကြသည်။ ဂျပန်လူမျိုးများ၏ သုံးပုံတစ်ပုံနီးပါးသည် O2b1 မျိုးရိုးဗီဇခွဲမှ ဆင်းသက်လာကြသည်။ O2a မျိုးရိုးဗီဇခွဲသည် အရှေ့တောင်အာရှဒေသတလျှောက် ပျံ့နှံ့သွားပြီး ကမ္ဘောဒီးယားလူမျိုးများ၊ အိန္ဒိယရှိ ခါစီ (Khasi) လူမျိုးစသည့် အစောပိုင်း အောစ့်ထရိုအာရှတစ် (Austroasiatic) လူမျိုးများနှင့် အထူးသဖြင့် ဆက်စပ်နေသည်။
 ထိုမျိုးရိုးဗီဇခွဲကို နီကိုဘာ (Nicobarese) ကျွန်းသားများကဲ့သို့ တစ်သီးတစ်သန့်နေထိုင်သော အော့စ်ထရိုအာရှတစ် (Austroasiatic) လူမျိုးများတွင်လည်း အများအပြား တွေ့ရသည်။ ထို့အပြင် ဟာနီ (Hani) လူမျိုးများကဲ့သို့ ယူနန်ရှိ တိုင် (Tai) လူမျိုးများ၊ တိဗက်- မြန်မာဘာသာစကား ပြောဆိုသူအုပ်စုများတွင်လည်း တွေ့ရှိနိုင်သည့်အတွက် ထိုဘာသာစကားပြောဆိုသူများသည် တစ်စိတ်တစ်ပိုင်းအားဖြင့် အော့စ်ထရို-အာရှတစ် (Austroasiatic) ရှေးခေတ်လူသားများမှ ဆင်းသက်လာသည်ဟု ယူဆရပေသည်။ ထို့ကြောင့် (မြောက်ဘက်မှ ဝင်လာခဲ့နိုင်ဖွယ်ရာ ရှိသော) ကျွန်တော်တို့၏ဘိုးဘေးများသည် မြန်မာဘာသာစကား (Burmese) ကို ရာစုနှစ်အနည်းငယ်ခန့် ပြောကောင်း ပြောနေနိုင်ခဲ့သော်လည်း သူတို့သည် မြန်မာနိုင်ငံအတွင်း နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သူများနှင့် အနည်းငယ်မျှ၊ တစ်စိတ်တစ်ပိုင်းခန့်သာ သွေးသားတော်စပ်ခဲ့ပုံရသည်။ ကျွနု်ပ်၏ မိခင်ဘက်မှ M မိသားစု မျိုးရိုးဗီဇအုပ်စုသည်လည်း လွန်ခဲ့သော နှစ်ပေါင်းခြောက်သန်းခန့် ကာလဝန်းကျင်က အာဖရိကတိုက်ကို စွန့်ခွာပြီး အာရှတိုက်သို့ အစောဆုံးရောက်ရှိလာခဲ့သော လူသားများထဲမှ အစပြုလာသည့် အလွန်ရှေးကျသော မိသားစုတစ်ခုဖြစ်သည်။ အလှမ်းကွာဝေးလှသော သြစတြေးလျတွင် ကနဦးနေထိုင်ခဲ့သော ရှေးခေတ် အဘော်ရီဂျင် (Aborigine) လူမျိုးများ၊ ဆိုက်ဘေးရီးယန်း မူလဒေသခံလူမျိုးများတွင်လည်း ထိုမျိုးရိုးဗီဇအုပ်စုကို တွေ့နိုင်ပေသည်။ M7 မျိုးရိုးဗီဇခွဲကို အရှေ့အာရှတလွှားတွင် တွေ့ရပြီး အလားတူ မျိုးရိုးဗီဇခွဲတစ်ခုသည် ဂျပန်၌ အတော်ပင် ပျံ့နှံ့တည်ရှိနေသည်။ ကျွန်တော့်တွင် ရှိသော M7bi မျိုးရိုးဗီဇခွဲသည် အရှေ့တောင်အာရှပင်မဒေသအချို့နှင့် တရုတ်ပြည်တောင်ပိုင်း မှုံ လူမျိုးများ (Hmong) အကြားတို့တွင် အတွေ့ရများလှသည်။ ထိုဒေသမှ သြစထရိုနီရှန်း (Austronesian) လူမျိုးများ၏ အစောပိုင်းကာလပျံ့နှံ့မှုနှင့် ဆက်စပ်ကောင်း ဆက်စပ်နေနိုင်သည်။ မြန်မာလူမျိုးတို့၏ ရှေးပဝေသဏီအတိတ်ကာလနှင့်ပတ်သက်ပြီး ရှာဖွေဖော်ထုတ်ရန် များစွာကျန်ရှိပါသေးသည်။

သမိုင်းမတွင်မီ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်