အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဒုတိယဗိုလ်ချုပ်ကြီး စလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြား ဆက်ဆံရေး
event_note ခေတ်ကာလများပြပုံ

၁၅ မေ ၁၉၄၅

ဒုတိယဗိုလ်ချုပ်ကြီး စလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြား ဆက်ဆံရေး

Read in English

၁၉၄၅ ခုနှစ် မေလ ၁၅ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် အောင်လံမြို့နေ၍ ဧရာဝတီမြစ်ကို ဖြတ်သန်းသည်။ မေလ ၁၆ ရက်နေ့တွင် မိတ္ထီလာမြို့သို့ လေယာဉ်ဖြင့် ခရီးဆက်ကာ အမှတ် ၁၄ ဗြိတိသျှ တပ်မတော်၏ ဒုတိယဗိုလ်ချုပ်ကြီး ဝီလီယံ စလင်း (Lt. General William Slim)နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ အမှတ် ၁၄ တပ်မတော်သည် ဒုတိယကမ္ဘာစစ်တွင်းက အင်အားအကြီးမားဆုံး ဓနသဟာယစစ်တပ် ဖြစ်သည်။ အိန္ဒိယ၊ အာဖရိကန်၊ ဗြိတိသျှ၊ ဂေါ်ရခါး၊ ဗမာ စသည့်လူမျိုးပေါင်းစုံ ပါသည့် စစ်သားဦးရေ တစ်သန်းမျှ ပါဝင်သော စစ်အင်အားစုကြီးဖြစ်သည်။ မေလ ၁၄ ရက်နေ့က အမှတ် ၁၄ တပ်မတော်သည် ရန်ကုန်မြို့ကို ပြန်လည်သိမ်းပိုက်ထားနိုင်ခဲ့ပြီး များမကြာမီ ဒုတိယဗိုလ်ချုပ်ကြီး စလင်းသည်လည်း အရှေ့တောင်အာရှ မဟာမိတ် ကြည်းကြောင်းတပ်များ၏ စစ်ဦးစီးအဖြစ် ရာထူးတိုးကာ မဟာမိတ်တပ်ပေါင်းစု၏ စစ်သေနာပတိချုပ် လော့ဒ်လူးဝစ်မောင့်ဘက်တန် (Lord Louis Mountbatten) ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်သည်။ ထိုအချိန်တွင် မြန်မာပြည်မှာ စစ်ဒဏ်ကြောင့် ချွတ်ချုံကျလျက်ရှိသည်။ မြို့ကြီးပြကြီးများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးသွားပြီး နေရာအတော်များများတွင် စားနပ်ရိက္ခာ ပြတ်လပ်ကာ အငတ်ဘေးဆိုက်ကိန်း ကြုံတော့မည်ဖြစ်သည်။ ဗမာအမျိုးသားတပ်မတော် (ဘီအန်အေတပ်မတော် - Burma National Army) ၏ အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းက မိမိအား မဟာမိတ်စစ်ဦးစီးတစ်ဦးအဖြစ် အသိအမှတ်ပြုရန် ဗိုလ်ချုပ်ကြီးစလင်းထံ တောင်းဆိုခဲ့သည်။ သို့သော် ဗိုလ်ချုပ်၏တောင်းဆိုချက် ငြင်းပယ်ခံခဲ့ရသည်။ ဗိုလ်ချုပ်ကြီး စလင်းက အမှတ် ၁၄ တပ်မတော်သည် “ဂျပန်တွေကို အမြစ်ဖြတ် ချေမှုန်းနေပါတယ်”ဟု ပြန်လည် ပြောကြားခဲ့သည်။ မဟာမိတ်စစ်ဦးစီးရာထူး အစား လက်အောက်ခံ စစ်ဦးစီးအဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းရာ ဗိုလ်ချုပ်အောင်ဆန်းလည်း သဘောတူခဲ့ရသည်။ ထိုအတွက် ဗိုလ်ချုပ်၏တပ်များကို အမှတ် ၁၄ တပ်မတော်မှ ရာရှင်ထုတ်ပေးမည်။ ဗိုလ်ချုပ်တို့ဘက်မှ နီးစပ်ရာ ဗြိတိသျှစစ်ဦးစီးအရာရှိထံ တတ်နိုင်သမျှ သတင်းပေးပို့နေရမည်။ ဘီအန်အေ တပ်မတော်မှ ဓားပြသူပုန်များကို ဝိုင်းဝန်း နှိမ်နင်းပေးရမည်သာမက ကျန်ရှိနေသော ဂျပန်တပ်များကို “ရွပ်ရွပ်ချွံချွံ တိုက်ထုတ်ရမည်” ဖြစ်သည်။ ဗိုလ်ချုပ်ကြီး စလင်းသည် မိမိထက်များစွာ အသက်ငယ်သော ဗိုလ်ချုပ်အောင်ဆန်းကို အထင်ကြီးခဲ့သည်။ (မိမိကို လာတွေ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်စစ်အရာရှိ ဝတ်စုံနှင့် ခပ်ဆင်ဆင် ယူနီဖောင်းကို ဝတ်ဆင်ထားသဖြင့် ကြိုတင်အကြောင်းကြား မခံထားရသည့် ဗြိတိသျှအရာရှိများကို တလန့်တကြား ဖြစ်စေခဲ့သေးသည်။) ဗိုလ်ချုပ်အောင်ဆန်းကို တော်ဖြောင့်သူတစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဗိုလ်ချုပ်ကြီး စလင်းက ဗိုလ်ချုပ်အောင်ဆန်းအား “သွားပါ အောင်ဆန်းရာ။ မင်းက တို့တွေနိုင်နေလို့သာ တို့တွေဆီ လာတာပါ” ဟု ဆိုသောအခါ ဗိုလ်ချုပ်အောင်ဆန်းက “ခင်ဗျားတို့ မနိုင်နေရင်လည်း ခင်ဗျားတို့ဆီ လာလို့ ဘာထူးမှာလဲ” ဟု ရိုးရိုးလေး ပြန်ပြောခဲ့သည်။ ထိုအခိုက်အတန့်ကြောင့် မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်လာသော ဗြိတိသျှ အင်အားစုများနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဆက်ဆံရေးသည် အခြေခိုင်သွားခဲ့သည်။ ထိုမှတစ်ဆင့် နှစ်ဖက်စလုံးမှ အင်တိုက်အားတိုက် ကြိုးပမ်းမှုများကြောင့် နောင် ၁၉ လအကြာတွင် လန်ဒန်၌ သဘောတူညီမှု စာချုပ်များ ရေးထိုးနိုင်သည်အထိ ဖြစ်လာခဲ့သည်

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်