အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော အထိမ်းအမှတ် ပြည်ထောင်စုနေ့
event_note ခေတ်ကာလများပြပုံ

၁၂ ဖေဖော်ဝါရီ ၁၉၄၇

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော အထိမ်းအမှတ် ပြည်ထောင်စုနေ့

Read in English

(ဖေဖော်ဝါရီလ ၁၂ ရက်နေ့) ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ် “ပင်လုံစာချုပ်” ချုပ် ဆိုခဲ့သောနေ့၏ နှစ်ပတ်လည် ဖြစ်သည်။ ပင်လုံစာချုပ်နှင့် ဆက်စပ်ပြီး ဒဏ္ဍာရီအတော်များများ ရှိသော်လည်း မည်သည့်အချက်မှာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ခွဲခြားသိမှတ်ထားရန် အရေးကြီးလှပေသည်။

မြန်မာပြည်လွတ်လပ်ရေး အတွက် ဗြိတိသျှအစိုးရနှင့် ညှိနှိုင်းရန် ဦးအောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ဦးအောင်ဆန်းအား အိုင်စီအက်စ် ဦးတင်ထွဋ်က များစွာအကူအညီပေးခဲ့သည်။ ဗြိတိသျှဘက်မှ လေဘာပါတီ (Labour Party) နိုင်ငံရေးခေါင်းဆောင် ဆာစတက်ဖို့ကရစ်ပ်စ် (Sir Stafford Cripps) နှင့် မြန်မာပြည်ဆိုင်ရာ ကိုလိုနီအတွင်းဝန်ကလေး လော့လစ်စ်တိုဝယ် (Lord Listowel) တို့က အဓိက ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်မှာ မြန်မာပြည်ကို လွတ်လပ်ရေးပေးရန်၊ မပေးရန် မဟုတ်ပါ။ (လေဘာပါတီ အစိုးရက လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။) ကူးပြောင်းရေးဖြစ်စဉ် မည်သို့ မည်ပုံ ဖြစ်မည်ကိုသာ အဓိကဆွေးနွေးခဲ့ကြသည်။ မြန်မာပြည်သည် ဗြိတိသျှဓနသဟာယနိုင်ငံ တစ်ခုအဖြစ် ရပ်တည်မည်လား၊ ထို့အပြင် တောင်တန်းဒေသနှင့် တိုင်းရင်းသားလူနည်းစုများ၏ အနာဂတ်စသည့် ကိစ္စများကို ဆွေးနွေးခဲ့၏။ (တောင်တန်းဒေသထဲတွင် အဓိကအားဖြင့် ချင်း၊ ကချင်၊ ကရင် တောင်တန်းနယ်များ၊ ရှမ်းနှင့်ကရင်နီ ပြည်နယ် နယ်မြေစုများ ပါဝင်သည်။)

(ပါကစ္စတန်နိုင်ငံ တည်ထောင်ရန်) အိန္ဒိယပြည် အပိုင်းများကွဲသွားနိုင်ခြေ မြင့်တက်လာနေသည်ကို ဦးအောင်ဆန်းနှင့် အခြား ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလ-AFPFL) ခေါင်းဆောင်များက သတိပြုမိကြသဖြင့် မြန်မာပြည်သည်လည်း ထိုကဲ့သို့ အပိုင်းပိုင်းကွဲသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။ ဗြိတိသျှတို့ဘက်မှ စိုးရိမ်နေသည်မှာ မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်ပါက တရုတ်နိုင်ငံ၏ ပြည်တွင်းစစ်နှင့် အင်ဒိုချိုင်းနားစစ်ပွဲတို့မှ စစ်မီးများ ကူးစက်လာပြီး ကွန်မြူနစ်များ လျင်မြန်စွာ သိမ်းပိုက်သွားမည်ကို ဖြစ်၏။

စစ်အေးကာလ ဖြစ်နေချိန်ကြောင့် ပိုမိုအရေးကြီးနေသည့် ဂရိ၊ ပါလက်စတိုင်းနှင့် ပြည်တွင်းအရေးများတွင် အာရုံစူးစိုက်နေရသော ဗြိတိသျှအစိုးရက “တောင်တန်းဒေသများ”သည် လွတ်လပ်သောမြန်မာနိုင်ငံတွင် အခိုင်အမာ ပေါင်းစည်းထားဖို့ လိုကြောင်း ထောက်ပြခဲ့သည်။

ထိုအချက်မှာ ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော ကိုလိုနီအစိုးရ၏ မူဝါဒနှင့် ဆန့်ကျင်နေသည်သာမက စစ်ကြီးအတွင်း ကချင်နှင့် ကရင်တော်လှန်ရေး တပ်သားများကို ပေးခဲ့သော ကတိကဝတ်များနှင့် လုံးဝဥဿုံ ကွာခြားနေသည်။

၁၉၄၇ ခုနစ် ဇန်နဝါရီလ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သော အောင်ဆန်း-အက်တလီစာချုပ်တွင် လွတ်လပ်သော မြန်မာနိုင်ငံထဲတွင် တောင်တန်းဒေသများ သေချာပေါက် ပါဝင်ရမည်၊ သို့သော် တောင်တန်းဒေသများရှိ ပြည်သူလူထု၏ ဆန္ဒအရသာ ဖြစ်ရမည်ဟု ဖော်ပြပါရှိထားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တစ်ရပ်တွင် မြန်မာပြည်မရော တောင်တန်းဒေသများပါ ပါဝင်နိုင်ရန် “စုံစမ်းရေးကော်မတီ” တစ်ခု ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။ တောင်တန်းသားများ ပိုမိုပြောရေးဆိုခွင့် ရရှိလာရန်အတွက် ထိုစဉ်က မဲဆွယ်နေသော ရှမ်းစော်ဘွားများနှင့် အခြားသူများ၏ တောင်းဆိုချက်ကို လိုက်လျောသည့်အနေဖြင့် ထိုအချက်များကို အောင်ဆန်း-အက်တလီ စာချုပ်တွင် ထည့်သွင်းခဲ့သည်။

ဗြိတိသျှတို့ဘက်မှ ယခုထက် ပိုမိုလိုက်လျောလာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကရင်ခေါင်းဆောင်များသည် ပင်လုံညီလာခံသို့ မတက်ရောက်ခဲ့ချေ။ ယင်းတို့ မတက်ရောက်ခဲ့ခြင်းသည် ဤညီလာခံ၏ အကြီးမားဆုံးသော အားနည်းချက်ပင် ဖြစ်ခဲ့သည်။

၁၉၄၆ ခုနှစ် မတ်လတွင် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် ဦးစီးကာ ဗမာ၊ ရှမ်းနှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်းများအတွက် “ပထမ” ပင်လုံညီလာခံကို ကျင်းပခဲ့သည်။ ယခု “ဒုတိယ” ပင်လုံညီလာခံကို ရှမ်းစော်ဘွားများက ဦးဆောင်ကျင်းပသည်။ ဖိတ်ကြားခဲ့သော ဧည့်သည်တော်များမှာ ဘုရင်ခံ၊ ဦးအောင်ဆန်း အပါအဝင် ဗမာ့ထိပ်သီး နိုင်ငံရေးခေါင်းဆောင် ၃၀ ကျော်၊ ကရင်နီခေါင်းဆောင်များ၊ ကချင်နှင့် ချင်းမှ ကိုယ်စားလှယ်များသာမက အမေရိကန်၊ တရုတ်၊ အိန္ဒိယအစိုးရတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။

ဗြိတိသျှတို့အတွက်မှု တောင်တန်းဒေသများ၏ အနာဂတ်သည် နောက်ဆုံးအနေနှင့် စီမံရမည့် အရေးကိစ္စတစ်ခုဖြစ်ပြီး မြန်မာပြည်မှ ထွက်ခွာရန် လမ်းကြောင်းတွင် ဆူးညှောင့်ခလုတ် မဖြစ်စေလိုခဲ့။  

မြန်မာပြည်၌ ဘဏ္ဍာရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် ကျွမ်းကျင်သူမှာ ဦးတင်ထွဋ် တစ်ဦးတည်းသာ ရှိခဲ့သည်။ ယင်းသည် ညီလာခံတွင် အားသွန်ခွန်စိုက် ပါဝင်ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင် သဘောထားပွင့်လင်းစွာ တိုင်းရင်းသားခေါင်းဆောင်များ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလိုခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံရေး အရိပ်အရောင်များက ကြီးမားနေသလို အပိုင်းပိုင်းကွဲရန် နီးစပ်လာနေသည့် ကံကြမ္မာကို ရှောင်လွဲ၍ မရဖြစ်ခဲ့သည်။

ညီလာခံသို့ တက်ရောက်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ်များမှာ လေဘာပါတီ (Labour Party) နိုင်ငံရေးသမား ဆာအာသာဘောတမ်လေ (Sir Arthur Bottomley) နှင့် ကာကီရောင် ဘောင်းဘီတို၊ ပန်းနုရောင်ခြေအိတ်ကို တွဲကာ အမြဲဝတ်သဖြင့် ဘုရင်ခံကို စိတ်အနှောင့်အယှက်ဖြစ်စေသော၊ နောင်အခါ ဖင်လန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် ဖြစ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကျွမ်းကျင်သူ အဲရစ်မာ့ခ်တစ် (Eric Machtig) ဖြစ်သည်။

ဦးတင်ထွဋ်သည် အဲရစ်မာ့ခ်တစ်နှင့် အင်္ဂလန်နိုင်ငံတွင် ကျောင်းတက်စဉ်က ရက်ဂ်ဘီ (Rugby) အတူ ကစားခဲ့ဖူးသဖြင့် ခင်မင်နေခဲ့ကြသည်။

အရင်းခံအားဖြင့် ပင်လုံစာချုပ်သည် လွတ်လပ်ရေးယူရန် အသွင်ကူးပြောင်းရေး အစီအစဉ်များအတွက် သဘောတူစာချုပ်တစ်ခုပင် ဖြစ်သည်။ စာချုပ်တွင် စာပိုဒ် ၉ ပိုဒ် ပါရှိသည့်အနက်မှ ၄ ပိုဒ်မှာ ရာထူးအသစ် ဖြစ်သော တောင်တန်းဒေသများကိစ္စနှင့် ပတ်သက်၍ ကိုယ်စားလှယ် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်မည့် တောင်တန်းသားများ၏ ကိုယ်စားလှယ်ရာထူးနှင့် အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယာယီအမှုဆောင်ကောင်စီအကြား ဆက်ဆံရေးအကြောင်းဖြစ်သည်။

စာချုပ်တွင် ရှေ့ဆက်ဆောင်ရွက်ရန် လုပ်ငန်းစဉ် သုံးရပ်လည်း ပါရှိသည်။ ၎င်းတို့မှာ ကချင်ပြည်နယ် ဖွဲ့စည်းရန်၊ တောင်တန်းဒေသများကို သဘောတရားအားဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန်နှင့် တောင်တန်းဒေသများ (ပဒေသရာဇ်ခေါင်းဆောင်များ အုပ်ချုပ်သော နယ်မြေစုများ) ရှိ ပြည်သူလူထု ဒီမိုကရေစီ ရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များ ရရှိရန် ဖြစ်သည်။

ဤသို့ဖြင့် ဗြိတိသျှတို့ မြန်မာပြည်မှ ထွက်ခွာရာတွင် ကနဦး အသုံးပြုခဲ့သည့် ယန္တရားတစ်ခုသည် ယနေ့တိုင် ဆန့်ကျင်ခံရနေဆဲနှင့် ရုန့်ကြမ်းစွာ တော်လှန်ခံနေရဆဲဖြစ်သော အတွေးအခေါ်များကို မွေးထုတ်ပေးခဲ့သည်။

(ဖော်ပြပါဓာတ်ပုံသည် ပင်လုံသို့ ရောက်ရှိလာသော ဆာအာသာဘောတမ်လေကို ဗိုလ်ချုပ်အောင်ဆန်းက ခရီးဦးကြိုနေသည့်ပုံ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ညာဘက်ရှိ ပုဂ္ဂိုလ်မှာ ဦးတင်ထွဋ်ဖြစ်သည်။ ဆာအာသာ၏ နောက်ဘက်တွင် အဲရစ်မာ့ခ်တစ် ဖြစ်ပြီး သူ၏ ပန်းရောင်ခြေအိတ်များကိုမူ မမြင်ရပေ။)

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်