အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၉ ခုနှစ် အာဇာနည်နေ့ - ပြည်တွင်းစစ်မီးတောက်လောင်၊ စီးပွားရေး ကျဆင်း၊ တစ်နှစ်အတွင်း ငြိမ်းချမ်းမည်ဟု အစိုးရ ကတိပေး
event_note ခေတ်ကာလများပြပုံ

၁၉ ဇူလိုင် ၁၉၄၉

၁၉၄၉ ခုနှစ် အာဇာနည်နေ့ - ပြည်တွင်းစစ်မီးတောက်လောင်၊ စီးပွားရေး ကျဆင်း၊ တစ်နှစ်အတွင်း ငြိမ်းချမ်းမည်ဟု အစိုးရ ကတိပေး

people ဦးနု

Read in English

၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားသော အာဇာနည်များ လုပ်ကြံခံရသည့်နေ့ကို အာဇာနည်နေ့ အဖြစ် အထိမ်းအမှတ် ပြု၍ နှစ်စဥ် ကျင်းပခဲ့သည်။ ပုံတွင် ၁၉၄၉ ခုနှစ် အတွင်းဝန်များရုံး ကျင်းပခဲ့သည့်တွင် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို တွေ့မြင်ရသည်။ 

ထိုအချိန်က မြန်မာပြည်မှာ ပြည်တွင်းစစ်မီး အရှိန်အဟုန် အမြင့်ဆုံး အနေအထားတွင် ရှိနေခဲ့သည်။ တိုင်းပြည်၏ ဒေသ အတော်တော်များများသည် ကွန်မြူနစ်များ၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ မူဂျာဟစ်ဒင် (Mujahideen) လက်နက်ကိုင်များ၊ ပြည်သူ့ရဲဘော် အဖွဲ့ (PVO) နှင့် အခြား လက်နက်ကိုင် အဖွဲ့မျိုးစုံတို့၏ လက်အောက်တွင် ကျရောက်နေခဲ့သည်။ ကရင်တပ်များက အင်းစိန်မြို့ကို သိမ်းထားပြီး ကွန်မြူနစ်တို့က ၎င်းတို့ အခြေစိုက်ရာ ပျဉ်းမနားမြို့ကို ဗဟိုပြုလျှက် မြန်မာပြည် အလယ်ပိုင်းဒေသများကို ချုပ်ကိုင်ထားသည်။ ဗမာ့တပ်မတော်၏ အင်အားတစ်ဝက်ခန့်မှာ တောခိုသွားကြသဖြင့် လက်ကျန် အင်အား ၁၂,၀၀၀ ခန့်သာ ရှိတော့သည်။ (ပုန်ကန်ထကြွသူများ၏ အင်အားမှာ အဆမတန် များပြားလှသည်)။ ရန်ကုန်မြို့သာ ကျသွားခဲ့လျှင် ဝန်ကြီးချုပ် ဦးနုနှင့် အစိုးရအဖွဲ့အား လေယာဉ်ဖြင့် နယူးဒေလီမြို့ (New Delhi) သို့ ပို့ဆောင်ပြီး အဝေးရောက် အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဟု အစီအစဉ်များပင် ချမှတ်ပြီး ဖြစ်သည်။

ထို ၁၉၄၉ ခုနှစ် အာဇာနည်နေ့မှာပင် ဦးနုက သူ၏ မျှော်မှန်းချက် ဖြစ်သည့် "တစ်နှစ် အတွင်း ငြိမ်းချမ်းရေး ရရမည်" ဆိုသည့်မူကို ကြေညာခဲ့သည်။ ရန်ကုန်-မန္တလေး ကားလမ်းနှင့် ရထားလမ်းတို့ကို ပြန်လည် ပြေးဆွဲနိုင်ရေးသည် အဓိက ရည်မှန်းချက် ဖြစ်သည်။ ထို့နောက် စစ်ဆင်ရေးများကို အပြင်းအထန် ဆောင်ရွက်တော့သည်။ နောက်တစ်နှစ်တွင် ပြည်တွင်းစစ် အနေအထားမှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး အစိုးရဘက်မှ အရေးသာလာခဲ့သည်။

ထိုအစောပိုင်းနှစ်များတွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူသုံးသန်းခန့် နေအိမ်စွန့်ခွာ ထွက်ပြေးကြရသည်။ ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမှာ (ယနေ့ခေတ် တန်ဖိုးနှင့်) အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြောင့် အစိတ်စိတ် အမွှာမွှာ ဖြစ်နေသော စီးပွားရေးစနစ်မှာ ပို၍ပင် အဖတ်ဆယ်မရအောင် ဖြစ်သွားတော့သည်။ 

လွတ်လပ်ရေး တောင်းဆိုစဉ်က မြန်မာပြည်သည် ဗြိတိသျှတို့နှင့် စစ်မက်မဖြစ်ပွားခဲ့ရပေ။ သို့သော် လွတ်လပ်ရေး ရပြီး များမကြာမီမှာပင် ကိုယ့်အချင်းချင်း စစ်မက်ဖြစ်ပွားရလေသည်။ သို့နှင့် တပ်မတော်သည်လည်း ပိုပို၍ အချက်အချာ ကျလာရတော့သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်