အမေ့ခံအတိတ်
အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

မတ် ၁၉၄၄ - မေ ၁၉၄၄

၁၉၄၄ ခုနှစ်က မြန်မာပြည်

Read in English

၁၉၄၄ ခုနှစ်၊ မတ်လမှ ဧပြီလ အထိ ဂျပန် (Japanese) တပ်ခွဲ သုံးခုနှင့် ဆူဘတ်ချန်ဒရာဘို့စ် (Subhas Chandra Bose) ခေါင်းဆောင်သည့် အိန္ဒိယအမျိုးသား တပ်ခွဲ (Indian National Army) တစ်ခုသည် အင်ဖာ (Imphal) နှင့် ကိုဟီမာ (Kohima) မြို့တို့တွင် ဗြိတိသျှ (British) နှင့် အိန္ဒိယ (India) တပ်များ၏ အနိုင်ပိုင်း ချေမှုန်းခြင်းကို ခံခဲ့ရသည်။ ဂျပန်တပ်သား ၆၀,၀၀၀ ခန့် ကျဆုံးခဲ့သည်။ 

၁၉၄၄ ခုနှစ် မေလတွင် တရုတ်တပ်မ သုံးခုသည် အမေရိကန် အထူးတပ်ဖွဲ့ ဖြစ်သော မယ်ရစ်လ်၏ ဖောက်ထွင်းသူများ (Merrill’s Marauders) တပ်ဖွဲ့နှင့် ပူးပေါင်းကာ မြစ်ကြီးနားမြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အမှတ် ၃၃ ဂျပန် တပ်မတော်က သုံးလကြာ မြို့ကို ပိတ်ဆို့ကာ အပြင်းအထန် ခုခံသည်ကို အနိုင်ရပြီးမှသာ မြို့နှင့် လေယာဉ်ကွင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ 

ထိုကာလအတွင်းပင် မဟာမိတ်တပ်များသည် မြန်မာပြည် မြောက်ပိုင်းရှိ ဂျပန်တို့၏ ရှေ့တန်းစစ်မြေပြင်များကို ကျော်လွှားကာ အိန္ဒိယ၊ ဂေါ်ရခါး (Gurkha) နှင့် ဗြိတိသျှ အထူးတပ်ဖွဲ့ ဖြစ်သည့် "ခြင်းဒစ် (Chindits)"တပ်ဖွဲ့များ (မြန်မာစကားလုံး ခြင်္သေ့ မှ) အင်အား ၂၀၀၀၀ ကျော်ကို လေယာဉ်ဖြင့် ပို့ပေးနိုင်ခဲ့သည်။ မဟာမိတ်တပ်များ၏ အကြီးမားဆုံးသော လေကြောင်း စစ်ဆင်ရေး အဖြစ် သမိုင်းတွင်ခဲ့သည်။ စစ်အတွင်း ရဟတ်ယာဉ်များ ပထမဆုံး စတင်အသုံးပြုခဲ့သည့် လေကြောင်း စစ်ဆင်ရေးများကို အမေရိကန် (American) တို့က ဦးဆောင်ခဲ့သည်။ 

မဟာမိတ်တို့၏ ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ (China) အကြား ကုန်းလမ်း၊ လေကြောင်းလမ်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး ဖြစ်သည်။ ၁၉၄၄ ခုနှစ် နှောင်းပိုင်းတွင် မြန်မာပြည်တွင် ဖြစ်ပွားနေသော စစ်ပွဲများတွင် မဟာမိတ်တပ်သားပေါင်း တစ်သန်းကျော်နှင့် ဂျပန်တပ်သားပေါင်း ၃၀၀,၀၀၀ ကျော် ပါဝင်တိုက်ခိုက်နေခဲ့ကြသည်။ 

၁၉၄၄ ခုနှစ်က ရိုက်ကူးခဲ့သည့် ဤ "United News" သတင်းမှတ်တမ်းရုပ်ရှင်တွင် မြန်မာပြည်၌ ဗြိတိသျှ၊ အမေရိကန်နှင့် တရုတ်တပ်များက ဂျပန်တို့၏ စခန်းများကို ချီတက်တိုက်ခိုက်နေကြသည်ကို တွေ့မြင်နိုင်သည်။ ဤနောက်ကွယ်မှ ပုံရိပ်များတွင် အမေရိကန် အထူးတပ်ဖွဲ့ မယ်ရစ်လ်၏ ဖောက်ထွင်းသူများတပ်ဖွဲ့ စခန်းချနေပုံနှင့် ရထားဖြင့် ချီတက်နေပုံတို့ကိုလည်း တွေ့မြင်နိုင်သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်