အမေ့ခံအတိတ်
အမေ့ခံအတိတ်
တိုင်းပြည်၏ အနာဂတ်ကို ဆုံးဖြတ်ရန် လန်ဒန်မြို့တွင် ပြုလုပ်သော အစည်းအဝေးသို့ မြန်မာအမျိုးသမီးများ အတွက် ကိုယ်စားလှယ် စေလွှတ်နိုင်ခဲ့စဥ်

event_note ခေတ်ကာလများပြပုံ

၁၉၃၁ - ၁၉၃၂

တိုင်းပြည်၏ အနာဂတ်ကို ဆုံးဖြတ်ရန် လန်ဒန်မြို့တွင် ပြုလုပ်သော အစည်းအဝေးသို့ မြန်မာအမျိုးသမီးများ အတွက် ကိုယ်စားလှယ် စေလွှတ်နိုင်ခဲ့စဥ်

room United Kingdom

Read in English

မစ္စမေအောင် (ဒေါ်မြစိန်) သည် ၁၉၃၁-၃၂ ခုနှစ်က လန်ဒန်မြို့ (London) တွင် ပြုလုပ်သော မြန်မာပြည်ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစက ဘုရင်ခံ ဆာချားလ်စ်အင်းနက်စ် (Sir Charles Innes) သည် ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၀ ဦးကို ရွေးချယ်ရာ အမျိုးသားများသာ ပါဝင်ခဲ့သည်။ အမျိုးသမီး အသင်းအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများ၏ ဖိအားပေးခြင်း၊ ရန်ကုန်တွင် မြန်မာအမျိုးသမီးထု ဆန္ဒပြခြင်းတို့ကြောင့် မစ္စမေအောင်ကို ကိုယ်စားလှယ်အဖွဲ့တွင် ထည့်သွင်းရန် ဘုရင်ခံ သဘောတူလိုက်ရသည်။ 

ရန်ကုန်တက္ကသိုလ်နှင့် အောက်စဖို့ (Oxford) တက္ကသိုလ်ဆင်း ပညာတတ် ဒေါ်မြစိန်သည် ထိုစဉ်က အသက် ၂၇ နှစ်သာ ရှိသေးသည်။ သူမသည် အောင်မြင်ကျော်ကြားသော ရခိုင်အမျိုးသား ဝတ်လုံတော်ရ ရှေ့နေ၊ အမျိုးသားရေး ပုဂ္ဂိုလ်ကြီး ဦးမေအောင်၏ သမီး ဖြစ်သည်။ နောင်တွင် သူမသည် စာရေးဆရာ၊ ကျောင်းဆရာမ၊ ရုပ်သံထုတ်လွှင့်သူ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး နောက်ပိုင်းတွင် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ထင်ရှားခဲ့သည်။ 

ထိုအစည်းအဝေးတွင် သူမသည် ကျား၊မ မရွေး၊ လူမျိုးမရွေး သို့မဟုတ် ဘာသာမရွေး လူသားတိုင်း မဲပေးပိုင်ခွင့်နှင့် တန်းတူညီမျှ အခွင့်အရေး ရရှိရေးအတွက် ထောက်ခံခဲ့သည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်ရန် မစ္စမေအောင်ကို မည်သို့မည်ပုံ ရွေးချယ် ဖိတ်ကြားသည့် အကြောင်းကို မှတ်တမ်းမှတ်ရာများ၊ စာများနှင့် ကြေးနန်းများမှ အချက်အလက်များကို စုစည်း၍ ဗြိတိသျှ စာကြည့်တိုက်၏ Untold Lives blog တွင် ဖော်ပြထားသည်။

ပထမပုံတွင် မစ္စမေအောင်(ဒေါ်မြစိန်)ကို လက်ဝဲဘက်တွင် မြင်ရ၍ ဒုတိယပုံတွင် အမျိုးသားများ အပြည့် ရှိနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ  မျက်နှာစုံညီ အစည်းအဝေးတွင် လက်ယာအစွန်တွင် မစ္စမေအောင် ရှိနေပုံ၊ တတိယပုံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအမျိုးသမီးများ မျက်နှာစုံညီအစည်းအဝေးမှ အိန္ဒိယနိုင်ငံဆိုင်ရာ ဝန်ကြီးထံသို့ ပေးပို့သော ကြေးနန်းစာတို့ကို တွေ့နိုင်သည်။။ ကြေးနန်းစာတွင် မစ္စမေအောင်သာ မပါဝင်ခဲ့ပါက မြန်မာအမျိုးသမီးထု တစ်ရပ်လုံးကို စော်ကားရာ ရောက်ပေလိမ့်မည်ဟု ရေးသားထားသည်။ (ဗြိတိသျှ စာကြည့်တိုက်၊ IOR L/PO/9/3 Telegram from All Burma Women's Conference)

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်