အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဒက်ဟန်မားရှိုး၏ ရန်ကုန်ခရီးစဉ်

event_note ခေတ်ကာလများပြပုံ

၆ ဖေဖော်ဝါရီ ၁၉၅၆

ဒက်ဟန်မားရှိုး၏ ရန်ကုန်ခရီးစဉ်

room Myanmar

people Dag Hammarskjold U Raschid President U Ba U

Read in English

၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဟန်မားရှိုး (Dag Hammarskjold) သည် ရန်ကုန်မြို့သို့ အလည်အပတ် ရောက်ရှိခဲ့သည်။ ဒက်ဟန်မားရှိုးသည် ထူးချွန်ထက်မြက်သော ခေါင်းဆောင်မှု၊ သတ္တိအရာ ပြောင်မြောက်မှု၊ စီမံခန့်ခွဲမှု စွမ်းရည်တို့နှင့် ပြည့်စုံပြီး ကုလသမဂ္ဂအဖွဲ့ကြီး၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသမျှထဲတွင် အတော်ဆုံးသော အကြီးအကဲဟုပင် ဆိုနိုင်ပေသည်။ သူ၏ လက်ရုံးများမှာ သမိုင်းတွင် အထက်မြက်ဆုံး နိုင်ငံတကာ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည့် ဒေါက်တာ ရက်လ်ဖ်ဘန့်ချ် (Dr. Ralph Bunche) နှင့် ဆာဘရိုင်ယန်အာ့က်ဟာ့တ် (Sir Brian Urquhart) တို့ ဖြစ်ကြသည်။

ထိုစဉ်က သူသည် ကမ္ဘာတစ်ပတ် လှည့်လည်ခရီးသွားနေစဉ် ဖြစ်ပြီး နောက်ပိုင်းတွင် သူက ထိုခရီးစဉ်မှ မျှော်လင့်မထားဘဲ “အနှစ်သက်ဆုံး တိုင်းပြည်” နှစ်ခုကို တွေရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် နယူးဇီလန်နိုင်ငံ (New Zealand) ဖြစ်ကြောင်း ရေးသားခဲ့သည်။ ထို့အပြင် သူက အောက်ပါအတိုင်း ရေးသားခဲ့သေးသည်။ " ရန်ကုန်မြို့မှာ အေးချမ်းလှသည့် ဘုရားပေါ်က အဘွားအိုများကို ကျွန်တော် အမှတ်ရပါသေးတယ်။ သူတို့လက်ထဲမှာ ပန်းတွေကိုင်ပြီး ငြိမ်းချမ်းဖို့အတွက် ဆုတောင်းနေကြတယ်။ ကမ္ဘာကြီးအကြောင်း ဂဃနဏ မသိရှိကြတဲ့ သူတို့တွေ သနားစရာ ကောင်းလှပါတယ်။ ဒါပေမယ့် သူတို့တွေတောင် ငြိမ်းချမ်းမှုမရှိရင် အနာဂတ်ဆိုတာ ရှိလာမှာမဟုတ်ဘူးဆိုတာကို သိကြပေတယ်။” ဟူ၍ ဖြစ်သည်။

ပထမပုံတွင် အစိုးရအိမ်တော်တွင် သမ္မတ ဦးဘဦး၊ စီးပွားရေးနှင့် စက်မှုဝန်ကြီး ဦးရာရှစ်နှင့်အတူ ညနေပိုင်းအဖျော်ယမကာများ သုံးဆောင်ခဲ့နေသော ဒက်ဟန်မားရှိုးကို တွေ့မြင်နိုင်သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်