အမေ့ခံအတိတ်
အမေ့ခံအတိတ်
အစောပိုင်းခေတ်က ဂျပန်-မြန်မာ ဆက်နွယ်မှုများ

16th Century

အစောပိုင်းခေတ်က ဂျပန်-မြန်မာ ဆက်နွယ်မှုများ

room Japan

Read in English

ဂျပန်လူမျိုးတို့သည် မည်သည့်အချိန်က မြန်မာပြည်သို့ အစောဆုံး ရောက်ရှိလာခဲ့သည်ကို အတိအကျ မသိရပါ။ ၁၅၀၀ ရာစု အစောပိုင်းနှစ်များက ဖြစ်ပုံ ရသည်။ ဂျပန်ပြည် (Japan) တွင် နှစ်တစ်ရာကျော်ကြာ လက်နက်ကိုင် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားနေသည့် စစ်ပြိုင်ခေတ် သို့မဟုတ်  ဆန်ဂိုကုခေတ် (Sengoku) က ဖြစ်သည်။ ၁၆ ရာစုနှစ်သည် ကမ္ဘာ့ကုန်သွယ်မှုများ လျင်မြန်စွာ ကျယ်ပြန့်လာနေသော ကာလလည်း ဖြစ်သည့်အလျောက် အာရှတစ်လွှား၊ ဥရောပ (Europe) တစ်လွှား၊ အာဖရိက (Africa) မှ အမေရိကတိုက် (America) များထိ ဈေးကွက်များ ချိတ်ဆက်မိလာခဲ့ကြသည်။ ကျွန်များမှာ ထိုဈေးကွက်များ၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပေသည်။

ထိုခေတ်ကာလက မနီလာမြို့ (Manila) နှင့် အယုဒ္ဓယမြို့ (Ayutthaya) တို့တွင် နေထိုင်လျက်ရှိကြသော ဂျပန်လူမျိုး အတော်များများ ရှိကြောင်း သိရသည်။ အယုဒ္ဓယမြို့ရှိ ဂျပန်တို့မှာ ကုန်သည်များ၊ (နေရပ်တွင် ဖိနှိပ်ညှင်းပန်းခံရမှုကြောင့် ထွက်ပြေးလာသော) ခရစ်ယာန်ဘာသာဝင်များ၊ ယိုးဒယားဘုရင်ထံ ကြေးစား စစ်မှုထမ်းရန် ရောက်ရှိလာသည့် စစ်သည်တော်များ ဖြစ်ကြသည်။ ထိုဂျပန်စစ်သည်တော်များထဲမှ အချို့သည် မြောက်ဦးမြို့တွင် ရှိခဲ့ကြောင်း၊ ရခိုင်ဘုရင်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရသည်။ ယင်းတို့သည် တိုင်းတစ်ပါးသို့ လေလွင့်ခရီးနှင်ကြသည့် သခင်မဲ့ ရိုနင်ဆာမူရိုင်းများ (Ronin Samurai) ဖြစ်ကြသည်။ ပဲခူးနှင့် အင်းဝကဲ့သို့ မြန်မာဘုရင်နန်းတော်တွင်လည်း ရိုနင်များ အမှုထမ်းခဲ့ကောင်း ထမ်းခဲ့နိုင်သော်လည်း သက်သေ အထောက်အထား အခိုင်အမာ မတွေ့ရသေးပါ။

မြန်မာသို့ ကျွန်အဖြစ်နှင့် ရောက်လာသော ဂျပန်လူမျိုးများလည်း ရှိနိုင်ပါသည်။ ၁၅၄၃ ခုနှစ်တွင် ပေါ်တူဂီလူမျိုး (Portuguese) တို့ ဂျပန်ပြည်သို့ ပထမဦးဆုံး ရောက်ရှိခဲ့ပြီးနောက် မဆိုင်းမတွပင် ပေါ်တူဂီတို့သည် ဂျပန်အမျိုးသား၊ အမျိုးသမီးများကို ကျွန်အဖြစ် ဝယ်ယူပြီး နိုင်ငံရပ်ခြားတွင် ပြန်ရောင်းချခဲ့ကြသည်။ မနီလာမြို့ရှိ ကျွန်ဈေးတွင် ဂျပန်လူမျိုး အတော်များများ ရောင်းချခံရပြီး မက္ကစီကိုနိုင်ငံ (Mexico) နှင့် အာဂျင်တီးနားနိုင်ငံ (Argentina) အပါအဝင် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ပြန်ရောင်းရန် အတွက် ခေါ်ဆောင်သွားခံရသည်များလည်း ရှိခဲ့သည်။ မနီလာမြို့နှင့် လစ္စဘွန်းမြို့ (Lisbon) အကြား ဆိပ်ကမ်းမြို့များတွင် ရောင်းချခံရခြင်းများ ရှိသကဲ့သို့ မြန်မာပြည်တွင်လည်း ရောင်းချခံရခြင်းရှိမည်မှာ သေချာသလောက် ရှိသည်။

ကမ္ဘာတစ်ဝှမ်း ကုန်ပစ္စည်းများနှင့် လူသားများ ကူးလူးရွေ့လျားမှုများစွာ ဖြစ်ပွားနေခဲ့သည့် ထိုကြုံတောင့်ကြုံခဲကာလအတွင်း မြန်မာပြည်မှ ကုန်သည်များလည်း ဂျပန်ပြည်သို့ မရောက်သွားဟု မဆိုနိုင်ပါ။  

ဖော်ပြပါပုံမှာ ဆန်ဂိုကုခေတ်က ထင်ရှားသော ဆာမူရိုင်းတစ်ဦးဖြစ်သည့် ဆာနာဒါ နိုဘူရှိဂဲ (Sanada Nobushige) ၏ ပုံတူပန်းချီ ဖြစ်သည်။ သူကိုယ်တိုင် တိုင်းတစ်ပါးသို့ တစ်ခါမှ ခရီးမနှင်ဖူးသော်လည်း သူနှင့် ခေတ်ပြိုင် ရိုနင်ဆာမူရိုင်းများထဲမှ မြန်မာပြည်တွင် သက်ဆုံးတိုင် နေထိုင်သွားခဲ့သူများ ရှိနိုင်ပါသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်