အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်မြို့ကို ဂျပန်ရန်မှ ခုခံပေးခဲ့သည် ကျားပျံများ
event_note ခေတ်ကာလများပြပုံ

ဒီဇင်ဘာ ၁၉၄၁

ရန်ကုန်မြို့ကို ဂျပန်ရန်မှ ခုခံပေးခဲ့သည် ကျားပျံများ

Read in English

၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ကို ဂျပန်တို့ရန်မှ ကာကွယ်ပေးမည့်  “ကျားပျံများ (Flying Tigers)” မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ကျားပျံလေယာဉ်များသည် အင်အားချင်း မမျှသည့်တိုင် ရန်ကုန်မြို့ ကောင်းကင်ယံတွင် ရန်သူ့လေယာဉ်အစီး ၅၀ ခန့်ကို ပစ်ချနိုင်ခဲ့သည်။ (ယင်းတို့ဘက်မှ ၁၀ စီးသာ ကျခဲ့သည်။) 

အမှတ် ၁ အမေရိကန် စေတနာ့ဝန်ထမ်း တပ်ဖွဲ့ (American Volunteer Group) ကို "ကျားပျံများ"ဟု လူသိများသည်။ တရုတ်ပြည်ကို အကူအညီပေးရန်နှင့် မြန်မာလမ်းမကြီးကို ကာကွယ်ရန် သမ္မတ ရုစဗဲ့ (Roosevelt) မှ လုပ်ပိုင်ခွင့် လွှဲအပ်ထားသော အမေရိကန် လေသူရဲများ ဖြစ်ကြသည်။ ထိုအချိန်က အမေရိကန်နိုင်ငံ (United States of America) သည် တိုကျိုအစိုးရနှင့် စစ်မဖြစ်သေးသဖြင့် ကျားပျံအဖွဲ့မှာ လျှို့ဝှက်စစ်ဆင်ရေးတစ်ခု ဖြစ်ခဲ့သည်။ ကျားပျံများသည် အငြိမ်းစား ဗိုလ်ချုပ်ကြီး ကလဲချန်နော့ (Claire Chennault) လက်အောက်တွင် ရှိခဲ့ပြီး အဆုံးအားဖြင့် ကာကွယ်ရေးဦးစီးချုပ် ချန်ကေရှိတ် (Chiang Kai-shek) လက်အောက်တွင် ရှိသည်ဟု ဆိုနိုင်သည်။

ကျားပျံအဖွဲ့ သုံးဖွဲ့ရှိရာ မင်္ဂလာဒုံရှိ လေယာဉ်အုပ်မှာ ငရဲပြည်မှ နတ်သားလေးများ (Hell’s Angels) ဟု လူသိများသည့် တတိယမြောက်တပ်ဖွဲ့ ဖြစ်သည်။ အမေရိကန် ကြည်းတပ်၊ ရေတပ်နှင့် မရင်းတပ်တို့မှ တပ်သားများဖြင့် ဖွဲ့စည်းထားသည်။ အကြီးတန်းအရာရှိ "စကားစ်ဒေး ဂျက်" နယူးကက် ("Scarsdale Jack" Newkirk) အပါအဝင် ထိုတပ်ဖွဲ့မှ လေတပ်သားများကို သူတို့ ထိုင်နေကျ ဖြစ်သော ဘားလမ်းရှိ ဆေးလ်ဗားဂရေးလ် (Silver Grill) တွင် ညနေများတွင် တွေ့ရတတ်သည်။

ဗြိတိသျှတို့သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်တပ်များ ရန်ကုန်မြို့ကို  ဗုံးကြဲတိုက်ခိုက်ခြင်း၊ နောက်ဆက်တွဲ ကုန်းကြောင်းမှ ထိုးဖောက်ဝင်ရောက်လာခြင်းတို့ အတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ လေကြောင်းမှ တွန်းလှန်ခုခံပေးသူမှာ ကျားပျံများသာ ရှိခဲ့သည်။ ထိုအချိန်မှာ ဝင်ရိုးတန်း အင်အားစု (Axis power) အားအကောင်းဆုံး အချိန် ဖြစ်သည်။ ဂျာမန်တပ်မတော် (Germany's Army Group Centre) ၏ အင်အား နှစ်သန်းသည် မော်စကိုမြို့ (Moscow) သို့ ချဥ်းကပ်လာနေသည်။ တိုက်လေယာဉ်များ သယ်ဆောင်လာသော သင်္ဘော ၆ စီးအပါအဝင် ဂျပန်စစ်သင်္ဘော ၃၃ စီးတို့သည် အားနှင့်မာန်နှင့် ပုလဲဆိပ်ကမ်း (Pearl Harbour) သို့ ချီတက်နေကြသည်။ ဒုတိယကမ္ဘာစစ် တိုက်ပွဲများ အတွင်း မြန်မာပြည် ဆွဲသွင်းခံရမည်ဟု မမှန်းဆခဲ့ကြပေ။ သို့သော် မကြာမီ စစ်ကြီးကြောင့် တိုင်းပြည်မှာ ပျက်စီးခြင်း အတိသို့ ဖြစ်ရတော့မည်။ ၁၉၄၁ ခုနှစ် နိုဝင်ဘာလမှသည် ယနေ့ထိ (၁၉၄၆ ခုနှစ်မှာ ချွင်းချက် ဖြစ်နိုင်) မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းသည့်နှစ် တစ်နှစ်မျှပင် မရှိခဲ့သေးပါ။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်