၁၈၁၅ - ၁၈၁၇
ဗြိတိသျှတို့အား စတင်သိရှိရချိန်
အင်းဝနေပြည်တော်သည် ဗြိတိသျှတို့သည် ကုန်သွယ်ကြသည်၊ အိန္ဒိယနိုင်ငံအတွင်း အင်အားတိုးချဲ့နေကြသည် ဟူသည်မှ လွဲ၍ ထိုလူမျိုးသစ် အကြောင်းကို များများစားစား မသိရှိခဲ့ပေ။ ထို့ကြောင့် ဘိုးတော်ဘုရားက အနောက်အရပ်သို့ အထောက်တော် သူလျှိုများ စေလွှတ်ခဲ့သည်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ တောင်ပိုင်း၊ စီလုံပြည်တို့တွင် သုံးနှစ်ကြာ နေထိုင်ခဲ့ပြီး ၁၈၁၅ ခုနှစ်တွင် ပြန်ရောက်လာခဲ့သည့် အထောက်တော် သူလျှိုတစ်ဦးက ကိုရိုမန်ဒါကမ်းခြေ (Coromandal coast) တစ်လျှောက် အင်္ဂလိပ်အလံသာ လွှင့်ထူနေခဲ့ပြီဟု ဘုရင်ကို လျှောက်တင်ခဲ့သည်။ စီလုံပြည်သည် ဒတ်ချ်လူမျိုးတို့၏ လက်အောက်မှ အရှေ့အိန္ဒိယ ကုမ္ပဏီ၏ လက်အောက်သို့လည်းကောင်း၊ ကန္ဒီပြည် (ယနေ့ သီရိလင်္ကာနိုင်ငံ) သည်လည်း အင်္ဂလိပ်လက်အောက်သို့ လည်းကောင်း အသီးသီး ကျရောက်သွားပြီဟု တင်ပြခဲ့သည်။
အထောက်တော် လွှတ်ပြီးနောက်တွင် သံတမန်လုပ်ငန်းများလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည်။ ၁၈၁၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် မဂိုနန်းတွင်း အပါအဝင် အိန္ဒိယပြည်သို့ မြန်မာသံအဖွဲ့များ စေလွှတ်ကာ ဗြိတိသျှဆန့်ကျင်ရေး မဟာမိတ် ဖွဲ့ကြရန် အဆိုပြုခဲ့သည်။ နီပေါနိုင်ငံ၊ မာရသာများ (Marathas)၊ ပန်ဂျပ်ပြည်ရှိ ရန်ဂျိဆင်း (Ranjit Singh) တို့နှင့် ဆက်သွယ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ထိုသို့ သံတမန် လုပ်ငန်းစဉ်များမှ အကျိုးရလာဒ် ရေရေရာရာ မရှိခဲ့။
ရာစုနှစ် အကူးအပြောင်းတွင် အိန္ဒိယနိုင်ငံသို့ စေလွှတ်ခြင်း ခံရသူ မြေနန်းဝန်ဟောင်း မင်းလှသာကသူက တင်ပြသည့် ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်တွင် ပြိုင်ဖက်သစ်များကို ယုံကြည်၍ မရနိုင်ကြောင်း သတိပေး သံတော်ဦးတင်ခဲ့သည်။ မဟာရက်စ်ထရာ ပြည်နယ် (Maharastra) နှင့် မိုင်ဆောမြို့ (Mysore) တို့တွင် လတ်တလောက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ၊ စီယံပြည် (Siam) တွင် ယခင်က ဖြစ်ဖူးသော ဖြစ်ရပ်များကို သုံးသပ်လျှင် ဗြိတိသျှတို့သည် အခိုအမှီကို ဖျက်၍ ညောင်ပင်ကဲ့သို့ ကျင့်တတ်သည့် လူမျိုးဖြစ်ကြောင်း ရေးသားခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ဗြိတိသျှတို့အား ညောင်ပင်ဟု ခိုင်းနှိုင်းပြောဆိုသည်မှာ မြန်မာလူမျိုးများကတင် မဟုတ်။ ၁၈၃၆ ခုနှစ်တွင် အင်းဝနေပြည်တော်က မြောက်ဘက်စွန်းရှိ မိုးကောင်းမြို့သို့ သွားရောက်မည့် အမှုထမ်း တစ်စုနှင့် ဗြိတိသျှ အရာရှိ တစ်ဦးကို လိုက်ပါခွင့်ပြုလိုက်သောအခါ ယူနန်ပြည်နယ်၏ မန်ချူးဘုရင်ခံက ကန့်ကွက်ရာတွင် ထိုသို့ပင် နှိုင်းယှဉ်ဖော်ပြခဲ့သေးသည်။
ဗြိတိသျှဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ ဖွဲ့ရန် အားထုတ်မှုများသည် စိတ်ကူးယဉ်ဆန်ခြင်းသာ ဖြစ်ခဲ့သည်။ သို့ရာတွင် အဆင်မပြေသည်က ဗြိတိသျှတို့၏ ပိုင်နက် ဘင်္ဂလားနယ်နှင့် ကပ်လျက်က နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်ရန် စီမံမှုများ ဖြစ်သည်။ အာသံပြည်မှ ဂျိန်းတိယနှင့် ကချာတောင်တန်း ဒေသများ (Jaintia and Cachar) ထိ ရောက်ရှိသည့် သတိုးမဟာဗန္ဓုလ၏ စစ်ကြောင်းလှုပ်ရှားမှုများကြောင့် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားခဲ့သည်။ မြန်မာတို့၏ အဓိက ရည်မှန်းချက်မှာ ရခိုင်ဒေသ၏ မြောက်ဖက်ရှိ ဒေသများကို သိမ်းပိုက်ရန်သာ ဖြစ်သည်ဟု ထင်ရသည်။ ၁၈၁၇ ခုနှစ်က နန်းတွင်းပေလွှာ နှစ်စောင်တွင် အရှေ့ဘင်္ဂလားပြည်သည် ရခိုင်မင်းများ၏ လက်အောက်ခံ ပြည်နယ် အစဉ်အဆက် ဖြစ်ခဲ့သည်။ သို့ကြောင့် မြန်မာမင်းက ရခိုင်ပြည်ကို အုပ်စိုးသောအခါ အရှေ့ဘင်္ဂလားပြည်သည်လည်း မြန်မာမင်း အာဏာစက်အောက်တွင် ရှိသင့်သည်ဟု သုံးသပ်ပြခဲ့သည်။ အမိန့်ပြန်တမ်း တစ်စောင်တွင် "ဗြိတိသျှတို့သည် ဗြိတိသျှကျွန်းစုများကို ပိုင်ဆိုင်နိုင်သော်လည်း ရခိုင်ပြည် အနောက်ဖက်ရှိ ဒေသများကို တရားဝင်ပိုင်ဆိုင်ခွင့် မည်သို့မျှ မရှိ"ဟု အခိုင်အမာ ဆိုထားခဲ့သည်။ ထိုပြန်တမ်းတွင်ပင် "ဘနာရပ်စ်မြို့ (Benares) နှင့် လပ်ခ်နောင်းမြို့ (Lucknow)တို့ကို ကျူးကျော်သိမ်းပိုက်ထားသော" အင်္ဂလိပ်တို့သည် မူရှီတာဘတ်မြို့ (Mushadabad)၊ စစ်တကောင်းမြို့ (Cittagong) နှင့် ဒက္ကာမြို့ (Dacca) တို့ကို မြို့ဟောင်း၏ မြန်မာမြို့ဝန်ထံ ပြန်လည် ပေးအပ်ရမည်ဟု တောင်းဆိုခဲ့သေးသည်။ တစ်ချိန်တည်းမှာပင် ထိုဒေသတွင် အခွန်ကောက်ခံနေသည့် အရှေ့အိန္ဒိယ ကုမ္ပဏီကိုလည်း ရပ်တန်းကရပ်ဟု စာတစ်စောင် ပေးပို့ခဲ့သေးသည်။
ပုံမှာ ၁၈၁၀ ပြည့်နှစ်ဝန်းကျင်က ဒေလီမြို့၊ မဂိုနန်းတွင်းသို့ စေလွှတ်ခံရသည့် မြန်မာသံအမတ်နှင့် အိန္ဒိယမှူးမတ်များပုံ ရေဆေးပန်းချီ ဖြစ်ပါသည်။
~သန့်မြင့်ဦး၏ ‘The Making of Modern Burma’ စာအုပ်မှ ကောက်နှုတ်ပါသည်။