18th Century
မြန်မာပြည်မှ ဂေါ်ရခါးလူမျိုးတို့ အကြောင်း
မြန်မာနိုင်ငံတွင် နီပေါလူမျိုး (Nepali) မှ ဆင်းသက်လာသော လူပေါင်း ၃၀၀,၀၀၀ ကျော် နေထိုင်လျက် ရှိသည်။ အများစုမှာ ဗြိတိသျှလက်ထက် အတွင်းက မြန်မာပြည်၌ တပ်စွဲခဲ့သော ဂေါ်ရခါးစစ်သားများမှ ဆင်းသက်လာသည့် မျိုးဆက်များ ဖြစ်သည်။
၁၈ ရာစု အလယ်ပိုင်းတွင် ဂေါ်ရခါးပြည်ထောင်မင်း ပရီသရီနာရာရံရှား (Prithvi Narayan Shah) က ကတ်မန်ဒူ မြစ်ဝှမ်း (Kathmandu valley) ကို သူ၏ ပြည်ထောင်ထဲသို့ ပေါင်းစည်းလိုက်ခြင်းမှ နီပေါနိုင်ငံ (Nepal) ၏ ခေတ်သစ်သမိုင်းကြောင်း စတင်ခဲ့သည်။ ၁၈၁၅-၁၆ ခုနှစ်တွင် အင်္ဂလိပ်-နီပေါစစ်ပွဲ (Anglo-Nepali War) ဖြစ်ပွားပြီးနောက်တွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ (British East India Company) က နီပေါလူမျိုး စစ်သားများကို စတင်ခန့်ထားခဲ့သည်။ ထိုစစ်သားများကို "ဂေါ်ရခါး (Gurkhas)" ဟု ခေါ်သည်။ ထိုစစ်သားများသည် တမန် (Tamang) နှင့် လင်ဘူး (Limbu) ကဲ့သို့ တိဘက်-မြန်မာနွယ်ဝင် ဘာသာစကား ပြောသည့် တောင်ပေါ်ဒေသများမှ အများစု ဖြစ်ကြသည်။
ထိုဂေါ်ရခါး စစ်သားများသည် ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရသည်ထိ ဗြိတိသျှအိန္ဒိယ (British India) တပ်မတော်အတွက် အရေးပါခဲ့ပြီး ယနေ့တိုင် ဗြိတိသျှ (British) နှင့် အိန္ဒိယ (India) တပ်မတော်များတွင် ဂေါ်ရခါးစစ်သားများ တာဝန်ထမ်းဆောင်ကြဆဲ ဖြစ်သည်။ ဂေါ်ရခါးစစ်သားတို့၏ တိုက်ရည်ခိုက်ရည်မှာ ကမ္ဘာကျော်သည်။ ဗြိတိသျှစစ်တပ် တပ်ဖွဲ့ဝင်များအဖြစ် ဥရောပတိုက် (Europe) နှင့် အာရှတိုက် (Asia) တစ်ခွင် တိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။
ဒုတိယကမ္ဘာစစ် အတွင်းက ဂေါ်ရခါးစစ်သား ၁၀၀,၀၀၀ ကျော် အမှုထမ်းခဲ့ကြသည်။ ၁၉၄၄-၄၅ ခုနှစ်များက မဟာမိတ်တပ်များ အင်ဖာမြို့ (Imphal) မှ မန္တလေးမြို့၊ ထိုမှ ရန်ကုန်မြို့သို့ ချီတက်ကာ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်သည့် စစ်ဆင်ရေးကြီး အောင်နိုင်မှု အတွက် ဂေါ်ရခါးတပ်များသည် အခရာကျသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ခဲ့သည်။ ဂေါ်ရခါးတပ်သား တစ်ဆယ့်သုံးဦးသည် ဗြိတိသျှ စစ်ဘက်ဆိုင်ရာ ထိပ်တန်းသူရဲကောင်း ဘွဲ့တံဆိပ် ဖြစ်သော ဝိတိုရိယဘွဲ့ (Victoria Cross) ကို ချီးမြှင့်ခံခဲ့ရသည်။
ဝိတိုရိယဘွဲ့ ချီးမြှင့်ခံရသူ တစ်ဦးမှာ ရိုင်ဖယ်ကိုင် တပ်သား လက်ချီမန်ဂူရမ် (Lachhiman Gurung) (ပုံပါပုဂ္ဂိုလ်) ဖြစ်သည်။ မေလ ၁၂ ရက်နေ့ ညအချိန်တွင် တောင်တော်မြို့ (ဟုမ္မလင်းမြို့နယ်) ၌ စခန်းချနေစဉ် လက်ချီမန်၏ တပ်စုကို ဂျပန်တပ်များက အလစ်ဝင်တိုက်သည်။ တစ်ခဏ အတွင်း သူ၏တပ်စုမှ ဂေါ်ရခါးတပ်သားများ ကျသွားတော့သည်။ လက်ချီမန်ကမူ ရိုင်ဖယ်တစ်လက်၊ လက်စွဲတော် ကွက်ကရီး ဓါးကောက်တို့ကို ကိုင်ဆွဲကာ စစ်ရည်ဝနေသည့် ဂျပန်တပ်သား ၂၀၀ ကျော်ကို အချိန် ၄ နာရီကျော်ကြာ တစ်ကိုယ်တည်း ပြန်လည် ခုခံခဲ့ပြီး ဂျပန်တပ်သား ၃၁ ဦးကို ချေမှုန်းနိုင်ခဲ့သည်။ အများစုကို သူ၏ ကွက်ကရီးဓါးကောက်ဖြင့် အနီးကပ် တိုက်ခိုက်ချေမှုန်းခဲ့ခြင်း ဖြစ်သည်။ လက်ပစ်ဗုံး ထိမှန်ပြီး လက်ချောင်းနှစ်ချောင်း ပြတ်၊ ညာလက်မောင်းနှင့် မျက်နှာတစ်ခြမ်း ပျက်စီးသွားကာ မျက်လုံးတစ်ဖက်ပါ ကန်းသွားသည့်တိုင် တက်လာသမျှ ဂျပန်စစ်သားတိုင်းကို "ဂေါ်ရခါးတစ်ယောက်ကို လာတိုက်ကြစမ်း" ဟု ကြွေးကြော်ကာ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။
၁၉၄၇ ခုနှစ်တွင် ဂေါ်ရခါးတပ်ဖွဲ့မှ အငြိမ်းစား ယူပြီးနောက် လက်ချီမန်ဂူရမ်သည် နီပေါနိုင်ငံရှိ လယ်မြေငယ်တွင် နေထိုင်ရန် ပြန်လာခဲ့သည်။ သို့သော် နောင်တွင် ဂေါ်ရခါး စစ်မှုထမ်းဟောင်းများ ဗြိတိန်နိုင်ငံတွင် အခြေချခွင့် ရရှိရေး အတွက် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံမှုတိုင်းတွင် ဂုဏ်ယူစွာ ဝိတိုရိယဘွဲ့တံဆိပ်ကို ဆင်မြန်းထားခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် တရားရုံး တစ်ခုက ၎င်းတို့၏ တောင်းဆိုမှု အတွက် အတည်ပြုမိန့် ချပေးခဲ့ပြီးနောက် လက်ချီမန်ဂူရမ်သည် ဗြိတိန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချခဲ့သည်။ ထို့နောက် နှစ်နှစ်အကြာ ၂၀၁၀ ခုနှစ်တွင် အသက် ၉၂ နှစ် အရွယ်၌ ဆုံးပါးသွားခဲ့သည်။
လက်ဝဲဘက်မှ ဓါတ်ပုံမှာ ၁၉၄၅ ခုနှစ် မေလက ပြည်မြို့ကို မဟာမိတ်တပ်များ ပြန်လည် သိမ်းပိုက်ပြီးနောက် ဂေါ်ရခါးတပ်ဖွဲ့များ ကင်းလှည့်နေပုံ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်