ဘာသာစကား သစ်ပင်
၁၅၀၀ ပြည့်နှစ်များကတည်းကပင် အိန္ဒိယပြည်သို့ ရောက်ရှိလာသော ဥရောပသားတို့သည် ဥရောပ ဘာသာစကား အများစုနှင့် အိန္ဒိယ ဘာသာစကား အတော်များများ အကြား ဆင်တူမှုများ ရှိနေသည်ကို သတိပြုမိခဲ့ကြသည်။ ၁၇၈၆ ခုနှစ်က ကာလကတ္တားမြို့၌ ပြုလုပ်သော ဘင်္ဂလား အာရှအဖွဲ့အစည်းဆိုင်ရာ ဟောပြောပွဲတစ်ခုတွင် ဥပဒေပညာရှင် ဆာဝီလျံဂျုံးစ်က (ဂရိ၊ လက်တင်၊ ပါရှားနှင့် သင်္ကသရိုက်ကဲ့သို့) ဥရောပတိုက်နှင့် အာရှတိုက်ရှိ ရှေးဦး ဘာသာစကားများသည် အလွန် ဆင်တူမှု ရှိသည့် အလျှောက် မူလဘုံဘာသာစကားတစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်ရမည်ဟု ပထမဦးဆုံး အဆိုပြုခဲ့သည်။ နောင်တွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀-၆၀၀၀ ခန့်က အာရှတိုက် အလယ်ပိုင်းတွင် ပြောဆိုအသုံးပြုခဲ့သော မူလဘုံဘသာစကားမှ ဆင်းသက်လာသည့် ဘာသာစကား မိသားစုကြီးကို "အင်ဒို-ဥရောပ" ဟု စတင် သုံးနှုန်းလာခဲ့သည်။
လွန်ခဲ့သော ရာစုနှစ် အတွင်း ဘာသာဗေဒပညာရှင်များသည် ကမ္ဘာပေါ်ရှိ ဘာသာစကားအားလုံးကို အမျိုးအစားခွဲခြားပြီး ဘာသာစကား မိသားစုများအဖြစ် ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းရာ အတော်အသင့် အောင်မြင်မှုရခဲ့သည်။ အချို့ကမူ ထိုမိသားစုများကို ဘာသာစကား မိသားစုကြီးများအဖြစ် ပေါင်းစည်းဖို့ ကြိုးပမ်းခဲ့ကြသလို အချို့က ဘာသာစကား မိသားစုကြီးများ အားလုံး အရင်းတည်ခဲ့သော မူလပင်မ ဘာသာစကားကြီး တစ်ခုတည်း ရှိနိုင်သည်ဟုပင် ဆိုခဲ့ကြသေးသည်။ ဖော်ပြပါပုံမှာ ဦးသန့်ဂေဟာမှ မပင်ကီထွဋ်အောင် ရေးဆွဲထားသည့် ကမ္ဘာပေါ်ရှိ ဘာသာစကား မိသားစုကြီးများ၏ အဓိကကိုင်းခွဲများကို ဖော်ပြထားပုံ ဖြစ်ပါသည်။ ဘာသာစကားများ၏ ဘေးမှ ဂဏန်းများမှာ ယနေ့တွင် ထိုဘာသာစကားကို အသုံးပြုသူ အရေအတွက်ကို ခန့်မှန်းထားခြင်း ဖြစ်ပါသည်။
ပုံတွင် မြင်ရသည့်အတိုင်း အကြီးဆုံးသော ကိုင်းခွဲမှာ "အင်ဒို-ဥရောပ ဘာသာစကား" ဖြစ်ပြီး ဥရောပ ဘာသာစကား အများစုနှင့် အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းဒေသမှ ဘာသာစကားများ ပါဝင်သည်။ အင်္ဂလိပ်ဘာသာသည် ဂျာမန်နွယ်ကိုင်းခွဲတွင် ပါဝင်နေသည်။ ဟင်ဒီနှင့် ဘင်္ဂလီဘာသာစကားတို့မှာမူ အင်ဒို-အာရိယန် ကိုင်းခွဲတွင် ပါဝင်သည်။ မြန်မာနိုင်ငံတွင် အသုံးပြုသော ဘာသာစကားများကိုမူ တိုင်-ကဒိုင်၊ တိဘက်-မြန်မာနွယ် သို့မဟုတ် သြစတရို-အာရှနွယ်ဝင် ဘာသာစကားအဖြစ် သတ်မှတ်သည်။ ရှမ်းဘာသာစကားသည် တိုင်-ကဒိုင် ဘာသာစကားနွယ်ဝင် တစ်ခုဖြစ်သည်။ မြန်မာ (မြန်မာ)၊ ဂျိန်းဖော၊ လီဆူးတို့သည် တိဘက်-မြန်မာနွယ်ဝင်များ ဖြစ်ကြသည်။ တိဘက်-မြန်မာနွယ် ဘာသာစကားများမှာ မန်ဒရင်းနှင့် တရုတ်ပြည်တွင် အသုံးပြုသည့် အခြားသော ဘာသာစကားများနှင့်လည်း ဆက်စပ်နေပြန်သည်။ မွန်၊ ဝနှင့် ပလောင်တို့သည် သြစထရို-အာရှနွယ် ဘာသာစကားများ ဖြစ်ပြီး ဗီယက်နမ်နှင့် ခမာဘာသာများနှင့် ဆက်စပ်နေသည်။ ထို့ပြင် မြန်မာစာ အရေးအသားစနစ် စတင်ပေါ်ပေါက်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်ကပင် မြန်မာပြည်တွင် အင်ဒို-ဥရောပနွယ်ဘာသာစကားများ (သက္ကတဘာသာ၊ ပါဠိဘာသာနှင့် နောင်တွင် အင်္ဂလိပ်ဘာသာ) တို့ကို အသုံးပြုခဲ့ကြသည်။
သတိပြုရမည်မှာ ဘာသာစကားများကို အစုအဖွဲ့ ခွဲရာတွင် အားလုံးက တညီတညွတ်တည်း လက်ခံသတ်မှတ်ထားသည့် စံ မရှိသဖြင့် ဘာသာစကား အကိုင်းအခွဲများကို နည်းအမျိုးမျိုးနှင့် ရေးဆွဲနိုင်ကြောင်း ဖြစ်သည်။ ဘာသာစကားများ အကြား ဆက်နွယ်မှုများကို ကိုင်းခွဲပုံစံဖြင့် စဉ်းစားသည့်နည်းလမ်းကိုပင် အချို့က မေးခွန်းထုတ်ပါလိမ့်မည်။ ဘာသာစကားများသည်လည်း အမြဲတစေ ပြောင်းလဲနေသည် ဖြစ်သောကြောင့် ယနေ့ ပြောဆိုသော ဘာသာစကားများသည် လွန်ခဲ့သော ရာစုနှစ်အနည်းငယ်က အသုံးပြုသည့် ၎င်းတို့၏ ဘိုးဘေးဘာသာစကားများနှင့် ယှဉ်လျှင်ပင် ကွဲပြားကြသည်။ ထို့အပြင် ဖော်ပြပါ ဆက်နွယ်မှုများသည် ဘာသာစကား အရသာ ဖြစ်ပြီး မျိုးရိုးဗီဇအရ ဆက်နွယ်မှု ရှိချင်မှ ရှိပါလိမ့်မည်။ အမေရိကန်ပြည်ထောင်စုတွင် လူအများစုမှာ အင်္ဂလိပ်ဘာသာစကား ပြောဆိုကြသည်။ သို့သော် ယင်းတို့၏ ဗီဇမျိုးရိုးမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အင်္ဂလန်တွင် နေထိုင်ခဲ့သောသူများနှင့် ဆက်စပ်နေသည်ဟု မဆိုနိုင်ပါ။ သို့မဟုတ် ဂျာမန်နွယ်ဝင် ဘာသာစကားများကို ပြောဆိုသောသူများနှင့် အမေရိကန်လူမျိုးတို့ မျိုးရိုးဗီဇအရ ဆက်နွယ်နေသည်ဟုလည်း မဆိုနိုင်ပါ။ အီတလီ၊ ရုရှား၊ အာဖရိက သို့မဟုတ် ဂျပန်နိုင်ငံတို့မှ ဆင်းသက်လာခြင်းလည်း ဖြစ်နိုင်ပါသည်။
နောက်ထပ် သတိပြုရန် အချက်မှာ မြန်မာပြည်တွင် ပြောဆိုအသုံးပြုသော ဘာသာစကားများနှင့် ထိုဘာသာစကားများ အကြား ဆက်စပ်မှုများကို သိရှိရုံမျှနှင့် နိုင်ငံ၏ သမိုင်းကြောင်း အလုံးစုံကို ရှင်းပြနိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့် မွန်ဘာသာသည် ဗီယက်နမ်ဘာသာနှင့် နီးစပ်သော်လည်း မြန်မာဘာသာမှာမူ ဗီယက်နမ်ဘာသာနှင့် နီးစပ်မှု မရှိခြင်းကို ကြည့်ပြီး ထိုဘာသာစကားများကို ပြောဆိုအသုံးပြုသော လူ့အဖွဲ့အစည်းများ အကြား သမိုင်းကြောင်း ဆက်စပ်မှုကို သိရှိနိုင်မည် မဟုတ်ပေ။
သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်