၂၈ ဇန်နဝါရီ ၁၉၄၅
လီဒိုလမ်းမကြီး (သို့) စတီးဝဲလ်လမ်းမကြီး
room Myanmar
people Chiang Kai-shek Joseph 'Vinegar Joe' Stillwell
လီဒိုလမ်းမကြီး (ခေါ်) စတီးဝဲလ်လမ်းမကြီး (Ledo or Stillwell Road) ကို ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပြီးသတ်နိုင်ခဲ့သည်။ ထိုလမ်းမကြီးသည် ကချင်တောင်တန်းဒေသကို ဖြတ်သန်းကာ အာသံပြည် (Assam) ရှိ လီဒိုမြို့ (Ledo) နှင့် ယူနန်ပြည် (Yunnan)၊ ကူမင်းမြို့ (Kunming) တို့ကို ဆက်သွယ်ထားသည်။ မြန်မာနိုင်ငံမှ တစ်ဆင့် အိန္ဒိယနိုင်ငံ (India) နှင့် တရုတ်နိုင်ငံ (China) တို့ကို ဆက်သွယ်ထားသည့် တစ်ခုတည်းသော ခေတ်သစ်လမ်းမကြီးလည်း ဖြစ်သည်။
ဤလမ်းမကြီးကို စတင်တည်ဆောက်ရန် အကြံဉာဏ်ကို ၁၉၄၂ ခုနှစ်တွင် ဂျပန် (Japanese) တပ်များက ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်ပြီး မြန်မာပြည်လမ်းဟောင်း (Burma Road) ကို ဖြတ်တောက်လိုက်ခြင်းကြောင့် ရရှိခဲ့သည်။ မြန်မာပြည်လမ်းဟောင်းသည် ရန်ကုန်မြို့မှ အစပြုကာ မန္တလေးမြို့နှင့် လားရှိုးမြို့ကို ဖြတ်သန်းပြီး ယူနန်ပြည်နယ်ထိ ချိတ်ဆက်ထားခဲ့သည်။ တရုတ်နိုင်ငံ အတွင်းပိုင်းတွင် ဂျပန်တပ်များကို တိုက်ခိုက်နေသော တရုတ်အမျိုးသားတပ်များ (Chinese nationalist armies) အတွက် အရေးကြီးလှသည့် အသက်သွေးကြော လမ်းမကြီး ဖြစ်သည်။ (ထိုစဉ်က ကမ်းရိုးတန်းဒေသများသည် ဂျပန်တပ်များ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ချန်ကေရှိတ် (Chiang Kai-shek) က မြို့တော်ကို ချုံကင်းမြို့ (Chongqing) သို့ ပြောင်းရွှေ့ထားခဲ့ရသည်။) နေ့စဥ် မြန်မာပြည်လမ်းဟောင်းမှသည် ကုန်တင်ကား ရာချီကာ စစ်တပ်များ အတွက် ရိက္ခာများကို ပို့ဆောင်ခဲ့ရသည်။ လီဒိုလမ်းမသစ်ကြီးမှာ ကုန်းကြောင်း အချိတ်အဆက်သစ် ရရှိစေရန် ဖြစ်သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ မဟာမိတ်တပ်များ (the Allies) သည် ဟိမဝန္တာတောင်တန်းများ (Himalayas) ကို ဖြတ်ကျော်ကာ လေကြောင်းမှ ရိက္ခာများ ချပေးသည်ကို အားကိုးရသည်။ ထိုနည်းဖြင့် ရိက္ခာ တန်ချိန်ပေါင်း ၆၅၀,၀၀၀ ချပေးနိုင်သော်လည်း လေယာဉ်အစီးရေ ၆၀၀ ခန့် ပျက်ကျခဲ့ရသည်။ ပျက်ကျခဲ့သော လေယာဉ်အများစုမှာ မြန်မာနိုင်ငံတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။
လီဒိုလမ်းမကြီးကို မြန်မာနိုင်ငံတွင်းရှိ တရုတ်တပ်များကို အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်ကြီး ဂျိုးဆက်စတီးဝဲလ် (Joseph Stillwell) ("ဗနီဂါဂျိုး (Vinegar Joe)") ကို အစွဲပြုကာ စတီးဝဲလမ်းမကြီးဟု အမည်ပေးခဲ့သည်။
လီဒိုလမ်းမကြီးကို အမေရိကန်လူမျိုး (American) ၁၅,၀၀၀ အပြင်၊ အိန္ဒိယလူမျိုး (Indian)၊ တရုတ်လူမျိုး (Chinese) နှင့် မြန်မာလူမျိုး ၃၅,၀၀၀ ခန့် ပါဝင်တည်ဆောက်ခဲ့သည်။ ထိုအမေရိကန်လူမျိုး အများစုမှာ အာဖရိကန်-အမေရိကန်လူမျိုးများ (African-American) ဖြစ်ပြီး ၎င်းတို့၏ လူဖြူအရာရှိများက နှိမ့်ချခွဲခြားဆက်ဆံခြင်းကို ခံခဲ့ကြရသည်။ ၁၉၄၅ ခုနှစ်တွင် အာဖရိကန်-အမေရိကန် ဆေးတပ် တစ်ခုလည်း ရှိခဲ့ပြီး အမျိုးသမီး သူနာပြုများက အိန္ဒိယလူမျိုး၊ တရုတ်လူမျိုး၊ မြန်မာလူမျိုး အပြင် အမေရိကန် စစ်သားများကိုပါ ဆေးကုသပေးခဲ့သည်။ လူဖြူစစ်သားများ အတွက် နေရာသီးသန့် ပြုလုပ်ပေးရန် တောင်းဆိုလာသောအခါ ဆေးတပ်ဗိုလ် ဒေါက်တာ ဝီလ်ဘာစထရစ်လန်း (Dr. Wilbur Strickland) က လူတိုင်း နာကျင်မှုကို တန်းတူခံစားတတ်သည်ဟု ဆိုကာ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်။
ပုံများမှာ လီဒို/စတီးဝဲ လမ်းမကြီး၏ လမ်းကြောင်းကို ပြသသည့် မြေပုံ၊ ကချင်တောင်တန်းဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အာဖရိကန်-အမေရိကန်လူမျိုးများနှင့် ၁၉၄၂ ခုနှစ် ဧပြီလက မြန်မာပြည် မေမြို့တွင် ဗိုလ်ချုပ်ကြီး ဂျိုးဆက်စတီးဝဲလ်နှင့် အတူ ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်နှင့် မဒမ် ချန်ကေရှိတ်တို့ကို တွေ့ရပုံ (အမေရိကန်စစ်တပ်၏ ဓါတ်ပုံ) ဖြစ်သည်။ အမေရိကန်လေတပ်က ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် လေကြောင်းမှ ရိုက်ကူးခဲ့သော ဓါတ်ပုံတွင် လီဒိုလမ်းမကြီး၏ အကွေ့အကောက်များ အတိုင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွားနေသည့် ပထမဆုံးယာဥ်တန်းကို တွေ့မြင်နိုင်ပြီး နောက်ဆုံးဓါတ်ပုံမှာ ၁၉၄၅ ခုနှစ် မတ်လက အမှတ် ၄၁၈ တပ်စု (အာဖရိကန်-အမေရိကန်လူမျိုး သီးသန့် သယ်ယူပို့ဆောင်ရေးတပ်) ကို အမှတ် ၃၉၆၁ သယ်ယူပို့ဆောင်ရေးတပ်၏ အရာရှိက လီဒိုလမ်းမကြီး အတိုင်း သွားမည့် ခရီးစဥ် အကြောင်း ညွှန်ကြားနေပုံ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်