အမေ့ခံအတိတ်
အမေ့ခံအတိတ်

11th Century

မြန်မာဘာသာမှ မွေးစားစကားလုံးများ

Read in English

မြန်မာဘာသာသည် တိဘက်-မြန်မာနွယ် ဘာသာစကား တစ်မျိုး ဖြစ်ပါသည်။ ထိုဘာသာစကား မိသားစုအောက်တွင် ပါရှိသော မြန်မာဘာသာ၊ တိဘက်ဘာသာနှင့် အခြားဘာသာစကားများသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အသုံးပြုခဲ့သော ရှေးဟောင်း မူလဘုံဘာသာစကား တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်ဟု ဆိုလိုသည်။ ၁၁ ရာစုအတွင်း တောင်အိန္ဒိယဒေသမှ အက္ခရာတစ်မျိုးကို အခြေပြုကာ မြန်မာစာ အရေးအသား ဦးစွာစတင်ပေါ်ပေါက်ခဲ့သည်။

မြန်မာဘာသာသည် တိဘက်-မြန်မာ ဘာသာစကား မိသားစု၏ မြန်မာ-အိ (Burmese-Yi) ကိုင်းခွဲအုပ်စု အောက်တွင်ရှိသည်။  တရုတ်ပြည်၏ အနောက်တောင်ဒေသတွင် အများစု သုံးကာ အသုံးပြုသူ ၁၀ သန်းကျော် ရှိသည့် အိဘာသာသည် မြန်မာဘာသာနှင့် ဖွဲ့စည်းပုံအရရော ဝေါဟာရအရပါ အတော် ဆင်တူသည်။ ဥပမာအားဖြင့် ကိန်းဂဏန်း ၁ မှ ၅ ကို ဆစ်၊ ညစ်၊ ဆောဝ်၊ လဲ့၊ ငဲ့ ဟု အသံထွက်သည်။ စကားလုံးတိုင်း မဟုတ်လျှင်တောင် အသုံးများသည့် စကားလုံးများကို ကြည့်လျှင် ဆက်နွယ်နေကြောင်း သိသာထင်ရှားသည်။ ဥပမာ မြန်မာဘာသာ အခါးဓာတ် ‘ခါး’ကို အိဘာသာတွင် ‘ကား’၊ နာကျင်သည့် ‘နာ’ကို ‘နာ’၊ ဝယ်ယူသည့် ‘ဝယ်’ကို ‘ဝယ်’၊ တိရစ္ဆာန် ‘ဆိတ်’ကို ‘ဆိ’၊ ဝေးကွာသည့် ‘ဝေး’ကို ‘ဝီ’ ဟူ၍ ဖြစ်သည်။

မြန်မာဘာသာသည် တိဘက်ဘာသာနှင့်လည်း အနည်းငယ် ဆက်စပ်နေသည်။ ဆင်တူစကားလုံး အတော်များများကို အလွယ်တကူ တွေ့နိုင်သည်။ ဥပမာ မိမိကိုယ်ကို နာမ်စားသုံးသော မြန်မာစကားလုံး ‘ငါ’သည် တိဘက်ဘာသာတွင်လည်း ‘ငါ’ ဖြစ်သည်။ အလားတူ ‘နင်’ မှာ ‘နီ '၊ ‘မီး’ မှာ ‘မီ’၊ ‘ဆား’ မှာ ‘ဆွား’၊ ‘လက်’မှာ ‘လာ့ဂ်’၊ ‘’ မှာ ‘ဇလ’ ဖြစ်သည်။ ထို့အပြင် မြန်မာဘာသာသည် လွန်ခဲ့သည့် အနှစ် ၃၀၀၀ ခန့်က မြစ်ဝါမြစ်ဝှမ်းဒေသတွင် အသုံးပြုခဲ့သည့် ရှေးဟောင်း တရုတ်ဘာသာနှင့်လည်း ဆက်စပ်နေသည်။ 

၁၁ ရာစုသို့ ရောက်သောအခါ မြန်မာဘာသာစကားအပေါ် အခြား ဘာသာစကားများက လွှမ်းမိုးမှု ရှိလာသည်။ အထူးသဖြင့် အိန္ဒိယပြည်မှ အင်ဒို-ဥရောပနွယ် ဘာသာစကားများနှင့် ရှေးမွန်ဘာသာ (ခေတ်သစ်မွန်ဘာသာနှင့် ကွဲပြားသော်လည်း ဆက်စပ်မှု ရှိပါသည်။) ကဲ့သို့ သြစထရိုအာရှနွယ် ဘာသာစကားများ ဖြစ်သည်။ ပျူဘာသာ၏ လွှမ်းမိုးမှုများလည်း ရှိကောင်းရှိခဲ့နိုင်သော်လည်း (တိဘက်-မြန်မာနွယ် ဘာသာတစ်ခု ဖြစ်သည့်) ပျူဘာသာနှင့် ပတ်သက်ပြီး အပြည့်အဝ နားလည်ထားခြင်း မရှိသေးသောကြောင့် အတိအကျ မသိရှိနိုင်သေးပါ။

မြန်မာဘာသာသည် ပင်မ အိန္ဒိယဘာသာစကားများ ဖြစ်သည့် သက္ကတနှင့် ပါဠိဘာသာတို့မှ စကားလုံးများစွာ ငှားရမ်းအသုံးပြုသည်။ ဘာသာစကား ဖွဲ့စည်းတည်ဆောက်ပုံတွင်လည်း ပါဠိဘာသာကို မှီငြမ်းသည်။ ရှေးမြန်မာဘာသာမှ ငှားရမ်းအသုံးပြုခဲ့သော သက္ကတဘာသာ စကားလုံးများတွင် ပုန္နယ (မြန်မာစကားလုံး ဘုန်း)၊ အာစာရျ (မြန်မာစကားလုံး ဆရာ)၊ ကာဗျ (မြန်မာစကားလုံး ကဗျာ)တာလ (မြန်မာစကားလုံး ထန်း) စသဖြင့် ပါ၀င်သည်။

ယနေ့ မြန်မာဘာသာတွင် ပါဠိအသုံးအနှုန်းများလည်း ရာထောင်ချီ ရှိနေပါသေးသည်။ ဗုဒ္ဓဘာသာနှင့် ဆက်စပ်နေသော အသုံးအနှုန်းများ (ဘဝမေတ္တာ)၊ အုပ်ချုပ်ရေးနှင့် ဆက်စပ်နေသော အသုံးအနှုန်းများ (နာယကဌာန)၊ သို့မဟုတ် အယူအဆများနှင့် ဆက်စပ်နေသော အသုံးအနှုန်းများ (ရသာအနာဂတ်) စသည်ဖြင့် များစွာ ရှိသည်။ အချို့သော ပါဠိအသုံးအနှုန်းများသည် ရှေးမွန်ဘာသာမှတစ်ဆင့် မြန်မာဘာသာထဲသို့ ဝင်ရောက်လာသည်လည်း တွေ့ရသည်။ ဥပမာအားဖြင့် “ပူဂျ” သည် ရှေးမွန်ဘာသာ အသုံးအနှုန်း “ပူဂျော် ဖြစ်ပြီး မြန်မာဘာသာတွင် “ပူဇော်” ဖြစ်သည်။ အချို့သော ပါဠိအသုံးအနှုန်းများကမူ မြန်မာဘာသာထဲသို့ ရောက်ရှိလာသောအခါ အဓိပ္ပါယ် လုံးဝ ပြောင်းသွားသည်။ ဥပမာ ဇာတိနှင့် ဝဏ္ဏ တို့သည် အိန္ဒိယ အမျိုးဇာတ်ခွဲခြားမှု စနစ်နှင့် ဆက်စပ်သည့် အသုံးအနှုန်းများဖြစ်သော်လည်း မြန်မာဘာသာ အသုံးတွင် ထိုအဓိပ္ပါယ် မဟုတ်ပေ။ တစ်ခါတရံတွင်မူ ပါဠိအသုံးအနှုန်းများက မြန်မာဘာသာတွင် အဓိပ္ပါယ် အနည်းငယ်မျှ ကွဲပြားသွားသည်လည်း ရှိသည်။ ဥပမာအားဖြင့် သတ္တိ သည် ပါဠိဘာသာတွင် လုပ်ကိုင်နိုင်စွမ်း၊ အရည်အချင်းဟု အဓိပ္ပါယ် ရှိသော်လည်း မြန်မာဘာသာတွင်မူ ရဲစွမ်းသတ္တိကို ဆိုလိုသည်။ အဓိက သည် ပါဠိဘာသာတွင် ထပ်မံ၍ ဟု အဓိပ္ပါယ် ရှိသော်လည်း မြန်မာဘာသာတွင်မူ ဗဟိုတွင် ရှိသည်ဟု ဆိုလိုသည်။ အချို့သော ပါဠှိအသုံးအနှုန်းများကမူ ခေတ်သစ်၏ တီထွင်မှု အသစ်များကို ရည်ညွှန်းရန် ပြန်လည်ဖန်တီးထားသော စကားလုံးများ ဖြစ်သည်။ ဥပမာအားဖြင့် ပါဠိ၏ ရသာ (ရထား) ကို မြန်မာ၏ မီး ဖြင့် ပေါင်းစပ်ကာ မီးရထား ဟူသော စကားလုံး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

၁၁ ရာစုတွင်  ရှေးမွန်ဘာသာမှ ငှားရမ်းသော စကားလုံး၊ အသုံးအနှုန်းများ အများအပြား ရှိလာခဲ့သည်။ ရှေးမွန်ဘာသာစကားမှာ သက္ကတဘာသာ၊ ပါဠိဘာသာတို့ကဲ့သို့ အဆင့်အတန်း မြင့်မားသည့် ဘာသာတစ်ခု ဖြစ်သည်။ ဤတွင်မူ ရှေးမွန်ဘာသာစကားမှ ငှားရမ်းအသုံးပြုထားသော စကားများတွင် ပင်လယ်နှင့် ဆက်စပ်နေသည့် အသုံးအနှုန်းများစွာ ပါဝင်သည်။ (ရှေးမြန်မာတို့က ပင်လယ်ကို မြင်ဖူးနိုင်ဖွယ်ရာ မရှိပေ။) ခရု (ကၞအ်)၊ ကဏန်း (ဂတာမ်)၊ ပုလဲ (ဗၠဲ) စသည့် ရေသတ္တဝါ အမျိုးအမည်များ၊ ကနား (ကၞာ) စသည့် ဗိသုကာဆိုင်ရာ စကားလုံးများ၊ ကတော် (ကလှဝ်) စသည့် ဂုဏ်ရှိန် အနေအထားကို ပြသည့် အသုံးအနှုန်းများ၊ သမား (သာၠ) စသည့် အလုပ်အကိုင်ဆိုင်ရာ အသုံးအနှုန်းများ၊ ဌာနဆိုင်ရာ အသုံးအနှုန်းများ ဖြစ်သည့် စနစ် (သၞတ်)၊ တပ် (ဒပ်) တို့လည်း ပါဝင်သည်။

၁၁ ရာစုမှ စ၍ ကမ္ဘာတစ်ဝှမ်းရှိ ဘာသာစကား အမျိုးမျိုးမှ စကားလုံးများစွာလည်း မြန်မာဘာသာ  အတွင်းသို့ ၀င်ရောက်လာခဲ့သည်။ အချို့မှာ အိန္ဒိယ ဘာသာစကားများ ဖြစ်သော်လည်း သက္ကတနှင့် ပါဠိဘာသာမှ အသုံးအနှုန်းများ မဟုတ်ပေ။ သကြား (ရှုခရ) ကဲ့သို့သော စကားလုံးများသည် အိန္ဒိယ ဘာသာစကား တစ်ခုခုမှ လာဟန် ရှိသည်။ ဂျုံ (ဂုံ) ကို ဘင်္ဂါလီ ဘာသာမှ ရရှိပြီး ဗလီ (ပလီ - မူလအဓိပ္ပါယ်မှာ ကျောင်း) ကို တမီးလ် ဘာသာမှ ရရှိသည်။

၁၅၀၀ ပြည့်နှစ်များတွင် ရောက်ရှိလာသော ပေါ်တူဂီလူမျိုးတို့ထံမှ ပေါင်မုန့် (ပေါင်)၊ တိုင်းတာမှု ယူနစ် ပေ (ပဲ) ဟူသည့် စကားလုံးများကို ရရှိခဲ့သည်။ ဒပ်ချ်လူမျိုးတို့၏ ဘာသာစကားမှ သေနတ် (စနတ်ပန်) ကို ၁၆၀၀ ပြည့်နှစ်များတွင် စတင် အသုံးပြုခဲ့သည်။ အာရပ်ဘာသာမှလည်း အရက် (အာရခ်) နှင့် အလံ (အလံ) စသည့် စကားလုံးများကို ငှားရမ်းခဲ့သကဲ့သို့ တရုတ်တို့ထံမှလည်း ဖဲ (ဖိုင်) စသဖြင့် ငှားရမ်း သုံးစွဲခဲ့သည်။ ပါရှားဘာသာမှ တူရိယာ စောင်း (ချောင်း) နှင့် နမူနာ (နမုနာ) တို့ကို ရရှိခဲ့သည်။ ဘရာဇီးဒေသ၊ အမေဇုန် မိုးသစ်တောမှ ဂွာရာနီလူမျိုးများ၏ ဘာသာစကားမှပင် နာနတ် (အလွန်ကောင်းမွန်သော အသီး အဓိပ္ပါယ် ရသည့် နာနာ) ဟူသည့် စကားလုံးကို ပြင်သစ်လူမျိုးတို့မှ တစ်ဆင့် ရရှိခဲ့သည်။ ထိုင်းနှင့် ရှမ်းကဲ့သို့ တိုင်ဘာသာများမှ ခေါက်ဆွဲ (ခေါက်ဆွဲ)၊ ငံပြာရည် (နမ့်ပလာ) အပြင် အစားအသောက်နှင့် ဆက်စပ်နေသည့် အသုံးအနှုန်းများစွာ ရရှိခဲ့သည်။ မလေးဘာသာမှ မင်းဂွတ်သီး (မန်ဂစ်) နှင့် ဒူးရင်းသီး (ဒုရီရင်) စသည့် အသီးများ၏ အမည်များ ရရှိခဲ့သည်။ ပန်းကန် ဟူသော စကားလုံးကို မလေးဘာသာမှ ငှားရမ်းရရှိသော်လည်း မူလမှာမူ ပါရှားဘာသာမှ ဖြစ်ပြီး ခွက် ဟု အဓိပ္ပါယ် ရသည်။

ယနေ့ ခေတ်သစ်တွင်မူ မွေးစားစကားလုံးသစ် များစွာကို အင်္ဂလိပ်ဘာသာမှ ရရှိသည်။ ဘိုင်စကုတ် (Bioscope) ကဲ့သို့ အချို့သော မွေးစားစကားလုံးများကို အင်္ဂလန်နိုင်ငံတွင်ပင် အသုံးမပြုတော့။ ဆိုက်ကား (Side-car) စသည့် အခြား မွေးစားစကားလုံးများကမူ မြန်မာဘာသာတွင် အနက်အဓိပ္ပါယ် ပြောင်းသွားခဲ့သည်။

ဟင်ဒီကဲ့သို့ ခေတ်သစ်အိန္ဒိယ ဘာသာစကားများမှ ငှားရမ်းထားသည့် စကားလုံးများစွာလည်း ရှိပါသည်။ ဗြိတိသျှတို့ အုပ်စိုးစဉ်က အိန္ဒိယလူမျိုး သန်းချီကာ မြန်မာပြည်တွင် နေထိုင်သည်မှ ငှားရမ်းသုံးစွဲခြင်း ဖြစ်ပါသည်။ ထိုစကားလုံးများတွင် နေ့စဉ် အသုံးပြုသည့် အရာများ ဖြစ်သည့် ပန်ကာကတ်ကြေး၊ အစားအစာများ ဖြစ်သည့် အာလူးဂေါ်ဖီ၊ ဈေးသုံး အသုံးအနှုန်းများ ဖြစ်သည့် ပိုက်ဆံ၊ အဝတ်အထည်သစ်များ ဖြစ်သည် လုံခြည်၊ အလုပ်အကိုင်သစ်များ ဖြစ်သည့် ဥယျာဉ်မှူးကို မာလီ၊ အစောင့်ကို ဒရဝမ်နှင့် အဝတ်လျှော်ဖွပ်သူကို ဒိုဘီ စသဖြင့် ပါဝင်ကြသည်။

လွန်ခဲ့သည့် နှစ်ထောင်ချီကာလ အတွင်း ကမ္ဘာအရပ်ရပ်ရှိ မတူညီသော ယဉ်ကျေးမှုများနှင့် ထိတွေ့ဆက်ဆံရာမှ အခြားသော ဘာသာစကားများ နည်းတူ မြန်မာဘာသာသည်လည်း ပိုမိုပြည့်စုံ ကြွယ်ဝလာရပါသည်။

ငှားရမ်းထားသည့် စကားလုံးများကို ဖော်ပြသည့် မြေပုံကို မပင်ကီထွဋ်အောင်မှ သရုပ်ဖော် ရေးဆွဲပေးပါသည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်