၁၈၉၀ - ၁၈၉၁
အင်္ဂလိပ် အုပ်ချုပ်မှုအောက်မှ မဏိပူရပြည်
room India
မဏိပူရပြည် (Manipur) (မြန်မာတို့က ကသည်းဟု ခေါ်ဝေါ်ကြသည်။) သည် ၁၆၉၀ ပြည့်နှစ်က အာဏာရလာသူ တော်ဝင်မိသားစု အုပ်ချုပ်သော လွတ်လပ်သည့် မင်းနေပြည် ဖြစ်သည်။ မဏိပူရ ဘာသာစကားသည် တိဘက်-မြန်မာနွယ် ဘာသာစကား အုပ်စုထဲမှ ကူကီ-ချင်း နှင့် နာဂစကားတို့နှင့် ဆက်နွယ်နေသည်။
၁၇၂၅ ခုနှစ် နှင့် ၁၇၄၉ ခုနှစ်များတွင် မဏိပူရ ကသည်းများသည် ဟိန္ဒူဘုရင် ဂါရစ်နီဝါ (Garib Newaz) ၏ ဦးဆောင်မှုဖြင့် ယနေ့ခေတ် စစ်ကိုင်းတိုင်းဒေသကြီး တည်ရှိရာ ဒေသများထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထိုသို့ သိမ်းပိုက်ထားနိုင်ခြင်းသည် ၁၇၅၂ ခုနှစ်က တောင်ငူမင်းဆက် ပျက်သုဉ်းစေသည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။ မြန်မာဘုရင် ဘကြီးတော်မင်းသည် ၁၈၁၉ ခုနှစ်တွင် မဏိပူရပြည်ကို သိမ်းပိုက်ခဲ့ပြီးနောက် မဏိပူရ ကသည်းတို့က “ဖွတ်ဖွတ်ညက်ညက် ကြေသည့် ခုနစ်နှစ်တာ” (၎င်းတို့ဘာသာစကားဖြင့် chichi taret khuntakpa) ဟု ခေါ်ဆိုသော ကာလများကို ရောက်ရှိသွားခဲ့သည်။
ဘကြီးတော်က မဏိပူရပြည်ကို သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသည့် ထောင်ချီသော သုံ့ပန်းများသည် အင်းဝ-အမရပူရဒေသများတွင် အခြေချ နေထိုင်ခဲ့ကြရာ သူတို့၏ မျိုးဆက်များကို ယနေ့တိုင် တွေ့နိုင်ပါသည်။ ကုန်းဘောင်ခေတ်က ဖွဲ့စည်းခဲ့သည့် ကသည်းမြင်းတပ်တွင်လည်း ကသည်းလူမျိုး ရာချီ တာဝန်ထမ်းဆောင်ခဲ့သည်။ မဏိပူရ ဗြဟ္မဏ ပုဏ္ဏားများသည် ဘုရင်၏ လွှတ်တော်တွင် ဟိန္ဒူရိုးရာ အစီအရင်များ ဆောင်ရွက်ရန်နှင့် အကြံဉာဏ်ပေးရန် ရာထူးများ ပေးအပ်ခံခဲ့ရသည်။ ထိုသို့ဖြင့် ကသည်းလူမျိုးတို့ကို မြန်မာ့လူ့အဖွဲ့အစည်းတွင် ပေါင်းစည်းခဲ့သည်။
၁၈၂၆ ခုနှစ်က ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အဆုံးသတ်သွားစေသည့် ရန္တပိုစာချုပ် အရ မြန်မာတို့ဘက်က မဏိပူရနယ်ကို "စွန့်လွှတ်ရန်"နှင့် နောင်တွင် မဏိပူရနယ် အရေးကို "ဝင်မစွက်ဖက်ရန်" သဘောတူခဲ့ရသည်။ ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှတို့သည် မဏိပူရပြည်ကို မိမိတို့ လက်အောက်ခံ ပြည်နယ် အဖြစ် သတ်မှတ်လိုက်သည်။ ထိုမှ နောင်အနှစ် ၇၀ ခန့် အကြာတွင် မဏိပူရပြည် အပေါ် ဗြိတိသျှတို့၏ ထိန်းချုပ်မှုသည် တဖြည်းဖြည်း တိုးမြင့်လာခဲ့သည်။ ဂမ်ဘီယာဆင်း (Gambia Singh) ကို ဘုရင်အသစ် အဖြစ် တင်မြှောက်ခဲ့သည်။ ထို့နောက် ဗြိတိသျှ နိုင်ငံရေး ကိုယ်စားလှယ် တစ်ဦးကို မြို့တော် အင်ဖာမြို့ (Imphal) တွင် ခန့်အပ်ထားရှိခဲ့သည်။
၁၈၉၁ ခုနစ်တွင် ဗြိတိသျှတို့သည် ထီးနန်းဆက်ခံခြင်းတွင် ဝင်ရောက်စွက်ဖက်ရာ မဏိပူရကသည်းတို့က ဆန့်ကျင်ကြလေသည်။ ဆန့်ကျင်သူများ၏ ခေါင်းဆောင်မှာ မဏိပူရပြည်၏ စစ်သေနာပတိချုပ် ဖြစ်သောဘုရင်၏ ညီတော် တိခန်ဒရာဂျိဆင်း မင်းသား (Prince Tikendrajit Singh) ဖြစ်သည်။
ဗြိတိသျှတို့က ကော်မရှင်နာမင်းကြီး ဂျိမ်းစ်ဝေါလေ့စ်ကွင်တန် (James Wallace Quinton) ကို စေလွှတ်ခဲ့သည်။ ၁၈၉၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် မဏိပူရသားတို့က နိုင်ငံရေး ကိုယ်စားလှယ် ဖရန့်စိန့်ကလဲဂရင်းဝု (Frank St Clair Grimwood) ကို လှံဖြင့် ထိုးသတ်လိုက်သည်။ မစ္စတာကွင်တန်နှင့် အခြား ဗြိတိသျှ အရာရှိ သုံးဦးကိုလည်း ခေါင်းဖြတ်ကာ အစိတ်စိတ် အပိုင်းပိုင်း ခုတ်ဖြတ်သတ်လိုက်သည်။
ထိုအခါ ဗြိတိသျှတို့က အင်အားသုံးပြီး တုံ့ပြန်ခဲ့သည်။ စီချာမြို့ (Silchar)၊ ကိုဟီမာမြို့ (Kohima) နှင့် တမူးမြို့ (မြန်မာပြည်ဘက်မှ) မှ တပ်များကို သုံးကာ ပြန်လည်တုံ့ပြန်ခဲ့သည်။ ဤသည်မှာ ၁၈၉၁ ခုနှစ် အင်္ဂလိပ်-မဏိပူရ စစ်ပွဲ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ၁၈၅၇ ခုနှစ် တော်လှန်ရေး အပြီး ဗြိတိသျှတို့ကို အကြီးအကျယ် ဆန့်ကျင်ခဲ့သည့် တစ်ခုတည်းသော တော်လှန်မှု ဖြစ်သည်။ တစ်လအတွင်းပင် ဗြိတိသျှတို့ အောင်ပွဲရရှိကာ စစ်ပြီးဆုံးသွားခဲ့သည်။ မဟာရာဇာ ကုလစန္ဒရာဆင်း (Maharaja Kulachandra Singh) ကို အန်ဒမန်ကျွန်းရှိ အကျဉ်းထောင်သို့ တစ်သက်တစ်ကျွန်း ချခဲ့သည်မှာ ၎င်း ကွယ်လွန်သွားခဲ့သည့် ၁၉၃၄ ခုနှစ် အထိပင် ဖြစ်သည်။ မင်းသား တိခန်ဒရာဂျိဆင်းနှင့် အပေါင်းအပါများကို အင်ဖာမြို့တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။ ငါးနှစ်သား မင်းသားငယ် စူဠစန္ဒရာဆင်း (Churachandra Singh) ကို နန်းတင်ခဲ့သည်။ ဤသို့ဖြင့် မဏိပူရပြည်သည် မင်းသား အုပ်ချုပ်သည့် ပြည်နယ် အဖြစ်ဖြင့် ဗြိတိသျှ အိန္ဒိယအင်ပါယာကြီးထဲတွင် အတင်းအဓမ္မ သွတ်သွင်းခံခဲ့ရသည်။
ဓါတ်ပုံမှာ ၁၈၉၁ ခုနစ်က တိခန်ဒရာဂျိဆင်းကို ဗြိတိသျှတို့ ဖမ်းဆီးပြီးနောက် ရိုက်ကူးထားပုံ ဖြစ်ပြီး ပုံထဲတွင် ယင်းအား ဥပရာဇာ သို့မဟုတ် မင်းသား ဟု ဖော်ပြထားသည်။
မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်