အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပသျှူးလူမျိုးများ

ပသျှူးလူမျိုးများ

room Myanmar

Read in English

ပသျှူးလူမျိုးများသည် မြန်မာ-မလေးနွယ်များ ဖြစ်ကြပြီး အများစုသည် မြန်မာနိုင်ငံ တောင်ဘက်စွန်းတွင် တည်ရှိသော တနင်္သာရီတိုင်းဒေသကြီး၏ ကော့သောင်းမြို့နှင့် ဘုတ်ပြင်းမြို့များတွင် နေထိုင်ကြသည်။ အန်ဒမန်ပင်လယ်မှသည် မလေးကျွန်းဆွယ်၏ အကျဥ်းမြောင်းဆုံး နေရာဖြစ်သည့် ခလာပူရီ (ပါချန်မြစ်) ကို ကုန်းတွင်းပိုင်းမှ ကျော်ဖြတ်ကာ ထိုင်းပင်လယ်အော်ဘက်သို့ ကူးသန်းကုန်သွယ်နိုင်သဖြင့် (ထိုင်းနိုင်ငံနှင့် ထိစပ်နေသော) တနင်္သာရီတိုင်းဒေသကြီးတွင် ကာလကြာရှည်ကပင် လူမျိုးပေါင်းစုံတို့ စုစည်း နေထိုင်ကြသည်။ လွန်ခဲ့သည့် ထောင်စုနှစ် အတွင်း ထိုဒေသများကို မြန်မာ၊ ထိုင်းနှင့် မွန် အုပ်ချုပ်သူ အသီးသီးက အုပ်စိုးခဲ့ကြသည်။ 

မလေးလူမျိုးများသည်လည်း နှစ်ရာထောင်ချီကာ တနင်္သာရီ ကမ်းရိုးတန်းဒေသတွင် နေထိုင်ခဲ့ကြသည်။ ပသျှူး ဟူသည့် အခေါ်အဝေါ်မှာ မလေး (Malay) (သို့မဟုတ်) မာလာယံလူမျိုးများ (Malayan) ကို ရည်ညွှန်းသည့် မြန်မာ စကားလုံး ဖြစ်သော်လည်း ယနေ့ခေတ် မြန်မာနိုင်ငံတွင် ညိုညား ဟု လူသိများသည့် ကမ်းရိုးတန်းနေ ပရနကန် တရုတ်လူမျိုးများကိုလည်း ပသျှူးဟု ခေါ်ကြရာ အနည်းငယ် ရှုပ်ထွေးစရာ ဖြစ်သည်။ ပသျှူးလူမျိုး အများစုတွင် ဆလုံ၊ မြန်မာနှင့် အခြားသော လူမျိုးစုံတို့၏ သွေးများ ရောနှောနေတတ်သည်။ မလေးလူမျိုးများကဲ့သို့ပင် ပသျှူးလူမျိုးများသည် အများအားဖြင့် ဆန္နီမူဆလင် (Sunni Muslim) များ ဖြစ်ကြသည်။ ထိုင်းဘာသာ၊ မြန်မာဘာသာတို့နှင့် ရောနှောထားသည့် ကဒါ-ပါလစ်နယ် (Kedah-Perlis) သုံး မလေး ဘာသာစကား တစ်မျိုးကို ပြောဆိုကြပြီး မလေး ဂျဝီဘာသာ (Malay Jawi) အရေးအသားကို နားလည်ကြသည်။ 

ပသျှူးလူမျိုးများသည် မြန်မာနိုင်ငံ၏ အမျိုးမျိုး အထွေထွေသော လူမျိုးစုများထဲမှ တစ်စု ဖြစ်သော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အသိအမှတ် ပြုထားသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ပသျှူးလူမျိုးတို့ မပါဝင်ပေ။ ၁၉၈၀ ပြည့်နှစ်များမှ စ၍ ပသျှူးလူမျိုးများသည် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံ (Malaysia) အနောက်မြောက် ကမ်းရိုးတန်းရှိ လန်ကာဝီကျွန်း (Langkawi) သို့ အစုလိုက် ထောင်ချီကာ ရွှေ့ပြောင်းသွားကြပြီး ထိုကျွန်းတွင် တရားမဝင် နေထိုင်ကြရသည်။ 

ပုံများတွင် ကော့သောင်းဆိပ်ကမ်းနှင့် ကော့သောင်းမြို့၏ ဗလီကို တွေ့မြင်နိုင်သည်။ ဗြိတိသျှအစိုးရ လက်အောက်တွင် ကော့သောင်းမြို့၏ ထိုနယ်မြေပိုင်းကို ဝိတိုရိယအငူ (Victoria Point) ဟု ခေါ်တွင်ခဲ့သည်။

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉၆၀ ပြည့်နှစ်များမှ ယနေ့ထိ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်