အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြစ်ကြီးနားမြို့ကို ပြန်လည်သိမ်းပိုက်ခြင်း

event_note ခေတ်ကာလများပြပုံ

ဒီဇင်ဘာ ၁၉၄၂

မြစ်ကြီးနားမြို့ကို ပြန်လည်သိမ်းပိုက်ခြင်း

Read in English

၁၉၄၂ ခုနှစ် ဒီဇင်ဘာလတွင် မဟာမိတ် (the Allied) တို့၏ အမှတ် ၁၄ အိန္ဒိယတပ်မတော်သည် မေရုကျွန်းဆွယ် (Mayu peninsula) ကို ဂျပန် (Japanese) တို့လက်မှ ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေခဲ့သည် (မအောင်မြင်ခဲ့ပါ)။ တစ်ချိန်တည်းမှာပင် ဗြိတိသျှ (British) နှင့် ဂေါ်ရခါး (Gurkha) အထူးတပ်ဖွဲ့များ ("ခြင်္သေ့များ - the Chindits") သည် မြန်မာပြည် မြောက်ပိုင်းဒေသရှိ ဂျပန်စစ်ကြောင်းကို ထိုးဖောက်နိုင်ရန် ပထမဆုံးအကြိမ် ကြိုးပမ်းနေခဲ့သည်။ ("အဝတ်စရှည်စစ်ဆင်ရေး - Operation Longcloth") ထိုအချိန်တွင် ဂျပန်တပ်များသည် ယူနန်ပြည်နယ် (Yunnan) ၌ တရုတ် (Chinese) တပ်များနှင့် တိုက်ပွဲဆင်နေကြသည်။ အမှတ် ၅ နှင့် ၆ တရုတ် တပ်မတော်များသည် ၁၉၄၂ ခုနှစ်က ရှမ်းပြည်နယ်တွင် ကျားကုတ်ကျားခဲ တပ်စွဲထားရန် အားထုတ်ခဲ့သော တပ်များ ဖြစ်ကြသည်။ ထိုမျှမက ယင်းတရုတ်တပ်များသည် ၁၉၄၃ ခုနှစ်တွင် (အမေရိကန် (American) ထောက်ပံ့မှုဖြင့်) သံလွင်မြစ်ကို ဖြတ်၍ မူဆယ်မြို့သို့ ပြန်လည်ထိုးစစ်ဆင်လာကြသေးသည်။

၁၉၄၄ ခုနှစ် မတ်လတွင် ကချင်တပ်သားများ၏ အကူအညီဖြင့် အမေရိကန်နှင့် တရုတ်တပ်များသည် ငါးလကြာ အပြင်းအထန် တိုက်ယူပြီးနောက် သြဂုတ်လတွင် မြစ်ကြီးနားမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အမေရိကန်တပ်များတွင် နာမည်ကျော် "မယ်ရစ်လ်၏ ဖောက်ထွင်းသူများ (Merrill's Marauders)" များ ပါဝင်ခဲ့သည်။ ဂျပန်တို့က မဖြစ်နိုင်သည့်တိုင် အသည်းအသန် ခုခံခဲ့သဖြင့် နှစ်ဖက်လုံးတွင် အထိအခိုက် အကျအဆုံး ၇,၀၀၀ ခန့်ပင် ရှိခဲ့သည်။ သြဂုတ်လ အစောပိုင်းတွင် ဂျပန်တပ်များ မြို့မှ စွန့်ခွာပြီးနောက် ဂျပန်ဗိုလ်ချုပ် ဂျန်ဇို မီဇူကာမီ (Genzo Mizukami) သည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။

မြစ်ကြီးနားမြို့ကို ပြန်လည်သိမ်းပိုက်ခြင်း (ထိုကာလကပင် မိုးကောင်းမြို့ကိုလည်း သိမ်းပိုက်နိုင်ခြင်း) ကြောင့် မဟာမိတ်တပ်များသည် အိန္ဒိယပြည် (India) နှင့် တရုတ်ပြည် (China) တို့ကို ဆက်သွယ်ပေးသည် လီဒို (သို့မဟုတ်) စတီးဝဲ လမ်းမသစ်ကြီး (Ledo or Stillwell Road) ကို ဖွင့်လှစ်နိုင်ခဲ့သည်။

ပုံတွင် မြစ်ကြီးနားမြို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသော တရုတ်တပ်များနှင့် (အလွန်) ငယ်ရွယ်သေးသော တရုတ်လူမျိုး ကလေးစစ်သားငယ် တစ်ဦး တရုတ်ပြည်သို့ အိမ်ပြန်ရန် မြစ်ကြီးနားမြို့တွင် လေယာဉ်စောင့်နေသည်ကို တွေ့ရသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်