အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရောမသားများ မြန်မာပြည် ရောက်ဖူးသလား?

121 AD

ရောမသားများ မြန်မာပြည် ရောက်ဖူးသလား?

Read in English

အေဒီ ၁၂၁ ခုနှစ်တွင် သံအဖွဲ့တစ်ဖွဲ့သည် ယနေ့ မြန်မာနိုင်ငံ တည်ရာဒေသကို ဖြတ်သန်းကာ ဟန် (Han) တရုတ်အင်ပါယာသို့ ဝင်ရောက်လာရာ ထိုစဉ်က မြို့တော်ဖြစ်သည့် လျို့ယန် (Luoyang) သို့ ခေါ်ဆောင်သွားခံရသည်။ မြန်မာမင်း တစ်ပါးပါးမှ စေလွှတ်သော သံအဖွဲ့ ဖြစ်နိုင်သော်လည်း ဝေးလံသည့် အနောက်အရပ်မှ လာသော သံအဖွဲ့လည်း ဖြစ်နိုင်ပါသည်။ သံအဖွဲ့နှင့် အတူ ရွဲကစားသူများနှင့် ကျွမ်းဘားသမားများ အပြင် ဇာတ်သဘင် အဖွဲ့တစ်ဖွဲ့လည်း လိုက်ပါလာသည်။ ယင်းတို့သည် ဟန်နေပြည်တော်တွင် ဖျော်ဖြေခဲ့ကြရာ ထိုတိုင်းတစ်ပါးသား ဖျော်ဖြေသူများကို တရုတ်တို့ အတော်ပင် နှစ်ခြိုက်သဘောကျခဲ့ကြသည်။ နောင်မှ ရောမသားများဟု သိရှိခဲ့သည်။ ရောမအင်ပါယာ၏ မည်သည့်အရပ်ဒေသမှ လာသည်ဟု အတိအကျ မသိရသော်လည်း ဆီးရီးယားဒေသ (Syria) သို့မဟုတ် အလက်ဇန္ဒရီးယားဒေသ (Alexandria) မှ ဖြစ်နိုင်ပါသည်။ 

ထိုစဥ်က ရောမနှင့် တရုတ်တို့သည် တစ်ဦး၏ တည်ရှိမှုကို တစ်ဦးက သိရှိနေခဲ့သော်လည်း တိုက်ရိုက် အဆက်အဆံ မရှိသည့် ကာလ ဖြစ်သည်။ ထိုခေတ်က ရောမသားတို့သည် ပင်လယ်နီကို ဖြတ်သန်းကာ အိန္ဒိယပြည်ရှိ ဆိပ်ကမ်းများနှင့် ယနေ့ခေတ် မြန်မာပြည်  တည်နေရာသို့ ရွက်လွှင့်ခဲ့ကြသည်။ ထိုစဉ်က မြန်မာပြည်တွင် ရွှေ၊ ဆင်စွယ်၊ နံ့သာနှင့် သစ်ကြံပိုးခေါက်တို့ ရှိသည်ဟု ကျော်ကြားခဲ့သည်။ ရောမသား ကုန်သည်များသည် အဝတ်အထည်များ၊ ဝိုင်အရက်၊ ဖန်ထည်၊ သံလွင်ဆီနှင့် ကျွန်များကို ရောင်းချခဲ့သည်။ ပင်လယ်ရေကြောင်းလမ်းဖြင့် ဆက်သွားနိုင်သည့် ယနေ့ခေတ် စင်ကာပူနိုင်ငံ တည်ရှိရာကိုမူ နောင်ဆယ်စုနှစ် အတော်များများထိ ရောမသားတို့ မသိရှိကြသေးပေ။ ထိုကာလတိုတွင် မြန်မာပြည်သည် ကမ္ဘာ့အမြန်လမ်းမကြီးပေါ်တွင် တည်ရှိနေခဲ့ပြီး အင်အားအကြီးဆုံး ရှေးခေတ်အင်ပါယာကြီး နှစ်ခုကို ချိတ်ဆက်ပေးခဲ့သည်။ မြန်မာပြည်တွင် ရောမသားတို့ လာရောက်ခဲ့ဖူးကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများလည်း ရှိကောင်း ရှိနေနိုင်ပါသေးသည်။ (ထိုကာလထက် အနည်းငယ် နောက်ကျသော ရက်စွဲပါသည့် ရောမဒင်္ဂါးများကို ဗီယက်နမ်နိုင်ငံတွင် တွေ့ရှိခဲ့ပါသည်။) 

အေဒီ ၂ရာစုနှစ်သည် မြန်မာပြည်တွင် မြို့ပြလူနေမှုစနစ် ဖြစ်ထွန်းကာစ ခေတ်ဦး ဖြစ်ပြီး အရှေ့မြောက်ဘက်ရှိ ဟန်တရုတ်ပြည်နှင့်ရော၊ အနောက်တောင်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်တွင်ပါ ကုန်သွယ်မှု အားကောင်းလာနေချိန် ဖြစ်သည်။ထိုခေတ်ကာလက အိန္ဒိယတောင်ပိုင်းဒေသမှ စာရေးသားနည်း စနစ်များနှင့် ဘာသာရေး အယူအဆများသည် မြို့ရိုးနှင့် ဖြစ်လာသည်မှာ မကြာသေးသော မြို့သစ်များရှိ တိဘက်-မြန်မာနွယ် ဘာသာစကားပြော လူမျိုးစုများဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုလူအုပ်စုသည် ရံဖန်ရံခါတွင် အီတာလျံဝိုင် တစ်ခွက်တစ်လေ နှစ်ခြိုက်စွာ သောက်သုံးကောင်း သောက်သုံးခဲ့ပါလိမ့်မည်။

ပထမပုံမှာ ရောမ ရွက်သင်္ဘောပုံ ဖြစ်ပြီး လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က ယနေ့ မြန်မာပြည် အောက်ပိုင်းဒေသမှ ဆိပ်ကမ်းများသို့ ဆိုက်ကပ်ခဲ့သည့် သင်္ဘော အမျိုးအစား ဖြစ်နိုင်ပါသည်။ ဒုတိယပုံမှာ အေဒီ ၁၅၀ က တော်လမီ၏ ပထဝီ (Ptolemy’s Geography) အရ ရေးဆွဲထားသော ၁၆ ရာစုနှစ် အာရှတိုက်မြေပုံ ဖြစ်ပါသည်။ မြေပုံ၏အလယ်တွင် ယနေ့မြန်မာပြည် တည်ရှိရာကို အမှတ်အသား အထင်အရှား ပြုထားပါသည်။

သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်