အမေ့ခံအတိတ်
အမေ့ခံအတိတ်

1800s

ကုန်းဘောင်ခေတ်လက်ရာ ဗုဒ္ဓဝင် ပန်းချီကားများ

room Myanmar

Read in English

အောက်ပါ ဗုဒ္ဓဝင် ပန်းချီကားများမှာ ကမ္ဘာတစ်ဝှမ်းတွင် ထိန်းသိမ်းထားကြသော ၁၉ ရာစု မြန်မာ့လက်ရာ ပုရပိုက်များမှ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်နှစ်ထောင်ကျော်က ဗုဒ္ဓဘုရား၏ ဘဝဇာတ်ကြောင်းကို သရုပ်ဖော်ထားသည့် ထိုပန်းချီကားများကို ရေးဆွဲကြသော ပန်းချီဆရာများသည် မိမိတို့၏ အနီး ပတ်ဝန်းကျင်ရှိ အဝတ်အထည်များ၊ ဗိသုကာများနှင့် ယဥ်ကျေးမှုဆိုင်ရာ အရာဝတ္ထုများကို ထည့်သွင်းရေးဆွဲထားသောကြောင့် ၁၉ ရာစု မြန်မာပြည်၏ လူနေမှုဘဝများကိုလည်း မြင်တွေ့နိုင်သည်။

ဗုဒ္ဓဖွားတော်မူခြင်း - ဤရှားပါးလှသည့် ၁၉ ရာစုလယ် လက်ရာတွင် ဂေါတမ မြတ်စွာဘုရား ဖြစ်လာမည့် သိဒ္ဓတ္ထမင်းသား ဖွားတော်မူခန်းကို ရေးဆွဲထားသည်။ ပန်းချီကား၏ လက်ဝဲဖက် ထိပ်ပိုင်းတွင် မယ်တော်မာယာက အင်ကြင်းကိုင်းကို တစ်ဖက်၊ ညီမတော်ကို တစ်ဖက် ဆွဲကိုင်လျှက် ဖွားတော်မူပုံကို မြင်တွေ့နိုင်သည်။ လက်ယာဖက် ထိပ်ပိုင်းတွင် နန်းတွင်း ပုဏ္ဏားတော်များက မွေးခါစ မင်းသားငယ်ကို အစီအရင်များ ဆောင်ရွက်ပေးနေပုံကို တွေ့ရသည်။

ကြီးပြင်းလာပုံနှင့် ဘုရားမဖြစ်မီ - ဗြိတိသျှ စာကြည့်တိုက်တွင် သိမ်းဆည်းထားသော ဤပုရပိုက်တွင်ပင်  ခမည်းတော် သုဒ္ဓေါဒနမင်းကြီး လယ်ထွန်မင်္ဂလာ ကျင်းပနေပုံ၊ သိဒ္ဓတ္ထမင်းသားငယ် လေးအစွမ်းပြပုံတို့ကို တွေ့မြင်ရသည်။ ရွှေရောင်အမိုး မိုးထားသော မဏ္ဍပ်အောက်တွင် ယသော်ဓယာ မင်းသမီးနှင့် လက်ဆက်ပုံကို ရေးဆွဲထားသည်။ ထိုပုရပိုက် (သစ်ခေါက်မှ ပြုလုပ်၍ အလျားလိုက် ခေါက်ထားသော မြန်မာ့ရိုးရာ စာအုပ်) တွင် ဗုဒ္ဓဝင်ပန်းချီ ၆၈ ခန်း ပါရှိပြီး ဗြိတိသျှ စာကြည့်တိုက်၏ ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။

အိပ်မောကျနေသော ဆိုင်းဝိုင်း - ဤပုရပိုက်ပန်းချီတွင် သိဒ္ဓတ္ထမင်းသား၏ ဘဝတွင် အရေးကြီးလှသော အချိုးအကွေ့ ဖြစ်သည့် အိပ်မောကျနေသော ကချေသည်များကို ကြည့်ကာ သံဝေဂရ၍ မင်းသားဘဝကို စွန့်လွှတ်ရန် ဆုံးဖြတ်ချိန်ကို ဖော်ပြထားသည်။ မင်းသားကို နန်းတွင်းဆိုင်းဝိုင်းက တီးမှုတ်ဖျော်ဖြေနေကြစဥ် မင်းသားက အိပ်ပျော်သွားခဲ့သည်။ နိုးလာသောအခါ တီးမှုတ်ဖျော်ဖြေခဲ့သူများက အတုံးအရုံး အိပ်မောကျနေကြသည်ကို တွေ့ခဲ့ရသည်။ စောင်းပညာရှင်က စောင်းပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့မြင်နိုင်သည်။ ထိုမြင်ကွင်းကို သံဝေဂ ရပြီးနောက် သိဒ္ဓတ္ထမင်းသားသည် အိပ်မောကြနေသော ကြင်ယာတော်နှင့် သားတော်ကို နှုတ်ဆက်၍ တောထွက်သွားလေသည်။ ထိုပန်းချီ အပြည့်အစုံကို ဗြိတိသျှ စာကြည့်တိုက်၏ ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။

အောင်ခြင်းရှစ်ပါး - ဤပုရပိုက်တွင် မြတ်စွာဘုရား အာဠာဝကဘီလူးကို အောင်တော်မူခန်းကို ရေးဆွဲထားသည်။ ထိုပုရပိုက်ကို အမေရိကန်ပြည်ထောင်စု (United States) ရှိ ပရင့်စတန် တက္ကသိုလ် (Princeton University) ၏ ကော့တ်ဆန် ကလေးများ စာကြည့်တိုက် (Cotsen Children’s Library) တွင် ထိန်းသိမ်းထားပြီး စာကြည့်တိုက်၏ ရှားပါး၍ ဆန်းကျယ်သော စုဆောင်းမှုများကို ပြသသည့် “ကော့တ်ဆန်၏ ထူးခြားသော စုဆောင်းမှုများ (Cotsen's Covert Collection)” တွင် ပြသထားသည်။

မြတ်စွာဘုရား တရားဟောခန်း - ဤပန်းချီ၌ ဝါတွင်းသုံးလပတ် (ဗုဒ္ဓဘာသာဝင်များက ဥပုသ်စောင့်ထိန်းကြ၍ ရဟန်းသံဃာများ ဝါဆိုကြသော မိုးရာသီ သုံးလ) အတွင်း ကောသမ္ဗီပြည်ရှိ ဃောသိတာရုံကျောင်းတွင် မြတ်စွာဘုရား တရားဟောကြားနေပုံကို ရေးဆွဲထားသည်။ ပုံတွင် တရားနာပရိသတ်က မြန်မာဝတ်စုံကို ဝတ်ဆင်ထားသည်ကို တွေ့မြင်နိုင်သည်။ ဗုဒ္ဓဝင်ပန်းချီ ၂၅ ခန်း ပါသည့် ဤပုရပိုက် အပြည့်အစုံကို ဗြိတိသျှ စာကြည့်တိုက်၏ ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။ 

ကထိန်ခင်းပွဲ - ဝါတွင်းကာလ ကုန်ဆုံးသော အခါ သံဃာများကို လူတို့က ကထိန်သင်္ကန်း ကပ်လှူသည့် ကထိန်ခင်းပွဲကို ပြုလုပ်ကြသည်။ ဤပုရပိုက်တွင် မြတ်စွာဘုရားက ရဟန်းသံဃာများအား ကထိန်သင်္ကန်း လက်ခံခွင့်ပြု၍ ရာဇဂြိုလ်မြို့သားများက လာရောက်ဆက်ကပ်ကြပုံကို ရေးဆွဲထားသည်။ မြတ်စွာဘုရား ထိုင်နေသည့် ရှေ့တွင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ထားကြပုံ၊ မြို့သားများက သင်္ကန်း၊ မြို့သူများက သစ်သီးဆွမ်းများ ဆက်ကပ်ရန် လာနေကြပုံကို တွေ့မြင်နိုင်သည်။ ဤပုရပိုက်သည် ၁၈၇၅ ခုနှစ်က ရေးဆွဲသည့် မာလာလင်္ကာရ ဝတ္ထုကြီး၏ တစ်စိတ်တစ်ဒေသ ဖြစ်ပြီး ဗြိတိသျှ စာကြည့်တိုက်၏ ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်