၁၉၄၅ ခုနှစ် မတ်လ ၂၁ ရက်နေ့က မန္တလေးမြို့တွင် အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန်သည် သိမ်းဆည်းရမိသော ၇၅ မမ ဂျပန်အမြှောက်ပေါ်တွင် ထိုင်ရင်း တော်ဝင် သံချပ်ကာတပ်မှ တပ်သားများကို မိန့်ခွန်းပြောကြားနေပုံ (Imperial
ဇန်နဝါရီ ၁၉၄၅ - မတ် ၁၉၄၅
၁၉၄၅ ခုနစ်က မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း
ထိုစဉ်က ဝင်ရိုးစွန်းတန်း အင်အားစု (Axis Powers) တို့သည် အရပ်ရပ်တွင် အရေးနိမ့်နေချိန် ဖြစ်သည်။ ဗြိတိသျှ (British) နှင့် အမေရိကန် (American) တပ်များသည် ရိုင်းမြစ် (Rhine) ကို ကျော်ဖြတ်ချီတက်လာခဲ့ပြီး အင်အား ၂ သန်းကျော် ရှိသော ဆိုဗီယက် (Soviet) တပ်များက ပိုလန်နိုင်ငံ (Poland) ကို သိမ်းပိုက်ကာ ဘာလင်မြို့ (Berlin) သို့ အရှေ့အရပ်မှ ချီတက်ခဲ့ကြသည်။ ပစိဖိတ်ဒေသ (Pacific) တွင် အမေရိကန် မရင်းတပ်များသည် ဂျပန် (Japanese) တပ်များကို အိုင်အိုဂျီမာမြို့ (Iwo Jima) တွင် နှိမ်နင်းနိုင်ခဲ့ပြီး တိုကျိုမြို့ (Tokyo) ကို စတင်ဗုံးကျဲနေချိန် ဖြစ်သည်။
ထိုဖြစ်ရပ်များ မတိုင်မီ ၁၅ လခန့်က ကုလသမဂ္ဂ အဖွဲ့အစည်းသစ် (United Nations) ၏ ခေါင်းဆောင်များ ဖြစ်ကြသည့် ဖရန်ကလင် ဒီရုစဗဲ့ (Franklin D Roosevelt)၊ ဝင်စတန် ချာချီ (Winston Churchill) နှင့် ချန်ကေရှိတ် (Chiang Kai-shek) တို့သည် အီဂျစ်နိုင်ငံ (Egypt) တွင် ပြုလုပ်ခဲ့သည့် ကိုင်ရိုညီလာခံ (Cairo Conference) တွင် မြန်မာပြည်ကို ကုန်းကြောင်းဖြင့် ဝင်ရောက်သိမ်းပိုက်ရန် သဘောတူခဲ့ကြသည်။ အိန္ဒိယနိုင်ငံ (India) နှင့် တရုတ်နိုင်ငံ (China) အကြား ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် ဖြစ်သည်။ ၁၉၄၄ ခုနှစ် ဇွန်လတွင် မဟာမိတ်တပ်များသည် ကိုဟီမာ (Kohima) နှင့် အင်ဖာ (Imphal) တိုက်ပွဲများတွင် ဂျပန်တပ်များကို အနိုင်ရခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်တပ်များနှင့် အမေရိကန် အထူးတပ်ဖွဲ့များသည်လည်း မြန်မာပြည် မြောက်ပိုင်းတွင် ဂျပန်တပ်များကို အနိုင်ရပြီး မဟာဗျူဟာအရ အရေးပါသည့် မြစ်ကြီးနား လေဆိပ်ကို သြဂုတ်လတွင် သိမ်းပိုက်နိုင်ခဲ့သည်။ လပေါင်းများစွာ အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လီဒိုလမ်းမသစ်ကြီး (Ledo Road) ကို လားရှိုးမြို့မှ ကူမင်းမြို့ (Kunming) သို့ ဆက်သွယ်ထားသည့် မြန်မာပြည်လမ်းဟောင်း (Burma Road) နှင့် ချိတ်ဆက်နိုင်ခဲ့သည်။
အမှတ် ၁၄ ဗြိတိသျှ တပ်မတော်၏ တပ်ခွဲများသည် ဇန်နဝါရီလတွင် ရွှေဘိုမြေပြန့်ဒေသကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအမှတ် ၁၄ တပ်မတော်သည် ကမ္ဘာပေါ်တွင် စစ်အင်အား အကြီးမားဆုံး ဖြစ်သည်။ အိန္ဒိယ (Indian)၊ အာဖရိကန် (African)၊ ဂေါ်ရခါး (Gurkha)၊ မြန်မာ၊ ဗြိတိသျှ၊ ကနေဒီယံ (Canadian)၊ သြစတြေးလျံ (Australian) နှင့် အခြားလူမျိုးစုံတို့ ပါဝင်ပြီး ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် အင်အား ၁ သန်းကျော် ရှိနေခဲ့သည်။
ထို့နောက် မဟာမိတ်တပ်များသည် ဧရာဝတီမြစ်ကို ဖြတ်ကျော်ရန် စီစဉ်ရတော့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကူးဖြတ်ခဲ့ရသမျှ မြစ်များထဲတွင် အရှည်လျားဆုံးမှာ ဧရာဝတီမြစ် ဖြစ်နိုင်သည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တင့်ကားအစီး ၁၀၀ ကျော်ပါဝင်သော ဗြိတိသျှနှင့် အိန္ဒိယ ယာဉ်တပ်ရင်းများသည် ပခုက္ကူ-ညောင်ဦးမြို့မှ ဧရာဝတီမြစ်ကို ဖြတ်သန်းကာ မိတ္ထီလာမြို့သို့ တောက်လျှောက် ချီတက်လာသည်။ ဤသည်မှာ ဂျပန်တို့ကို လုံးဝအငိုက်မိသွားစေသည့် ခြေလှမ်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဟိတာရို ခိမုရာ (General Heitarō Kimura) လက်အောက်ရှိ မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော် (အင်ဖာနှင့် ကိုဟီမာတိုက်ပွဲတွင် စစ်သား ငါးသောင်းငါးထောင် ကျခဲ့ပြီး) သည် မဟာမိတ်တပ်များက မန္တလေးမြို့ မြောက်ဘက် ခပ်လှမ်းလှမ်းမှ ထိုးစစ်ဆင်လိမ့်မည်ဟု မှန်းဆထားခဲ့သည်။ ရာဇဝင် တွင်သော စစ်ရေးဆက်သွယ်မှု အမှားတစ်ခုမှာ ပုပ္ပါးတောင်ရှိ ဂျပန်အရာရှိသည် မဟာမိတ်တပ်မှ ယာဉ်အစီးရေ ၂,၀၀၀ သည် မိတ္ထီလာမြို့သို့ ဦးတည်၍ မောင်းနှင်လာနေကြောင်းကို အရေးကြီး သတိပေးချက် ပေးပို့ခဲ့သည်။ သို့သော် မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော်၏ ဌာနချုပ်က အစီး ၂၀၀ ကို မှားယွင်းပြီး အချက်ပြခြင်းဟု ယူဆလိုက်လေသည်။
မတ်လ ၅ ရက်နေ့တွင် အမှတ် ၁၇ အိန္ဒိယတပ်မနှင့် အမှတ် ၂၅၅ အိန္ဒိယ သံချပ်ကာ တပ်မဟာ လက်အောက်သို့ မိတ္ထီလာမြို့ ကျရောက်သည်။ (အဆိုပါ သံချပ်ကာတပ်သည် အမှတ် ၁၄ ဗြိတိသျှ စစ်တပ် လက်အောက်ရှိ ဗိုလ်ချုပ်ကြီး ဖရန့် မက်ဆာဗီ (Frank Messervy) ခေါင်းဆောင်သော အမှတ် ၄ တပ်မကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။) မိတ္ထီလာတိုက်ပွဲသည် မြန်မာ့သမိုင်းတွင် အကြီးမားဆုံးသော တင့်ကားတိုက်ပွဲကြီး ဖြစ်သည်။ ဂျပန်တို့ဘက်မှ အပြင်းအထန် ခံစစ်ဆင်သော်လည်း မတ်လအကုန်ပိုင်းတွင် တောင်ဘက်သို့ တပ်ဆုတ်ရတော့သည်။
ထိုအခိုက် မဟာမိတ်တပ်များသည် မန္တလေးမြို့ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ မတ်လ ၉ ရက်နေ့တွင် ဂေါ်ရခါးစစ်သားများက မန္တလေးတောင်ကို ဝင်ရောက်စီးနင်းကာ ကတုတ်ကျင်းများထဲမှ ဂျပန်တပ်များကို ၃၆ နာရီကြာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ ထို့နောက် ဂျပန်တပ်များသည် မြို့တော်တွင်းသို့ ဆုတ်ခွာကာ ထိုမှ ခုခံရန် ကြိုးပမ်းပြန်သည်။ နောက်ဆယ်ရက်တာ အတွင်း ဗြိတိသျှလေတပ်နှင့် အမေရိကန် အမှတ် ၁၀ လေတပ်တို့သည် မြို့တော်ဟောင်း၏ မြို့ရိုးများပေါ် ဗုံးတန်ချိန် သန်းချီကာ ချပစ်ခဲ့သည်။ အပြင်းအထန် တိုက်ခိုက်ပြီးနောက် မတ်လ ၂၀ ရက်နေ့တွင် ဂျပန်တို့လည်း လက်နက်ချသွားခဲ့သည်။
ထိုစစ်ပွဲနှစ်ပွဲ အတွင်း (နှစ်ဖက်လုံးမှ) လူဦးရေ ၃၀,၀၀၀ ကျော် သေဆုံး (သို့မဟုတ်) ဒဏ်ရာရခဲ့သည်။ သို့နှင့် မြန်မာပြည်တွင်း စစ်ပွဲကြီးကို အနိုင်ရလေပြီ။ ဂျပန်စစ်သား ထောင်သောင်းချီသည် အားနည်း၊ ဒဏ်ရာရ၊ ငတ်ပြတ်နေကာ ထိုင်းနိုင်ငံသို့ ကုန်းကြောင်း ချီတက်နေရသည်။ နောက်လာမည့် ရက်သတ္တပတ် ၅ ပတ် အတွင်း အမှတ် ၁၄ ဗြိတိသျှ တပ်မတော်သည် ရန်ကုန်မြို့သို့ ချက်ချင်းပင် ချီတက်လာကာ မုတ်သုန်မိုး အစပျိုးခါစ မေလ ၃ ရက်တွင် မြို့တော်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြသည်။ ၄ ရက် အကြာတွင် ဂျာမနီနိုင်ငံ (Germany) သည် ဥရောပ (Europe) တွင် မဟာမိတ် (Allied forces) တို့ထံ လက်နက်ချသည်။ သြဂုတ်လတွင် ဂျပန်တို့ကလဲ လက်နက်ချလေသည်။
၁၉၄၅ ခုနှစ် အစောပိုင်းတွင် မဟာမိတ်တပ်များက မိတ္ထီလာမြို့နှင့် မန္တလေးမြို့တို့ကို မသိမ်းနိုင်ခဲ့လျှင် မြန်မာပြည်၏ စစ်ပြီး နောက်ပိုင်း သမိုင်းကြောင်းသည် တစ်မျိုးတစ်ဖုံ ဖြစ်သွားပေလိမ့်မည်။ ၁၉၄၅ ခုနှစ် သြဂုတ်လ လက်နက်ချချိန်တွင် ရန်ကုန်မြို့သည် ဂျပန်တို့၏လက်အောက်မှာပဲ ရှိနေပေမည်။ ဗမာ့အမျိုးသားတပ်မတော်၏ ဘက်ပြောင်းမည့် ခြေလှမ်းမှန်သမျှကို အမှတ် ၁၄ ဗြိတိသျှစစ်တပ်က လက်ခံလိမ့်မည် မဟုတ်ချေ။ ဗမာ့အမျိုးသားတပ်မတော်၏ ခေါင်းဆောင်ပိုင်း အကျဉ်းချခံရမည်မှာ သေချာသလောက် ရှိပြီး သစ္စာဖောက် ပုန်ကန်မှုဖြင့် ကြိုးပေးခံရကောင်း ခံရနိုင်သည်။ စစ်ကြီးပြီးနောက် မြန်မာပြည် အတွက် စစ်ပြီးစီမံကိန်း (၁၉၄၅ ခုနှစ် မေလတွင် ရေးဆွဲခဲ့သည့် "စက္ကူဖြူစီမံကိန်း") ကို ရေးဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ မပါဝင်ဘဲ ဗြိတိသျှတို့ကသာ စိတ်ကြိုက် ပြဌာန်းရန် ကြိုးပမ်းကြပေလိမ့်သည်။ ဘာဆက်ဖြစ်ကြမည်ကို မှန်းဆနိုင်ရုံသာ ရှိသည်။ (မာလာယုကျွန်း (Malaya) တွင်ကဲ့သို့) ကွန်မြူနစ် တော်လှန်ရေး အပြတ်အသတ် နှိပ်ကွပ်ခံရနိုင်သကဲ့သို့ (ဗီယက်နမ်နိုင်ငံ (Vietnam) ကဲ့သို့လည်း) ကွန်မြူနစ်တို့က အနိုင်ရသည်လည်း ဖြစ်နိုင်ပါသည်။
မြန်မာပြည် စစ်ဆင်ရေး၏ သတင်းမှတ်တမ်းရုပ်ရှင်များစွာကို ထိန်းသိမ်းထားသည့် British Pathé ၏ မော်ကွန်းတိုက်မှ အွန်လိုင်းတွင် ကြည့်ရှုနိုင်သည့် မန္တလေးမြို့သိမ်းတိုက်ပွဲ သတင်းရုပ်ရှင်တွင် နောက်ခံစကားပြော တင်ဆက်သူက "မန္တလေးမြို့ကို ရပြီးနောက် မြန်မာပြည် စစ်ပွဲရဲ့ နောက်ဆုံးနေ့ရက်များ စတင်နိုင်ပါပြီ" ဟု ကြေငြာလေသည်။
ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်