အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်မြို့ကို မဟာမိတ်တို့ ပြန်လည်သိမ်းပိုက်စဥ်
၁၉၄၅ ခုနှစ် မေလ ၅ ရက်နေ့ ရန်ကုန်မြို့ အစိုးရအိမ်တော်တွင် အမှတ် ၁၄ ဗြိတိသျှတပ်မတော်၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဝီလီယံစလင်း (William Slim)နှင့် အခြားသော မဟာမိတ်တပ်ဖွဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်။
၁၉၄၅ ခုနှစ် မေလ ၅ ရက်နေ့ ရန်ကုန်မြို့ အစိုးရအိမ်တော်တွင် အမှတ် ၁၄ ဗြိတိသျှတပ်မတော်၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဝီလီယံစလင်း (William Slim)နှင့် အခြားသော မဟာမိတ်တပ်ဖွဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်။

မဟာမိတ် ကင်းထောက်လေယာဉ်ပျံပေါ်မှ မြင်ရသော အင်းစိန်အကျဉ်းထောင်။
မဟာမိတ် ကင်းထောက်လေယာဉ်ပျံပေါ်မှ မြင်ရသော အင်းစိန်အကျဉ်းထောင်။

၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့ ဆင်အငူ၌ ဂေါ်ရခါးလေထီးခုန် တပ်ဖွဲ့များကို တွေ့ရစဉ်။
၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့ ဆင်အငူ၌ ဂေါ်ရခါးလေထီးခုန် တပ်ဖွဲ့များကို တွေ့ရစဉ်။

event_note ခေတ်ကာလများပြပုံ

၂ မေ ၁၉၄၅

ရန်ကုန်မြို့ကို မဟာမိတ်တို့ ပြန်လည်သိမ်းပိုက်စဥ်

room Myanmar

Read in English

၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့တွင် ကုလသမဂ္ဂတပ်များ (United Nations forces) သည် (ဒရက်ကူလာ စစ်ဆင်ရေး - Operation Dracula ဖြင့်) ရန်ကုန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (United Nations Charter) ကို နောင် ၅ လကြာမှ အတည်ပြုလိုက်သော်လည်း ၁၉၄၂ ခုနှစ် ဇန်န၀ါရီလကတည်းကပင် ကုလသမဂ္ဂ ကြေငြာစာတမ်းကို အမေရိကန်ပြည်ထောင်စု (United States of America)၊ ဗြိတိန်နိုင်ငံ (United Kingdom) နှင့် ဆိုဗီယက်ပြည်ထောင်စု (Union of Soviet Socialist Republic) တို့ အပါအ၀င် နိုင်ငံပေါင်း ၂၆ ခုမှ သဘောတူ လက်ခံထားကြပြီး ဖြစ်သည်။ ယင်းနောက်ပိုင်းမှ စစ်ကြီးပြီးသည်အထိ မဟာမိတ်တပ်ဖွဲ့များ (Allied forces) ကို “ကုလသမဂ္ဂတပ်ဖွဲ့များ”ဟု မကြာခဏ ရည်ညွန်းခဲ့ကြသည်။

အိန္ဒိယပြည် (India) နှင့် တရုတ်ပြည် (China) မှ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်လာသော အင်အားတစ်သန်းရှိ တပ်ဖွဲ့များသည် မြစ်ကြီးနားမြို့ (၁၉၄၄ ခုနှစ် သြဂုတ်လ)၊ မိတ္ထီလာမြို့ (၁၉၄၅ ခုနှစ် မတ်လ)၊ မန္တလေးမြို့  (၁၉၄၅ ခုနှစ် ဧပြီလ) စသည့်တို့ကို ဂျပန် (Japanese) တို့လက်ထဲမှ ပြန်လည် သိမ်းယူနိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် အစောပိုင်းကတည်းကပင် ရခိုင်ပြည်သည် မဟာမိတ်တပ်များ လက်အောက် ကျရောက်နေပြီးဖြစ်သည်။

ဧပြီလ ကုန်ခါနီး အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) မိမိကိုယ်ကို အဆုံးစီရင်သွားသည့် အချိန်နှင့် မရှေးမနှောင်း ကာလတွင် အမှတ် ၁၄ ဗြိတိသျှ တပ်မတော် လက်အောက်ခံ အမှတ် ၁၇ အိန္ဒိယတပ်ရင်းက တောင်ဘက်ရှိ ပဲခူးမြို့မှ စစ်ချီလာသည်။ မဟာမိတ်တပ်များသည် ကုန်းကြောင်း၊ ရေကြောင်း နှစ်သွယ်ဖြင့်မှ ရန်ကုန်မြို့ကို ၀င်တိုက်ရန် စီစဥ်နေခဲ့ရာ အမှတ် ၂၆ အိန္ဒိယတပ်ရင်းနှင့် အမှတ် ၂ ဗြိတိသျှတပ်ရင်းတို့သည် ရမ်းဗြဲကျွန်းမှ ရေကြောင်းဖြင့် ရန်ကုန်မြို့သို့ ချီတက်လာနေသည်။ ဤတိုက်စစ်ကို ဦးဆောင်သူမှာ ဆင်အငူသို့ လေထီးခုန်ချမည့် ဂေါ်ရခါးလေတပ် ဖြစ်သည်။

မေလ ၂ ရက်နေ့တွင် အမေရိကန်၊ ဗြိတိသျှ၊ သြစတြေးလျ (Australian) ထောက်လှမ်းရေးလေယာဉ်များသည် အင်းစိန်အကျဥ်းထောင်ပေါ်မှ ဖြတ်ကာ ပျံသန်းနေစဥ် ထောင်ခေါင်မိုးပေါ်တွင် ရေးသားထားသော စာသားများကို သတိထားမိသွားသည်။ “Japs Gone, Extract Digit” “ဂျပန်များထွက်သွားပြီ၊ မြန်မြန်လာ” ဟု ဖြစ်သည်။ (ဆိုလိုရင်းမှာ “အမြန်လာပါ”ဟု ဖြစ်သော်လည်း သိပ်ပြီး မယဥ်ကျေးလှသော စကားလုံး အသုံးအနှုန်း ဖြစ်သည်။) နောက်တစ်ရက်တွင် အမှတ် ၂၆ အိန္ဒိယခြေမြန်တပ်မ (အင်္ဂလိပ်လူမျိုး (British)၊ ပန်ချာပီလူမျိုး (Punjabi) နှင့် ဂေါ်ရခါးလူမျိုးများ (Gurkha) ရောနှောပါဝင်နေသော အင်အားစု) သည် ခုခံဆန့်ကျင်မည့်သူ တစ်ဦးတစ်ယောက်မှ မတွေ့ဘဲ မြို့တွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

မဟာမိတ်ခေါင်းဆောင်များက လွန်ခဲ့သော နှစ်လခန့်က မနီလာမြို့ (Manila) ၌ ဖြစ်ခဲ့သလို ရန်ကုန်မြို့တွင်လည်း ဂျပန်တို့က အသေအကြေ ခုခံတွန်းလှန်ကြမည်ကို စိုးရိမ်နေခဲ့ကြသည်။ (ဖိလစ်ပိုင်လူမျိုး (Filipino) အယောက် ၁၀၀,၀၀၀ ခန့် အသက် သေဆုံးခဲ့သည်။) စိုးရိမ်ထားသည့် အတိုင်းပင်  မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော်၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဟိတာရို ခိမုရာ (Heitarō Kimura) အား ရန်ကုန်မြို့ကို အသက်ပေး၍ ကာကွယ်ရန် အမိန့်ပေးထားခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ်ကြီး ခိမုရာက မော်လမြိုင်မြို့သို့ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့သည်။ ဂျပန်ဗိုလ်ချုပ်ကြီး ခိမုရာ၏ ဆုံးဖြတ်ချက်ကြောင့်သာ မဟုတ်လျှင် ရန်ကုန်တစ်မြို့လုံး ပြာကျသွားပေလိမ့်မည်။ မြို့မှာ အတော်ကို ပြိုပျက်ပြီးသား ဖြစ်သည်။ ရာထောင်ချီသော အဆောက်အဦများ၊ စက်ရုံများ၊ ရထားနှင့် ဓာတ်ရထားစနစ်၊ သင်္ဘောဆိပ်များ၊ လေယာဥ်ကွင်း၊ ရေနံချက်စက်ရုံ စသည်တို့ အကုန်လုံးနီးပါး ထိခိုက်ပျက်စီးထားသည်။ အိမ်များ၊ ရုံးများ အားလုံးလိုလိုပင် ဖောက်ထွင်းလုယက်ခံရသည်။ မည်သည့်နေရာကို ကြည့်ကြည့် အညစ်အကြေးများ၊ အမှိုက်သရိုက်များနှင့် ရောဂါများလည်း ထူပြောလှသည်။

ထိုမှနောက်ပိုင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသေးသည့်တိုင် မြန်မာပြည်တွင်တော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်