အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာနိုင်ငံမှ ဘရင်ဂျီလူမျိုးများ
event_note ခေတ်ကာလများပြပုံ

1600s

မြန်မာနိုင်ငံမှ ဘရင်ဂျီလူမျိုးများ

မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးသော လူ့အသိုင်းအဝိုင်းများထဲမှ တစ်ခု ဖြစ်သော်လည်း စိတ်ဝင်စားစရာ အတော်ကောင်းသည့် ခရစ်ယာန် ဘာသာဝင်တစ်စုမှာ (ရွှေဘိုမြို့အနီးရှိ) မူးမြစ်ဝှမ်းမှ ဘရင်ဂျီလူမျိုးများ ဖြစ်သည်။ ဘရင်ဂျီသည် အာရပ်ဘာသာစကားဖြင့် အနောက်တိုင်းဥရောပသားဟု အဓိပ္ပာယ်ရသော “ဖာရင်ဂီ - Feringi” (သို့မဟုတ်) “ဖရန့် - Frank” ကို ခေါ်ဝေါ်သော အသုံးအနှုန်းကွဲ တစ်မျိုး ဖြစ်သည်။ ထိုင်းစကားဖြင့် “ဖာရန် - Farang”၊ ခမာစကားဖြင့် “ဘာရန် - Barang” ဟု သုံးနှုန်းပုံနှင့် အတူတူပင် ဖြစ်သည်။ မူးမြစ်ဝှမ်းသို့ ပထမဦးဆုံး ရောက်ရှိလာသော ဘရင်ဂျီလူမျိုးများမှာ သန်လျင်ကို အုပ်စိုးခဲ့သော ဖိလစ်ဒီဘရစ်တို၏ နောက်လိုက်ဗိုလ်ပါ ပေါ်တူဂီလူမျိုးများဖြစ်ပြီး ၁၆၀၀ ခုနှစ် အစောပိုင်းတွင် အနောက်ဘက်လွန်မင်းက ယင်းလူမျိုးရာနှင့်ချီကို ပြည်နှင်ဒဏ်ပေးခဲ့ခြင်းမှ ထိုဒေသသို့ ေပြောင်းရွှေ့ ရောက်ရှိလာခြင်းဖြစ်သည်။ ၁၇၅၀ ပြည့်နှစ်များက ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့သော ရာနှင့်ချီသည့် ပြင်သစ် (အများစုမှာ ဘရက်တန် - Breton နှင့် နော်မန် - Norman လူမျိုး) သဘောၤသားများ ရောက်ရှိလာခြင်းကြောင့် ထိုဒေသတွင် လူဦးရေ တိုးပွားလာခဲ့သည်။ သူတို့၏ ခေါင်းဆောင်မှာ ရဲမတ် ပီယဲဒီမိလာ့ဒ် (Pierre de Milard) ဖြစ်ပြီး နောင်အခါ ဆင်ဖြူရှင်ဘုရင် သက်တော်စောင့်တပ်၏ အကြီးအကဲ၊ ဘုရင့်သေနတ်ကိုင်တပ်တွင် ဗိုလ်မှူး ဖြစ်လာခဲ့ပြီး သီရိရာဇသူကျော်ထင်ဘွဲ့ဖြင့် တပယ်မြို့စားအဖြစ် ချီးမြှောက်ခံခဲ့ရသည်။ သူသည် အယုဒ္ဓယကို စစ်ချီရာတွင် ပါဝင်အမှုထမ်းခဲ့ပြီး သေဆုံးသောအခါ မူးမြစ်ဝှမ်းဒေသရှိ ငါးရာပြဒေသတွင် မြှုပ်နှံခဲ့သည်။ အုတ်ဂူတွင် သူ၏စွန့်စားခန်းများအကြောင်း လက်တင်၊မြန်မာ နှစ်ဘာသာဖြင့် ကမ္ဗည်းရေးထိုးထားသည်ကို တွေ့နိုင်သည်။

အလယ်ခေတ်နှင့် ခေတ်သစ်ဦးကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွှယ်မှုများ (၉၀၀မှ ၁၈၂၄ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်