အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဖိလစ်ဒီဘရစ်တို၏ ဘဝနိဂုံုး
event_note ခေတ်ကာလများပြပုံ

ဧပြီ ၁၆၁၃

ဖိလစ်ဒီဘရစ်တို၏ ဘဝနိဂုံုး

၁၆၁၃ ခုနှစ် ဧပြီလတွင် စစ်ဘုရင် ဖိလစ်ဒီဘရစ်တိုအဲနီကုတ် (Fillipe de Brito e Nicote, ငဇင်ကာဟု မြန်မာပြည်တွင် သိကြသည်။) သည် သန်လျင်၌ တံကျင်ထိုးကာ ကွပ်မျက်ခြင်းခံရသည်။ သူသည် စိတ်ဝင်စားဖွယ် အကောင်းဆုံးသော ပေါ်တူဂီလူမျိုး စွန့်စားသူ ဖြစ်သည်။ ငယ်စဉ်က လစ်စ်ဘွန်မြို့ (Lisbon) ၌ ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရသည်။ ရခိုင်ဘုရင်ထံတွင် ကြေးစားစစ်သည်အဖြစ် အမှုထမ်းခဲ့ပြီး နောင်တွင် သန်လျင်ဘုရင် ဖြစ်လာခဲ့သည်။ သူ၏ရင်းနှီးသောမိတ်ဆွေ တစ်ဖြစ်လဲ မဟာမိတ်မှာ မြန်မာမင်းသား၊ စာဆိုနှင့် ပိုလိုကစားသမား ဖြစ်သော တောင်ငူမှ နတ်ရှင်နောင် ဖြစ်သည်။ မြန်မာနှင့် အူရဒူ မွတ်ဆလင်များဖြင့် ဖွဲ့စည်းထားသော အင်းဝဘုရင် အနောက်ဘက်လွန်မင်း၏တပ်များ သန်လျင်သို့ လာရောက်တိုက်ခိုက်သောအခါ သူတို့နှစ်ဦး အတူတကွ ပူးပေါင်းကာ ပေါ်တူဂီလူမျိုး၊ အာဖရိကန်လူမျိုး၊ မာလာဘာရီကျွန်းသားစသည့် လူမျိုး သောင်းပြောင်းထွေလာ ပါဝင်သောစစ်တပ်ဖြင့် ကြိုးစားခုခံခဲ့သည်။ နောက်ဆုံးတွင် ဒီဘရစ်တိုသည် ဖမ်းဆီးခံခဲ့ရပြီး ယနေ့ရန်ကုန်မြို့မှ မိုင်အနည်းငယ်သာ လှမ်းသော ကုန်းကမူတစ်ခုပေါ်တွင် ကိုယ်လုံုးတီး တံကျင်တင်ခံရလေသည်။ ဒီဘရစ်တိုသည် ပျက်စီးလေသော သူအုပ်စိုးခဲ့ရာဒေသကို နာကျင်ပင်ပန်းဆင်းရဲစွာဖြင့် မျှော်ကြည့်ရင်း သုံးရက်တိုင်တိုင် အသက်ရှင်နေခဲ့သည်။ သူ၏ နောက်လိုက်နောက်ပါများသည် မူးမြစ်ဝှမ်းဒေသရှိ ဘရင်ဂျီရွာများသို့ ပို့ခံခဲ့ရသည်။ ဂျာဗားသွေးနှောကာ ချောမောလှပသော သူ၏ကြင်ယာ၊ ဂိုအာမြို့မှ ပေါ်တူဂီဘုရင်ခံ၏ တူမဖြစ်သူ ဒေါနာလွီဆာဒီဆယ်လ်ဒါနာ (Dona Luisa de Saldhana) မှာမူ အင်းဝရှိ ကျွန်ဈေးတွင် အရောင်းခံလိုက်ရလေသည်။

အလယ်ခေတ်နှင့် ခေတ်သစ်ဦးကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွှယ်မှုများ (၉၀၀မှ ၁၈၂၄ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်