နိုဝင်ဘာ ၁၈၂၄ - ၂၄ ဖေဖော်ဝါရီ ၁၈၂၆
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (အပိုင်း ၂)
room United Kingdom
people Sir Archibald Campbell Bandula Prince of Dwarawaddy Prince of Tharawaddy Lord of Kawlin
အပိုင်း ၁ ကို ဒီမှာဖတ်ပါ
ရခိုင်ပြည်နှင့် အာသံပြည်မှ ဗန္ဓုလတပ်များ ပြန်ရောက်လာသဖြင့် ရန်ကုန် စစ်ရှေ့မျက်နှာတွင် စိတ်ဓာတ်ကျနေသော မြန်မာစစ်သည်များက ပြန်လည် တက်ကြွလာသည်။ ဗန္ဓုလသည် ရောက်ရောက်ချင်း ဗြိတိသျှတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်တော့သည်။ အရှေ့ဘက်ရှိ ပုဇွန်တောင်တွင် မြို့လတ်မင်းကြီးနှင့် အင်အား သုံးထောင်၊ မြောက်ဘက်တွင် ညီတော် မင်းထင်မင်းခေါင်နှင့် အင်အားသုံးထောင်၊ အနောက်ဘက်တွင် နန်းစောင့်တပ်မှူးမင်းကြီး မဟာမင်းလှဇေယျသူနှင့် အင်အား လေးထောင်တို့ကို အသီးသီး နေရာချသည်။ ဆာအာချီဘောကင်းဘဲ တပ်စွဲနေသည့် သိင်္ဂုတ္တရကုန်းတော်၏ အရှေ့တည့်တည့် တောအုပ်ထဲသို့ မင်းကြီး မဟာမင်းလှရာဇာနှင့် လူအင်အား လေးထောင်ကို စေလွှတ်သည်။
ဗန္ဓုလ၏ စစ်အင်အား
ဗန္ဓုလရောက်လာသည်နှင့် မြန်မာ့တပ်မတော်၏ စစ်ရေးဗျူဟာလည်း ပြောင်းလဲသွားသည်။ ခံစစ်နှင့် တိုက်နေမည့်အစား ဗြိတိသျှကို ထိပ်တိုက်ရင်ဆိုင်လျှင် အနိုင်ရနိုင်သည်ဟု ယုံကြည်သည်။ နန်းတွင်းသို့လည်း ဖြစ်နိုင်ချေကို အစီရင်ခံသောအခါ နန်းတွင်းကလည်း တတ်စွမ်းသမျှ လိုလေသေးမရှိ ထောက်ပံ့ပေးသည်။ အင်းဝနေပြည်တော်မှ စစ်တိုက်ရန် တုံ့ဆိုင်းသူများကိုလည်း တက်ကြွလာအောင် နှိုးဆော်နိုင်ခဲ့သည်။
ဗြိတိသျှတို့က မြန်မာတို့၏ စစ်အင်အားကို တကယ် ရှိသည်ထက် အရေအတွက် ပိုများသည်ဟု မှန်းဆထားခဲ့သည်။ အထူး မြင်းတပ်သား ၇၀၀ နှင့် သေနတ်ကိုင်တပ်သား သုံးသောင်းခွဲ အပါအဝင် စုစုပေါင်း ခန့်မှန်းခြေ စစ်သည် ခြောက်သောင်းကို ရင်ဆိုင်ရမည်ဟု တွက်ထားကြသည်။ မြန်မာစစ်သည်များ အကြောင်းကို “အဲမောင်း(လှံရှည်)ကိုင် စစ်သည်များမှာ အလွန်ပင် ကြံ့ခိုင်ကြသည်”ဟု မှတ်တမ်းများကလည်း ဆိုထားသည်။ ကင်းဘဲ ကိုယ်တိုင်ပင် “ရရှိသောသတင်း မှန်ကန်လျှင် မြန်မာတစ်ပြည်လုံး၏ စုပေါင်းအင်အားစုသည် ယခု ကျွန်ုပ်တို့ ရှေ့သို့ ရောက်ရှိနေသည်ဟု ကောက်ချက်ချရပေမည်။ သုံ့ပန်းများ၏ အဆိုအရ ဗန္ဓုလသည် မရေမတွက်နိုင်သော တပ်အင်အားနှင့် ဓနုဖြူမြို့သို့ ရောက်နေပြီ။ နောက်လဆန်းခန့်တွင် ကျွန်ုပ်တို့၏ စခန်းများကို ဝင်ရောက်တိုက်ခိုက်တော့မည်ဟု သိရသည်။”ဟု မှတ်ချက်ပြု ရေးသားခဲ့သည်။
ဗန္ဓုလသည် ဓနုဖြူမြို့၌ နောက်တန်း အခြေစခန်းချကာ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သူ့တပ်များသည် ရန်သူ၏ မြောက်ဘက်စစ်မျက်နှာရှိ တောအုပ်ထဲတွင် လည်းကောင်း၊ ဟင်းလင်းပြင် လယ်ကွင်းများတွင်လည်းကောင်း နေရာယူလိုက်ကြသည်။ တစ်နေ့လုံး သစ်ပင်ကို ပုဆိန်နှင့် ခုတ်သံ၊ သစ်ပင်ဖြိုလှဲသံများကို ဗြိတိသျှတို့ ကြားနေရသည်။ နောက်နေ့မနက်တွင် မြန်မာတို့က ရှိသမျှ အကောင်းဆုံး အမြောက်များနှင့် စပစ်သည်။ သေနတ်ကိုင်စစ်သည်များကို အကာအကွယ်ယူကာ ရှေ့သို့တက်သည်။ ရွှေတိဂုံဘုရား ပတ်ပတ်လည်တွင် လူချင်းထိုး သတ်ပုတ်ကြသည်အထိ ထိုးစစ်ဆင်သော်လည်း ပြန်လည်ဆုတ်ခွာသွားရသည်။ နေ့လည်တွင် မြန်မာတပ်ရင်း လေးခုကို တပ်မှူးများက ဦးဆောင်ကာ တောင်ဘက်ရှိ ဒလမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ကူးလာသည်။ အနောက်မြောက်ဘက်မှလည်း မြန်မာများက ရွှေတိဂုံစေတီတော်သို့ တိုးလာသည်။ တပ်မကြီးကလည်း ယခုအင်းယားကန် အနီး မြောက်အရပ်တွင် ရောက်ရှိနေပြီ။ မွန်းလွဲပိုင်းရောက်မှ ဗြိတိသျှတို့သည် ၎င်းတို့ကို ပတ်ပတ်လည်မှ ဝိုင်းထားကြောင်း သဘောပေါက်သွားတော့သည်။
ကတုတ်ကျင်းဗျူဟာ
မြန်မာတို့၏ နောက်ထပ်ခြေလှမ်းက ဗြိတိသျှတို့ကို အံ့အားသင့်စေသည်။ ကတုတ်မြောင်းများ တူးထားသဖြင့် “ချီတက်လာတဲ့ တစ်တပ်လုံး မြေကြီးထဲ ဝင်ရောက် ပျောက်ကွယ်သွားကြသည်” ကို အဆန်းတကျယ် ဖြစ်နေကြသည်။ နောင်နှစ် ၁၀၀ မပြည့်ခင်တွင်ပင် ဗြိတိသျှတို့က ပြင်သစ်မြောက်ပိုင်းဒေသ၌ အလားတူ ကျင့်သုံးကြသော်လည်း ထိုအချိန်ကမူ နားမလည်ကြ။ “ချီတက်လာနေတဲ့ လူအုပ်ကြီးကို စိုးရိမ်တကြီး ကြည့်နေကြတုန်း တခဏ အတွင်း မြေကြီးထဲ ဝင်သွားကြတယ်။ အစအဆုံး ကြည့်နေသူတွေက လွဲရင် ဤမြေအောက်တွင် စစ်တပ်များ ရှိနေကြောင်း ဘယ်သူမှ ယုံမှာ မဟုတ်။ ရွှေထီးဆောင်းထားတဲ့ တပ်မှူးက ဟိုသည်သွားလာရင်း တပ်သားများကို စီမံကွပ်ကဲနေတာကို တစ်ချက် တစ်ချက်တော့ မြင်ရတယ်။ အဝေးက လှမ်းကြည့်နေသူတွေက တောင်ပူစာလေးတွေလို့ပဲ ထင်မှာပဲ။ တိုက်ပွဲဝင်ရန် ချဉ်းကပ်လာနေတဲ့ ရန်သူတပ်မတော်လို့ ဘယ်လိုမှတွေးထင်ထားလိမ့်မည် မဟုတ်။ တစ်ချိန်လုံး ထိုသို့ ထူးဆန်းစွာ ချဉ်းကပ်လာတာကို စောင့်ကြည့်နေတဲ့ ကျွန်ုပ်တို့ အဖို့ ပဉ္စလက် လှည့်ကွက်တစ်ခု ကြည့်နေရသလိုပါပဲ။”
ဆက်လာသည့်ရက်များတွင် မြန်မာတို့သည် မြေကြီး တူးရင်း ရှေ့ဆက်တိုးလာရာ ဗြိတိသျှ တပ်စခန်းနှစ်ခုနှင့် သေနတ်တစ်ပစ်စာ အကွာအဝေးအထိ ရောက်လာခဲ့သည်။ ဗြိတိသျှတပ်စခန်းနှစ်ခုမှာ သိင်္ဂုတ္တရကုန်းတော်နှင့် ရန်ကုန်မြို့ထဲတွင် တည်ရှိသည်။ စခန်းသို့ ချဉ်းကပ်နိုင်သည့် လမ်းမှန်သမျှကို ဗြိတိသျှတို့က တားဆီးပိတ်ဆို့ထားသည်။ အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြိုင်ကြဲကြသည်။ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဒုံးကျည်လက်နက် အားဖြည့်ပစ်ကူပေးမှုကြောင့် ကင်းဘဲ၏ တပ်များက အသာစီးရလာသည်။ စစ်မြေပြင်၌ ရာချီသော မြန်မာစစ်သည်များ ကျဆုံးသည်။ ဗန္ဓုလနှင့် ၎င်း၏ဗျူဟာမှာ မအောင်မြင်ခဲ့။ ကင်းဘဲက နောက်မှ ထပ်ကြပ်မကွာ ထိုးစစ်ဆင်သဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် နောက်ဆုံးခံတပ် ကုက္ကိုင်းကို ဝင်သိမ်းနိုင်ပြီး မြန်မာတို့ကို ရန်ကုန်မြို့မှ မောင်းထုတ်နိုင်ခဲ့သည်။
ဗန္ဓုလ၏ နောက်ဆုံးခံစစ်
ဗန္ဓုလလည်း နောက်တန်းစခန်း ဓနုဖြူမြို့သို့ ပြန်ဆုတ်သွားသည်။ ဓနုဖြူမြို့မှာ ရန်ကုန်မြို့၏ အနောက်ဘက်နှင့် သိပ်မလှမ်းသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်၌ တည်ရှိသည်။ ဘကြီးတော်ဘုရားကလည်း ကျန်ရှိသမျှ နန်းစောင့်တပ်များကိုပါ လွှတ်ပေးသည်။ မြန်မာပြည် တောင်ပိုင်းတစ်ခုလုံးကို ပုသိမ်မြို့ဝန်လက်အောက် စည်းရုံးထားရှိစေသည်။ အထူးအင်အား ဖြည့်တင်းသည့် အနေနှင့် ဒွာရဝတီမင်းသား၏ တပ်ကို ရှမ်းပြည်မှ ပြန်ခေါ်သည်။ ရေတပ်သားများကို ရာနှင့်ချီ ထပ်မံ ဖြည့်တင်းသည်။ စုစုပေါင်း အင်အားတစ်သောင်းခန့် ပါဝင်သော တပ်ကြီးတွင် လူမျိုးပေါင်းစုံ၊ ကျွမ်းကျင်မှု ပေါင်းစုံ ပါဝင်သည်။ ဘုရင့်တပ်မတော်မှ အတော်ဆုံး စစ်သည်များ ပါရှိသလို စစ်မှုမထမ်းမနေရ အမိန့်ကြောင့် ပါလာရသည့် လက်နက်ပင် မကိုင်တတ်သော စစ်ရည်မဝသူများလည်း ပါဝင်သည်။ ဓနုဖြူခံတပ်မှာ မြစ်ကြောင်းတစ်လျှောက် တစ်မိုင်ခန့်ရှည်လျားပြီး ၁၅ ပေခန့်မြင့်သော ခိုင်မာသည့် ကျွန်းသစ်လုံးများနှင့် တည်ဆောက်ထားသည်။ ခံတပ်၏ နောက်ဘက်တွင် မြို့ဟောင်း၏ အုတ်ရိုးတံတိုင်းရှိသည်။ တိုက်ခိုက်မှုကို ကာကွယ်ရန် မြောင်းများတူးပြီး ဆူးညှောင့်ဝါးချွန်များဖြင့် ထောင်ချောက်ဆင်ထားသည်။
ဗြိတိသျှတို့က စစ်သည်လေးထောင်ခန့် အင်အား အလုံးအရင်းနှင့် ဓနုဖြူမြို့ အနီးသို့ ချီတက်ရောက်ရှိလာကာ ဆက်သားတစ်ဦးကို စေလွှတ်ပြီး လက်နက်ချရန် တောင်းဆိုရာ ဗန္ဓုလက အကြောင်းပြန်သည်မှာ “ကျွန်ုပ်တို့ နှစ်ဦးသည် မိမိတို့ တိုင်းပြည် ကိုယ်စီအတွက် တိုက်နေခြင်း ဖြစ်သည်။ အသင်သည် အသင်၏ ဂုဏ်သိက္ခာ ထိန်းသိမ်းရာတွင် တည်ငြိမ်စွာ ရှိသကဲ့သို့ အကျွန်ုပ်လည်း ကျွန်ုပ်၏ တပ်လုံရန် ကာကွယ်ရာ၌ တည်ငြိမ်စွာရှိကြောင်း အသင် တွေ့မြင်ရမည်။ ဓနုဖြူမြို့ကို ကြည့်လိုသော် အကြည်တော်များ အဖြစ် လာခဲ့ပါ။ အကျွန်ုပ် ပြမည်။ အသင်သည် ရန်သူကဲ့သို့ လာပါက ကုန်းပေါ် ချီတက်ခဲ့”ဟု ဖြစ်သည်။
ဗြိတိသျှတို့၏ ပထမဆုံး တိုက်စစ်မှာ မအောင်မြင်သည့် အလျောက် ဗန္ဓုလက တန်ပြန်တိုက်စစ်ဆင်ရန် ကြိုးစားသည်။ ခြေလျင်တပ်သားများ၊ မြင်းတပ်များနှင့် တိုက်ဆင် ၁၇ ကောင် သုံးသော်လည်း အရာမရောက်။ တိုက်ဆင်များမှာ မိုးသီးမိုးပေါက်ပမာ ကျလာသည့် ဒုံးကျည်များကြောင့် ရှေ့မတိုးနိုင်။ ဗြိတိသျှအမြောက်တပ်မှ အဆက်မပြတ်ပစ်ခတ်မှုကြောင့် မြင်းတပ်လည်း မလှုပ်သာ မလွန့်သာ။ မြန်မာစစ်သည် ရာချီ သေဆုံးခဲ့သည်။ မြစ်တွင်းတိုက်ပွဲတွင်လည်း မြန်မာစစ်လှေများကို ဗြိတိသျှ စစ်သင်္ဘောများက ချေမှုန်းနိုင်ခဲ့သည်။
ဗန္ဓုလလည်း ပိုစိတ်ပူလာသည်။ ထိုစဉ်ပင် အရာရှိတစ်ဦး ဒုံးကျည်မှန်၍ ကျဆုံးသည်ကို မြင်သော စစ်သည်နှစ်ဦးသည် တာဝန်ကျရာ နေရာမှ ထွက်ပြေးသည်။ ဗန္ဓုလက ယင်းတို့ကို မူလနေရာသို့ ပြန်ခေါ်လာစေပြီး ဒုံးကျည်ကျရာ တည့်တည့်တွင် ရပ်စေကာ ချက်ချင်း ခေါင်းဖြတ်သတ်လိုက်သည်။ အဆုံးသတ်ကိုလည်း ကြိုသိနေခဲ့ပြီ။ အခြား နည်းဗျူဟာများကိုလည်း မည်သို့မှ တွေးမရတော့ချေ။ ထိုညက ဗန္ဓုလသည် ညစ်ထေးနေသည့် ပိတ်ထည်ပေါ်တွင် စာတစ်စောင် ရေးကာ ကင်းဘဲထံသို့ ပို့လိုက်သည်။ “စစ်မြေပြင်တွင် တစ်ဦး၏ စစ်အင်အားကို တစ်ဦးက သိသည်။ နိုင်ငံနှစ်ခုမှာ ဘာမဟုတ်သည့်အကြောင်းရင်းကြောင့် စစ်ဖြစ်ကြရသည်။ ကျွန်ုပ်တို့ကမူ တစ်ဦးစိတ်ကို တစ်ဦး မသိနိုင်။”
"ဤသည်မှာ ကံတရားသာ..."
နောက်တစ်နေ့မနက်တွင် ဗြိတိသျှတို့က မီးကုန်ယမ်းကုန် တိုက်ခိုက်သည်။ မြို့များကို အမြောက်နှင့်ထုသည်။ မြန်မာစစ်ကြောင်းရှိရာ မှန်သမျှကို ဒုံးကျည်မိုးရွာသည်။ ပထမတွင် တုံ့ပြန်မှု မရှိ။ နောက်မှ ကျန်ရစ်သည့် မြန်မာတပ်စုငယ်လေး တစ်စုက ထွက်လာကာ ဓနုဖြူခံတပ်တွင် လူသူမရှိတော့ပါဟု သတင်းပေးသည်။ ဗန္ဓုလမှာ ဗုံးဆန်မှန်ကာ ကျဆုံးသွားပြီး များမကြာတွင်ပင် မြန်မာတပ်များသည်လည်း ခံတပ်မှ ဆုတ်ခွာသွားကြသည်။ ပြည်မြို့သို့ ဦးစွာ ဆုတ်ခွာလာခဲ့ပြီး အထက်သို့ ဆက်လက် ဆန်တက်မည် ဖြစ်သည်။ ဗန္ဓုလသည် ခံတပ်အတွင်း လှည့်လည်ကာ စစ်သည်ရဲမက်များကို အားပေးနေခဲ့သည်။ အဆောင်အယောင် ဝတ်စုံပြည့်နှင့် ရွှေထီးကြီး တဝင်းဝင်းနှင့် သွားလာနေသည်မှာ ရန်သူ အတွက် ပစ်မှတ်ထင်းထင်းကြီး ဖြစ်နေလိမ့်မည်ဟု သူ့စစ်ကဲတပ်မှူးများက သတိပေးသော်လည်း လက်မခံခဲ့။
ဗန္ဓုလ၏ နောက်ဆုံးအမှာစကားကို ဤသို့ မှတ်သားရသည်။ "ကျွန်ုပ်တို့သည် တိုက်ပွဲတွင် ရှုံးကောင်းရှုံးမည်။ ဤအရာသည် ကျွန်ုပ်တို့၏ ကံကြမ္မာဖြစ်သည်။ ကျွန်ုပ်တို့ အကောင်းဆုံး တိုက်ခိုက်ကြပြီး ကျွန်ုပ်တို့၏ အသက်များကို ပေးဆပ်ကြမည်။ မည်သို့ပင် ဖြစ်စေ သတ္တိနှင့် တိုက်ခိုက်မှု စွမ်းရည် ကင်းမဲ့သည့် အတွက် တိုက်ပွဲရှုံးနိမ့်ရခြင်းကြောင့် ဂုဏ်သိက္ခာမဲ့ခြင်းနှင့် အရှက်ရခြင်းကို ကျွန်ပ် မခံစားနိုင်ပါ။ မြန်မာတို့ တိုက်ပွဲရှုံးနိမ့် ရခြင်းမှာ သူတို့၏အကြီးအကဲ တပ်မှူးချုပ်ကို ဆုံးရှုံးရခြင်းကြောင့် ဖြစ်ကြောင်း သဘောပေါက်ပါ စေ။ ဤအရာသည် အမြဲ တည်ရှိနေမည့် မြန်မာတို့၏ တိုက်ခိုက်မှု စိတ်ဓာတ်ကို သက်သေပြလိမ့်မည် ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများအလယ်တွင် ကျွန်ုပ်တို့တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာ နှင့် ခမ်းနားထည်ဝါခြင်းကို ပို၍ ပြည့်စုံစေလိမ့်မည်။"
ဗြိတိသျှတို့ စစ်ပွဲမှ သိမ်းယူရရှိသည့် အဖိုးတန်ပစ္စည်းများထဲတွင် ဗန္ဓုလ၏ သံချပ်ကာဝတ်စုံနှင့် အိန္ဒိယစစ်လည်ရှည်ဖိနပ်တစ်ရံ ပါဝင်သည်။ ၎င်းတို့ကို ကင်းဘဲက လန်ဒန်မြို့သို့ ယူဆောင်သွားပြီး တော်ဝင်လက်နက်တိုက်တွင် ပြသထားသည်။
ဝက်ပေါင်ခြောက်နှင့် ဝိုင်နီ နေ့လည်စာ
လွန်ခဲ့သော ရက်သတ္တပတ်က အပူရှိန် ပြင်းထန်ခဲ့သမျှ ယခုမူ မုန်တိုင်းဝင်ကာ ပုံမှန် မိုးရွာလေပြီ။ ဗြိတိသျှတို့သည် ငါးလလုံးလုံး ပြည်မြို့တွင် နားနေခဲ့ရသည်။ လတ်တလောတွင် ကုမ္ပဏီ၏ စစ်သည်အင်အားမှာ စုစုပေါင်း ငါးထောင်ခန့်ရှိသည်။ ဥရောပတပ်သား သုံးထောင်နှင့် မြင်းစီးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့တို့ ပါဝင်သည်။ သာယာဝတီမင်းသား အပါအဝင် အင်းဝနန်းတော်မှ မှူးမတ်အချို့က ညှိနှိုင်းစေ့စပ်ရန် ဘုရင်ကို အကြံပေးသည်။ ကိုယ်တိုင် စစ်သူရဲကောင်းတစ်ဦး ဖြစ်ပြီး ရန်ကုန်တိုက်ပွဲအတွင်း ဗန္ဓုလ ဘေးတွင် ရှိနေခဲ့သည့် သာယာဝတီမင်းသားသည် စစ်မြေပြင်တွင် ရန်သူ၏ အားသာချက်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။ အချို့က တိုင်းပြည်အင်အား မလျော့ရဲသေးပါ။ အောင်နိုင်မှုကို ရယူနိုင်ပါသေးသည်ဟု စောဒက တက်ကြသော်လည်း သမားရိုးကျ စစ်ဗျူဟာမျိုး မဟုတ်ဘဲ နည်းဗျူဟာသစ်ကို မည်သူမှ အကြုံမပြုနိုင်။ ထုံးစံအတိုင်း စစ်သားအင်အား ဖြည့်ကာ ဗြိတိသျှတို့နှင့် ကွင်းပြင်ကျယ်တွင် ထိုးစစ်ဆင်ရန် သို့မဟုတ် ခံတပ်အခိုင်အမာ ပြုကာ ခံစစ်ပြုရန်သာ ဆိုကြသည်။ ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့သည့် စစ်သူကြီး မဟာဗန္ဓုလပင်လျှင် ပြောက်ကျားစစ်ဆင်ရေး သို့မဟုတ် စစ်နည်းဗျူဟာသစ် တစ်မျိုးမျိုးကို ကြံစည်တွေးတောနိုင်စွမ်း မရှိခဲ့။
နွေနှောင်းကာလတွင် ဆာအာချီဘောထံသို့ မြန်မာမင်းကို ဆက်သွယ်၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ညွှန်ကြားချက် တစ်စောင် ရောက်ရှိလာသည်။ မြန်မာတို့ကလည်း ချက်ချင်း အကြောင်းပြန်လာသည်။ ယာယီ အပစ်အခတ် ရပ်စဲရေး ကာလကို စက်တင်ဘာ ၁၇ ရက်နေ့က စတင်ရန် ဖြစ်သည်။ ဗြိတိသျှတို့ တပ်စွဲထားသော ပြည်မြို့နှင့် မြန်မာတို့တပ်စွဲထားသော မြေထဲမြို့ (အောင်လံမြို့) အကြား ခရီးတဝက်၌ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နန်းတွင်း ဝန်ကြီးနှစ်ပါးနှင့် မဟာဗန္ဓုလ၏ ထိပ်တန်း ရခိုင်တပ်မှူးများလည်း ပါဝင်သည်။ ကင်းဘဲ ပြင်ဆင်ထားသော နေ့လည်စာ၊ ဝက်ပေါင်ခြောက်နှင့် ဝိုင်နီတို့ကို ခံတွင်းတွေ့ကြသည်ဟု ဆိုသည်။
ထို့နောက် ဗြိတိသျှတို့က တောင်းဆိုချက်များကို တင်ပြသည်။ မြန်မာတို့ဘက်မှ မဏိပူရပြည်၏ လွတ်လပ်ရေးကို အသိအမှတ်ပြုရန်၊ အာသံနယ်နှင့် ကချာနယ် အရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ ရခိုင်ပြည်နှင့် လက်အောက်ခံနယ်များကို ပေးအပ်ရန်နှင့် စစ်လျော်ကြေးငွေ ရူပီ ၂ ကုဋေ ပေးအပ်ရန် ဖြစ်သည်။ စစ်လျော်ကြေး ကြေသည်အထိ ရန်ကုန်မြို့၊ မုတ္တမမြို့နှင့် တနင်္သာရီဒေသတို့ကို ဗြိတိသျှတို့က ထိန်းသိမ်းထားမည်ဟု ဆိုသည်။
ဤအခြေအနေကို မြန်မာတို့ဘက်မှ လက်ခံရန် အသင့် မဖြစ်သဖြင့် အချိန်ဆွဲပြီး“စစ်ပြေငြိမ်းရန် အမှန်တကယ် လိုလားသည်ဆိုလျှင် နဂိုကအတိုင်း မဟာမိတ် အဖြစ် ဆက်လက်တည်ရှိမည်။ မြန်မာတို့၏ ဓလေ့ထုံးစံအရ မဟာမိတ်ဖြစ်ကြလျှင် တစ်ဦးပိုင်သည့်အရာကို တစ်ဦး လုမယူလိုသည့် ထုံးစံ ရှိသည့်အတိုင်း လက်ရှိ သိမ်းယူထားသည်ကို ပြန်လည်ပေးအပ်မှသာ မဟာမိတ် ဆက်ဆံရေး ဖြစ်ပါမည်။ မည်သို့ပင်ဆိုစေ ယာယီ ရပ်စဲရေးကာလ ပြီးဆုံးမှ စစ်စရိတ် ငွေကြေးကိုလည်းကောင်း၊ ပိုင်နက် နယ်မြေကိုလည်းကောင်း ထပ်မံ တောင်းခံပါလျှင် ကျွန်ုပ်တို့၏ မဟာမိတ်ဖွဲ့ခြင်းမှာ ပျက်ပြယ်သွားပြီဟု သင်တို့ မှတ်ယူနိုင်ပါကြောင်း”ဟု စကားပြန်သည်။
သို့ရာတွင် မြန်မာတို့တွင် ရွေးချယ်စရာ သိပ်မရှိ။ ဗြိတိသျှတို့ကို အနိုင်တိုက်နိုင်မည့် နည်းဗျူဟာသစ် ကြံဆလိုစိတ်ရော၊ ကြံဆနိုင်စွမ်းပါ မရှိကြ။ လက်ရှိအင်အားမှာ ဗြိတိသျှတို့၏ ထိုးစစ်ကို ဟန့်တားနိုင်စွမ်း မရှိ။ လုပ်နိုင်သမျှမှာလည်း စစ်ရေး မကျွမ်းကျင်သော တပ်သားထောင်ချီကို ရှေ့တန်းပို့၊ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေသည်များကို ခဏရပ်၊ စစ်ဆက်တိုက်ကြရန်သာ ဖြစ်သည်။ ဘကြီးတော်ဘုရားနှင့် မှူးမတ်များက ဗြိတိသျှတို့၏ တောင်းဆိုချက်များ အပေါ် မကျေမချမ်း ရှိသည်။ မြန်မာတို့က သည့်ထက် သက်သာလျော့နည်းသော တောင်းဆိုချက်များကို မျှော်လင့်ထားဟန် ရှိသည်။ မြန်မာ့သြဇာခံ အနောက်ဘက်အင်ပါယာကို အစိတ်စိတ် ခွဲလိုက်ခြင်းနှင့် များပြားသည့် စစ်လျော်ကြေး တောင်းခံမှုကို မမျှော်လင့်ခဲ့။ မြန်မာတို့က ၁၇၇၀ ပြည့်နှစ်က တရုတ်နှင့်စစ်ပြေငြိမ်းရေး စာချုပ်ကို ကိုးကားပြောဆိုသည်။ သို့သော် ထိုစာချုပ်မှာ မြန်မာတို့ အသာစီးရပြီးမှ ချုပ်ဆိုခြင်း ဖြစ်ပြီး ယခုစာချုပ်မှာမူ တိုက်ပွဲ အကြိမ်ကြိမ် ရှုံးသဖြင့် ချုပ်ရသောစာချုပ် ဖြစ်သည်။
နောက်ပိုင်း တွေ့ဆုံဆွေးနွေးပွဲများတွင် မြန်မာကိုယ်စားလှယ် ကောလင်းမြို့စားက စစ်ပွဲကြောင့် ဘုရင့်ဘဏ္ဍာတိုက်မှာလည်း လျော့ပါးနေသဖြင့် အင်းဝနေပြည်တော်သည် တောင်းဆိုသော စစ်လျော်ကြေးကို ပေးနိုင်မည် မဟုတ်ကြောင်း တင်ပြလာသည်။ မဏိပူရဘုရင်သစ်ကို ဗြိတိသျှတို့ ရွေးချယ်မည်ဆိုသည်ကို ကန့်ကွက်ကြောင်း၊ တနင်္သာရီ ကမ်းရိုးတန်းကို စွန့်လွှတ်နိုင်သော်လည်း ရခိုင်ပြည်ကိုတော့ မပေးနိုင်ကြောင်း၊ ရခိုင်ပြည်မှာ အထူးဒေသ ဖြစ်ပြီး မြန်မာပြည်နှင့် တွဲလျက်သာ ရှိသင့်ကြောင်း ဆွေးနွေးသည်။ ဗြိတိသျှတို့က မြန်မာဝန်ကြီးများ၏ ပြောဆိုချက်ကို အလေးမထားဘဲ “အသင်တို့ မည်ရွေ့မည်မျှ မိမိတို့ကို အပိုင်စားပေးရေးသည် ပဓါနမကျ။ မိမိတို့ အပိုင်ရသည်မှ မည်မျှကို ပြန်စွန့်မည်သည်က ပဓါန”ဟု ဆိုခဲ့သည်။
"ရဲတင်းလှသည့် နောက်ဆုံးသော တပ်မတော်"
ထိုအတောအတွင်း မြန်မာတို့ဘက်မှ ဆန့်ကျင်တော်လှန်ရန် ကြိုးပမ်းခဲ့ကြသေးသည်။ နိုဝင်ဘာလတွင် မဟာနေမျိုး ဦးဆောင်သောတပ်များက ပြည်မြို့ကို ပတ်ပတ်လည် ဝန်းရံသည်။ ရန်ကုန်မြို့နှင့် ဆက်သွယ်ရာ လမ်းကြောင်းကို ဖြတ်ပစ်လိုက်ကြသည်။ ထိုသို့ ပတ်ပတ်လည်မှ စစ်အင်္ဂါခင်း တိုက်ခိုက်လာပုံမှာ ရဲတင်းလှပြီး ချိန်သားကိုက် ပစ်ခွင်းနိုင်သော အမြောက်များကို အကြောက်အလန့် မရှိခြင်းပေတည်း ဟူ၍ ဗြိတိသျှတို့က မှတ်ချက်ပြုသည်။ မြန်မာ့တပ်မတော်သစ်တွင် ရှမ်းပြည်မှ စစ်သား အမြောက်အမြား ပါဝင်သည်။ ရှမ်းတပ်များကို ရှမ်းစော်ဘွားများက ဦးဆောင်သည်။ အများစုမှာ တရုတ်-မြန်မာနယ်စပ် အနီးဒေသများမှ ခေါင်းမွှေးဖြူနေပြီ ဖြစ်သော ခေါင်းဆောင်အိုများ ဖြစ်သည်။ ရှမ်းခေါင်းဆောင်များသည် လက်ထဲတွင် ဓားကို ဆုပ်ကိုင်ထားလျက်နှင့် တိုက်ပွဲကျသည်။ အချို့မှာ တိုက်ရင်းခိုက်ရင်း ကျဆုံးခဲ့သည်။ ဆာအာချီဘော့ကင်းဘဲ၏ တပ်သားများပင်လျှင် ချောမောသော မြင်းစီးမိန်းမပျို ၃ ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသေးသည်။ ရှမ်းမိန်းမပျိုလေးများ ဖြစ်ပြီး ၎င်းတို့မျိုးနွယ်စုများကို ဦးဆောင် တိုက်ပွဲဝင်ကြသူများ ဖြစ်သည်။
သို့သော် ထိုထိုသော တိုက်ပွဲများတွင်လည်း ဗြိတိသျှတို့ အနိုင်ရသည်။ နောက်ရက်သတ္တပတ်များစွာ ကြာသည် အထိ ဗြိတိသျှတို့ဘက်မှ ရက်ရက်စက်စက် ပစ်ခတ်နေသော ဒုံးကျည်နှင့် အမြောက်သေနတ်များကြောင့် မြန်မာတို့ အထိနာကာ ထိခိုက်ဒဏ်ရာရသူ ထောင်ချီနေလေပြီ။ တပ်မှူး မဟာနေမျိုး ကိုယ်တိုင်ပင် ဒီဇင်ဘာလဆန်းပိုင်းက ကင်းဘဲ၏ တပ်များက မြန်မာတပ်များ တည်ရှိရာ အားလုံးကို ထိုးစစ်ဝင်သည်ကို ခုခံရင်း ကျဆုံးခဲ့ပြီ။ မြန်မာတို့တွင် မျှော်လင့်ချက်တစ်ခုသာ ကျန်ပေသည်။ လှေလှော်သား ၆၀၊ သေနတ်ကိုင် စစ်သည် ၃၀နှင့် ၆ ပေါင် သို့မဟုတ် ၁၂ ပေါင် အမြောက်များ တပ်ဆင်ထားသည့် ပေတစ်ရာကျော် ရှည်လျားသော ကျွန်းသစ်လှေကြီးများ ဖြစ်သည်။ ထိုလှေကြီးများ အားကိုးကာ အသာစီးရနိုင်လောက်အံ့ဟု မျှော်လင့်တကြီးနှင့် မီးကုန်ယမ်းကုန် တိုက်ရန် ပြင်နေသည်။
၁၈၂၃ ခုနှစ်တွင် ဗြိတိသျှတို့က ဒိုင်ယာနာဟု အမည်ရှိသော သင်္ဘောသစ်တစ်စီးကို အိန္ဒိယဆိပ်ကမ်းမြို့ ဖြစ်သည့် ကစ်ဒါပူမြို့ (Kidderpore) တွင် တည်ဆောက်ခဲ့၏။ စစ်တိုက်ရာတွင် ပထမဆုံး သုံးခဲ့သော ရေနွေးငွေ့သင်္ဘော ဖြစ်သည်။ မြစ်ကို လှော်လှေထက် ပိုမြန်မြန် ဆန်တက်နိုင်သည်။ ထို့အပြင် စစ်သည်နှင့် ရိက္ခာထောက်ပံပစ္စည်းများ တင်ဆောင်လာသော လှေများကို ဆွဲနိုင်သည်။ ဧရာဝတီ မြစ်ကြောင်း အတိုင်း ဆန်တက်လာသော ဒိုင်ယာနာသင်္ဘောသည် အချိန်ကိုက် ရောက်လာခဲ့သည်။ မြန်မာတို့၏ ကြီးမားသော စစ်လှေကြီးများက တိုက်ခိုက်လျှင် သူက အဝေးသို့ ခွာပြေးသည်။ စစ်လှေကြီးများရှိ လှော်သူများ လက်ပန်းကျမှ ရေနွေးငွေ့အားဖြင့် အမြန်မောင်းနှင်လာကာ တစ်စင်းပြီး တစ်စင်းကို အမြောက်နှင့်ပစ်သောအခါ စစ်သည်များ၊ လှေသားများပါ နစ်မြုပ်ကြတော့သည်။ ထိုသို့ဖြင့် အင်အား အနည်းငယ်သာ ပါသော ဒိုင်ယာနာသင်္ဘောသည် စစ်လှေကြီးများကို လိုက်လံဖျက်ဆီးပစ်သည်။ သူ့မှာတော့ အထိအခိုက် မရှိသလောက်ပင်။ သို့နှင့် ဘုရင့်ရေတပ် ပြုတ်ပြုတ်ပြုန်းရသည်။ လုံးဝမကျန်သလောက် ဖြစ်သွားသည်။
မြန်မာတို့က ဖမ်းမိထားသည့် အင်္ဂလိပ်လူမျိုးနှင့် အမေရိကန်လူမျိုး သုံ့ပန်းနှစ်ဦးကို အချုပ်မှလွှတ်ကာ ဗြိတိသျှ စစ်စခန်းသို့ သံတမန်အဖြစ် စေလွှတ်သည်။ ဗြိတိသျှတို့က ယခင် တောင်းဆိုချက်များ အတိုင်း လိုလားကြောင်း ပြန်ကြားလိုက်သည်။ ဘကြီးတော်ဘုရား စစ်လျော်ကြေးပေးရန် သဘောမတူ။ သို့နှင့် စစ်သည်သစ်များ စုဆောင်းကာ မင်းကျော်ဇေယျသူရကို ကွပ်ကဲစေသည်။ ယခုတပ်သစ်မှာလည်း မဟန်လှ။ တပ်ထဲ မဝင်မနေရ အမိန့်နှင့် လယ်သမားများကို တပ်ထဲဆွဲသွင်းထားကာ ဓားရှည်များကို လက်နက်အဖြစ် သုံးကြသည်။ ယင်းတို့မှာ တိုက်ခိုက်ရေး အတွေ့အကြုံ လုံးဝမရှိ။ အရာရှိများမှာလည်း အတွေ့အကြုံရှိသော စစ်သည်ကောင်းများ မဟုတ်။ နန်းတွင်းမှူးမတ်နှင့် အမှုထမ်းများသာ ဖြစ်သည်။ ကျန်ရှိသမျှ လူသူကို ခေါ်ဆောင်ကာ ပုဂံမြို့အနီး လောကနန္ဒာဘုရားရိပ်၌ အရေးပေါ် နောက်ဆုံးခံစစ် အတွက် စုစည်းသည်။ သို့သော် အချိန်တိုမှာပင် နောက်ဆုံးသော စစ်သည်များကိုလည်း ဆုံးရှုံးခဲ့ရသည်။
ရန္တပိုစာချုပ်
ယုံကြည်မှုအပြည့်နှင့် ဆာအာချီဘောကင်းဘဲသည် အင်းဝနေပြည်တော်နှင့် လေးရက်ခရီးသာ ဝေးသော ရန္တပိုမြို့ အထိ ချီတက်လာသည်။ ထိုနေရာတွင် နိုင်ငံခြားသား သုံ့ပန်းနှစ်ဦး၊ မြန်မာဝန်ကြီးနှစ်ဦးနှင့် ဗြိတိသျှ အကျဉ်းသားများကို တွေ့ရသည်။ စာချုပ်လက်မှတ်ထိုးရန်နှင့် ဗြိတိသျှတို့ တောင်းဆိုသမျှ လိုက်လျောရန် အာဏာအပ်နှင်းထားခံရသည့် မြန်မာဘုရင့်ကိုယ်စားလှယ်အဖွဲ့က ထိုတွင်ပင် စစ်လျော်ကြေး ပထမအရစ် ရူပီ ၂၅ သိန်း တန်ဖိုးရှိ ရွှေချောင်း၊ ငွေချောင်းများ ပေးအပ်သည်။
ရန္တပိုစာချုပ်အရ မြန်မာဘုရင်က ဂျိန်းတိယနယ်၊ ကချာနယ်နှင့် အာသံနယ် အရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် သဘောတူသည်။ မဏိပူရပြည်၊ ရခိုင်ပြည်၊ တနင်္သာရီဒေသများကို ဗြိတိသျှတို့ထံ ပေးအပ်သည်။ စစ်လျော်ကြေးငွေကို အရစ်ကျ ပေးချေရန် အမရပူရ နေပြည်တော်နှင့် အိန္ဒိယပြည်၊ ကာလကတ္တားမြို့တွင် အပြန်အလှန် သံကိုယ်စားလှယ် ထားရှိရန် သဘောတူရသည်။ ရူပီတစ်ကုဋေ သို့မဟုတ် စတာလင်ပေါင် ၁ သန်း (ထိုစဉ်က အမေရိကန်ဒေါ်လာ ၅ သန်းခန့်) ဆိုသော စစ်လျော်ကြေးမှာ အလွန်များသည်။ ဗြိတိသျှတပ်များက ပထမအရစ် စစ်လျော်ကြေးရလျှင် ရန်ကုန်မြို့သို့ ဆုတ်ခွာမည်။ ဒုတိယအရစ် ရပြီးလျှင် ရန်ကုန်မြို့မှ ဆုတ်ခွာမည်။ ကာလကတ္တားမြို့ကို တဒင်္ဂမျှ တုန်လှုပ်စေခဲ့သည့် မြန်မာပြည်သည် နောက်ဆုံးတော့ အထိနာခဲ့လေပြီ။ ဗြိတိသျှပိုင် အိန္ဒိယနိုင်ငံ အရှေ့ဘက်ဒေသများကို ခြိမ်းခြောက်မှု မပြုနိုင်တော့။ မြန်မာနိုင်ငံကို စစ်နိုင်သဖြင့် ကင်းဘဲမှာမူ ဂုဏ်ရှိ၊ စီးပွားတက်လေကာ ကနေဒါနိုင်ငံ (Canada)၊ နယူးဘရန်းဝစ်မြို့ (New Brunswick) တွင် ဘုရင်ခံပင် ဖြစ်သွားခဲ့သည်။ မြန်မာတို့ အတွက်မူ လွတ်လပ်ရေး ဆုံးရှုံးရန် အစပျိုးခြင်းသာ ဖြစ်တော့သည်။
~သန့်မြင့်ဦး၏ ‘The River of Lost Footsteps’ စာအုပ်မှ ကောက်နှုတ်ပါသည်။