အမေ့ခံအတိတ်
အမေ့ခံအတိတ်
အီမိုရီတက္ကသိုလ်၏ ပထမဆုံးသော မြန်မာကျောင်းသား
event_note ခေတ်ကာလများပြပုံ

၁၉၁၀ - ၁၉၁၇

အီမိုရီတက္ကသိုလ်၏ ပထမဆုံးသော မြန်မာကျောင်းသား

room United States

Read in English

ကိုကျော်ညွန့်သည် ဆရာဝန်များနှင့် ခွဲစိတ်ဆရာဝန်များ၏ အတ္တလန်တာ ကောလိပ် (Atlanta College of Physicians and Surgeons) တွင် ပထမဆုံးသော မြန်မာကျောင်းသား ဖြစ်သည်။ ထိုကောလိပ်သည် နောင်တွင် အမေရိကန်ပြည်ထောင်စု (USA)၊ ဂျော်ဂျီယာပြည်နယ် (Georgia) ရှိ အီမိုရီတက္ကသိုလ် (Emory University) ၏ ဆေးတက္ကသိုလ် ဖြစ်လာသည်။ သူသည် ‘ရန်ကုန်မြို့ရှိ ကျောင်းတစ်ခုတွင် ကျောင်းအုပ်ဆရာနှင့် အင်္ဂလိပ်ဆရာ’ အဖြစ် လုပ်ကိုင်ပြီးနောက် ၁၉၁၀ ခုနှစ်တွင် နယူးယောက်မြို့ (New York) သို့ တစ်ပြားတစ်ချပ်မှ မပါဘဲ ရောက်ရှိလာသည်။ မြန်မာပြည်မှ ထွက်လာသည့် သင်္ဘောပေါ်တွင် လူလိမ်တစ်ယောက် (‘မြွေပွေးကဲ့သို့လူ) နှင့် တိုးကာ ပါလာသမျှ ကုန်သွားခဲ့သည်ဟု ဆိုသည်။ တစ်နည်းနည်းနှင့်တော့ ကိုကျော်ညွန့်သည် အတ္တလန်တာမြို့ (Atlanta) သို့ ရောက်သွား၍ ထိုနှစ်တွင် ဆေးကျောင်းသား ဖြစ်လာသည်။

ထိုစဥ်က အမေရိကန် တက္ကသိုလ်များတွင် မြန်မာနိုင်ငံမှ လာသည့် ကျောင်းသား ရှားပါးသည်။ ကျောင်း၏ နှစ်စဥ်စာစောင် ဖြစ်သော ၁၉၁၃ ခုနှစ်ထုတ် ‘ဆေးဘက်ဆိုင်ရာ’ စာစောင် (The Aesculapian)  ဘွဲ့ရချိန်တွင် ကိုကျော်ညွန့်သည် မြန်မာလူမျိုးများထဲမှ စတုတ္ထမြောက် သို့မဟုတ် ပဥ္စမမြောက် ဆေးပညာဘွဲ့ ရရှိသူ ဖြစ်လာတော့မည်ဟု ဖော်ပြခဲ့သည်။ ဆောင်းပါးတွင် ကိုကျော်ညွန့်၏ ဥာဏ်ရည်ဥာဏ်သွေး၊ ဖော်ရွေမှုနှင့် အကျင့်စာရိတ္တ ကောင်းမွန်ပုံကို အသားပေး ဖော်ပြထားသည်။ (အာရှလူမျိုးများကို ခွဲခြားဆက်ဆံခြင်း မရှိကြောင်း ဖော်ပြလို၍ ဖြစ်နိုင်သလို လူဖြူများသာ တက်သော ကောလိပ်ကျောင်းတွင် ‘လိမ်မာသော လူနည်းစု ကျောင်းသား’ ဟု ပုံသေ သတ်မှတ်ခြင်းလည်း ဖြစ်နိုင်သည်။ ထိုနှစ်စဥ် စာစောင်တွင် လူမည်းကျောင်းသား တစ်ဦးမှ မပါသည်ကို သတိပြုပါ။) ကိုကျော်ညွန့်သည် စာစောင်ထဲတွင် စာမျက်နှာ ၂ မျက်နှာ အပြည့် ဖော်ပြခံရသည့် တစ်ဦးတည်းသော ကျောင်းသား ဖြစ်သည်။ သူသည် ‘ဘွဲ့ကြိုကျောင်းသားထုတွင် အကျော်ကြားဆုံးသော၊ အများက လေးစားအားကျရသော ကျောင်းသား ဖြစ်သည်’ ဟု ရေးသားထားသည်။ ဆောင်းပါးထဲတွင် ‘ကမ္ဘာတွင် ကိုကျော်ညွန့်ကဲ့သို့ စံနှုန်း အတွက် ကြိုးစားအားထုတ်လိုသည့် လူများ လိုအပ်သည်။ သူသည် အတွေးအခေါ် ကောင်းသူ ဖြစ်၍ ပင်ပန်းစွာ ရုန်းကန်ရခြင်း၊ ခက်ခဲကြမ်းတမ်းခြင်းများ၊ စိတ်ပျက်လက်ပျက် ဖြစ်ရခြင်းနှင့် လိုအင်ဆန္ဒတို့သည် တစ်ချိန်တွင် ကျွမ်းကျင်မှုနှင့် အမျှော်အမြင်ရှိမှုတို့ကို ဖြစ်စေမည်ဟု နားလည်သည်။’ ဟု ဆိုထားသည်။ 

၁၉၁၆ ခုနှစ်တွင် အမေရိကန် နှစ်ခြင်း သတင်းစာ တစ်စောင်က ဒေါက်တာကျော်ညွန့်သည် မိတ္ထီလာမြို့တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားသည်ဟု ဖော်ပြခဲ့သည်။ သူ၏ အတန်းတွင် ပဥ္စမဆုဖြင့် အောင်မြင်ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် သူသည် ‘အောင်မြင်သော ဆေးခန်းကို ထားရစ်ခဲ့ကာ’ ကျိုင်းတုံမြို့တွင် ခရစ်ယာန် သာသနာပြုသွားခဲ့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်