အမေ့ခံအတိတ်
အမေ့ခံအတိတ်
အာသံပြည် သမိုင်းကြောင်း

4th Century - 19th Century

အာသံပြည် သမိုင်းကြောင်း

room India

Read in English

ရှေးကာလက အာသံအနောက်ပိုင်း ဂေါဟာထီဒေသ ပတ်ပတ်လည်မှာ “ကမ္မရူပ”ဟု အမည်တွင်သည်။ “ချစ်ခြင်းမေတ္တာ ပြန်လည်အသက်ဝင်လာသော နေရာ” ဟု အဓိပ္ပါယ်ရသည့် ဒေသ၏ ရာဇဝင်မှာ ဤသို့ဆိုသည်။ ဒက်ခ်ရှာနတ်ဘုရားတွင် အခြား နတ်ဘုရားတစ်ပါး ဖြစ်သော ရှီဗာနှင့် လက်ဆက်ထားသော သမီးတော်တစ်ပါး ရှိသည်။။ ဒက်ရှာက ရှီဗာကို မုန်းသည်။ လက်ထပ်မှုကို အသိအမှတ် မပြု။ တစ်နေ့တွင် ဒက်ရှာက ယဇ်ပူဇော်ပွဲကြီး တစ်ခု ပြုလုပ်သည်။ ရှီဗာ မှတစ်ပါး အားလုံးကို ဖိတ်ကြားသည်။ သမီးဖြစ်သူလည်း တက်ရောက်သည်။ သို့သော် ခင်ပွန်းအပေါ် မဖခင်၏ ဆက်ဆံပုံကြောင့် စိတ်ဂယောက်ဂယက်ဖြစ်ကာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ အမျက်ဒေါသထွက်၊ ရင်ကွဲနာကျနေသော ရှီဗာတစ်ယောက် ကြင်ရာတော်၏အလောင်းကို ဖက်ထားရင်း ကမ္ဘာပတ်ကာ ကြောက်မက်ဖွယ်ရာ အကကို ကပြတော့သည်။ နောက်ပိုင်းတွင် ထိုအလောင်းမှာ ကမ္ဘာမြေပေါ်သို့ ကျကာ အပိုင်း ၅၁ ပိုင်း ကွဲသွားခဲ့သည်။

အခြားသော နတ်ဘုရားများကလည်း စိုးရိမ်လာသဖြင့် နောက်ဆုံးတွင် ကမ္မဒေ၀ ခေါ် အိန္ဒိယမြားနတ်မင်းအား စေလွှတ်လိုက်သည်။ ရှီဗာ သေမင်းအက ကနေခြင်းမှ ရပ်ကာ ဇနီးဖြစ်သူကို မေ့ပျောက်ပြီး ချစ်သူအသစ်တစ်ယောက် ရစေရန် တာဝန်ပေးလိုက်သည်။ ထိုအကြံမှာ အောင်မြင်ခဲ့သော်လည်း ရှီဗာက ကမ္မဒေဝကို အလွန် စိတ်ဆိုးသွားခဲ့ပြီး မျက်စောင်းတစ်ချက်ထိုးလိုက်ရာ ကမ္မဒေ၀ ပြာကျသွားသည်။ နောင်တွင်တော့ တန်ခိုးကြောင့် ကမ္မရူပ အသက်ပြန်ရှင်လာပါသည်။ ထိုသို့ ဖြစ်ခဲ့သည့် နေရာကို ကမ္မရူပဒေသဟု ခေါ်ကြသည်။

ရှီဗာ့ ကြင်ရာတော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ယောနိ သို့မဟုတ် မိန်းမကိုယ်သည် ဂေါဟာထိမြို့ပြင်ရှိ တောင်ထိပ်ပေါ်တွင် ကျသည်ဟု ယုံကြည်ကြသည်။ ထိုနေရာတွင် ကမ္မက္ခရမယ်တော်၏ ကျောင်းတော်ရာရှိသည်။ ရှီဗာ့ ကြင်ရာတော်၏ ခန္ဓာအစိတ်အပိုင်း ၅၁ ခုသည် အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တည်ရှိရာ နေရာများပေါ်သို့ ကျပြီး ယနေ့အခါ ဘုရားဖူးများ လာရောက်ဝတ်ပြုလေ့ ရှိကြသော နေရာများ ဖြစ်လာသည်။ ကမ္မက္ခရာကျောင်းသည် တန္တရလမ်းစဥ် ကျင့်ကြံသူများ အတွက် အရေးပါသည့် နေရာ ဖြစ်သည်။

ကမ္မက္ခရာတောင်တန်းနှင့် ယင်းနေရာရှိ စိမ့်စမ်းကို ဘယ်အချိန်ကစပြီး အမြင့်မြတ်ထားရာ နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်ကို မည်သူမှမသိ။ ထိုနေရာနှင့် ပတ်သက်သည့် အစောပိုင်းရာဇဝင်မှာ ဝေဝေဝါးဝါး ဖြစ်သည်။ ဒုတိယရာစုခေတ်က အလက်စန္ဒြီးယားမြို့တွင် တော်လမီ ရေးခဲ့သော ပထဝီဝင်မြေပုံကျမ်းတွင် “ဂင်္ဂါမြစ်အလွန် အိန္ဒိယ”ဟု ဆိုထားခြင်းသည် အာသံကို သာမက မြန်မာပြည်ကိုပါ ဆိုလိုဟန် ရှိသည်။ အရေးအသားကတော့ နားဝင်မချိုလှ။ တော်လမီဘုရင်က ဤဒေသတွင် နေထိုင်သူများသည် “နှာခေါင်းပြားကြသည်၊ အသားဖြူသည်” “နဖူးကျယ်သည်၊ မယဉ်ကျေး၊ ဘာမှမသိ နားမလည်ကြပေ”ဟု ရေးသားခဲ့သည်။ ထို့အပြင် ရွှေပေါတဲ့ ဒေသ၊ ကျားဆင်များပြီး ကမ္ဘာ့အကောင်းဆုံး သစ်ကြမ်းပိုးခေါက် ထွက်သည့်နေရာဟု ဆိုသည်။ ဂူထဲတွင် ရေမြင်းသကဲ့သို့ အသားအရေ ကြမ်းတမ်းသည့် လူရိုင်းဓားပြများ နေထိုင်ကြသည်။ ၎င်းတို့သည် လေးပစ် ကျွမ်းကျင်သည်ဟု ဆိုသည်။

ယနေ့တိုင် အိန္ဒိယအလယ်ပိုင်းနှင့် အရှေ့ပိုင်းတစ်ဝိုက်တွင် သြစထရို-အာရှဘာသာစကားများ (ဥပမာ - မုန္ဒဘာသာ) ကို ပြောဆိုသုံးပြုသော လူမျိုးစုငယ်များ ရှိနေသေးသည်။ ထိုဘာသာစကားများသည် ဗီယက်နမ်၊ ကမ္ဘောဒီယားစကားများနှင့် အနည်းငယ် ဆက်စပ်မှု ရှိသလို မြန်မာပြည်မှ လူသုံးနည်းသည့် မွန်နှင့် ၀ လူမျိုးတို့၏ ဘာသာစကားနှင့်လဲ ဆက်စပ်ဟန် ရှိသည်။ ရှေးခေတ်က ထိုဘာသာစကား ပြောသူများ နေရာအနှံ့နေထိုင်ကြသည် ပညာရှင်များက ဆိုသည်။ နောက်မှ ရောက်လာသူများကြောင့် သူတို့သည် ယနေ့ခေတ် နေရာများသို့ ပြန့်ကျဲသွားခဲ့ရသည်။ ယင်းတို့ကို ယခုတော့ မေ့ကုန်ကြလေပြီ။ ယင်းလူမျိုးများသည် သူ့ခေတ်သူ့အခါမှာတော့ ခေတ်ရှေ့ပြေးခဲ့ဟန် ရှိသည်။ ၎င်းတို့၏ ဆန်စပါး စိုက်ပျိုးရေးဆိုင်ရာ အသုံးအနှုန်းများကို နောင်မှ ရောက်လာသည့် အာသံဘာသာ၊ ဘင်္ဂလီဘာသာ စသည့် အရှေ့အင်ဒို-အာရိယန် ဘာသာများတွင်လည်း တွေ့ရသည်။ ထို့ကြောင့် ထို သြစထရို-အာရှ ဘာသာစကားပြောသူများသည် ဒေသတွင်း စိုက်ပျိုးရေး စနစ်များကို စတင်ခဲ့သူများ ဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်သည်။

ကမ္မရူပနှင့် ယနေ့ခေတ် အာသံ အနောက်ပိုင်းဒေသများတွင် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူမင်းဆက်များက ၄ ရာစုနှစ်ကတည်းက အုပ်စိုးခဲ့ကြသည်။ ထိုစဥ်က အိန္ဒိယကမ္ဘာ၏ ဗဟိုချက် ဖြစ်သည့် ဂင်္ဂါမြစ် အလယ်ပိုင်း၊ အောက်ပိုင်းဒေသများမှာ အနောက်တိုင်းနှင့် သိပ်မဝေးလှသေး။  ကမ္မရူပဘုရင်များသည်လည်း အနီးအနားရှိ အင်အားကြီး မင်းများ၊ ပြည်ထောင်များ၏ လွှမ်းမိုးမှုများကို ကြုံတွေ့ခဲ့ရပေမည်။ ၇ ရာစုခေတ်တွင် တရုတ်ပြည်မှ ဘုရားဖူးခရီးသည်ကြီး ရွှမ်ဇန်သည် အာသံသို့ ရောက်ခဲ့သည်။ ဘာသာတရား ကိုင်းရှိုင်းသော ကမ္မရူပဘုရင် ဘာစကာရာဗာမင်၏ ဖိတ်ကြားချက်အရ ရွှမ်ဇန်သည် အာရှအလယ်ပိုင်းရှိ သဲကန္တာရကြီးနှင့် အာဖဂန်နစ္စတန်ကို ဖြတ်ကာ ဝေးလံသော ခရီးလမ်းမှ အာသံသို့ ရောက်လာခဲ့သည်။ အာသံသို့ ရောက်နေသည့်အခိုက် ရွှမ်ဇန် စဉ်းစားမိသည်မှာ မိမိသည် အိမ်နှင့် ဝေးနေသည်မှာ ဆယ်နှစ်ကျော်ပြီ၊ သို့သော် အာသံနှင့် တရုတ်ပြည်မှာ နီးလျက်နှင့် ဝေးနေသည်။ အာသံမှ တစ်ဆင့် မြန်မာပြည် တည်နေရာကို ဖြတ်သန်း၍ တရုတ်ပြည် ပြန်မည့်လမ်းကြောင်းမှာ အလွန်ခက်ခဲလှပြီး အန္တရာယ်များလှသည်ဟု ခံစားရသဖြင့် အပြန်ခရီးတွင် ရွှမ်ဇန်သည် လာသည့်လမ်းကြောင်း ခရီးဝေးအတိုင်း ပြန်လာခဲ့လေသည်။ ထိုအချိန်က ဧရာဝတီမြစ်ရိုးတစ်လျှောက်၌ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ပြည်ထောင်ငယ်များ ရှိနေသည်။ ယူနန်တွင် နန်ချောင်ပြည် မပေါ်ပေါက်ခင်ကလေးတွင် ဖြစ်သည်။ အာသံမှ နေ၍ အရှေ့အရပ်သို့ သွားရာလမ်းသည် အန္တရာယ်များသည် မှန်သော်လည်း လုံးဝပိတ်ဆို့နေသည် မဟုတ်။ ထိုဒေသတစ်ဝှမ်းတွင် နေထိုင်သူများအတွက် ဘင်္ဂလားမှ တာလီသို့ ကူးသန်းရောင်းဝယ်ရေး အဆက်အစပ် ပုံမှန်ရှိခဲ့ကြသည်။ နောက်ထပ်နှစ် ၆၀၀ ကြာသောအခါ အာသံကို အရှေ့ဘက်မှ အဟုန်လူမျိုးတို့က သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ ၁၉  ရာစုနှစ်တွင် သူတို့ကို မြန်မာဘုရင်က သိမ်းပိုက်သည်။ ထို့နောက် ဗြိတိသျှအရှေ့ကုမ္ပဏီလက်အောက်သို့ ကျရောက်သွားခဲ့လေသည်။  

အဟုန်များသည် ယနေ့မြန်မာပြည်၏ တောင်တန်းဒေသများမှ ရောက်ရှိလာသူများ ဖြစ်ကြသည်။ အဟုန်ကို “အဆွန်” ဟုလည်း အသံထွက်ကြသည်။ “အာသံ”နှင့် အတူတူပင် ဖြစ်သည်။ မြန်မာဘာသာတွင် “ရှမ်း”၊ “စီယံ” (ထိုင်းနိုင်ငံ ယခင်အခေါ်) စကားလုံးများနှင့် တူသည်။ အမည် အမျိုးမျိုး ခေါ်ဆိုခြင်းသည် ဤဒေသတွင် ရှမ်းဒေသိယ ဘာသာစကားပြောသူတို့ ပျံ့နှံ့နေထိုင်ခဲ့ကြောင်း အထောက်အထားကို မှေးမှိန်သွားစေတတ်သည်။ မြန်မာ-တရုတ်နယ်စပ်မှအစ ရှေးခေတ်တိုင်း မင်းနေပြည်တော်များဖြစ်ကြသော ဆူခိုထိုင်း (သောက္ကတဲ)၊ နောင် အယုဒ္ဓယမှသည် အရှေ့ဘက် ဗီယန်ကျင်းနှင့် အနောက်ဘက် ကမ္မရူပတို့အထိ ယင်းဘာသာစကား လေသံဝဲများ အသုံးပြုသော လူများ ပျံ့နှံ့နေထိုင်ခဲ့ကြသည်။ ယနေ့ခေတ် အာသံ၊ မြန်မာပြည် မြောက်ပိုင်း၊ ယူနန်ပြည်နယ် အနောက်ပိုင်း၊ လာအိုနှင့် ထိုင်းနိုင်ငံတို့သည် အထက်တန်းလွှာ လူတစ်စု၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

ပထမဦးဆုံး အဟွန်ဘုရင်မှာ စူးခဖ ဖြစ်သည်။ ၁၉  ရာစုအလယ်ပိုင်းလောက်ထိ စူးခဖနှင့် ဆက်ခံသူမျိုးဆက်များက မိမိကိုယ်ကို “ဆဝါဂါဒီယို” သို့မဟုတ် အာသံ၏ မိုးနတ်မင်းဟု ခေါ်ဝေါ်တင်စားကာ စိုးစံအုပ်ချုပ်ကြသည်။ နောက်ပိုင်းတွင် သူတို့သည် ဟိန္ဒူဘာသာနှင့် အခြား အိန္ဒိယယဥ်ကျေးမှုများ၏ လွှမ်းမိုးမှုကို ခံရကာ နှစ်ပေါင်းနှစ်ရာ အတွင်း “အဟွန်ဘာသာ”သည် တရားဝင်ဘာသာစကားမှ ဖျက်ခံရကာ ဘင်္ဂါလီနှင့် ဟိန္ဒူဘာသာစကားတို့နှင့် ဆက်စပ်သော အာရီယ ဘာသာစကားတစ်မျိုး ဖြစ်သည့် အာသံဘာသာစကားကို အစားထိုး အသုံးပြုလာခဲ့ကြသည်။ သို့သော် သူတို့၏အရှေ့ပိုင်း ဇစ်မြစ်ကိုကား မမေ့ပျောက်ခဲ့ကြ။ ဗြဟ္မပုတ္တရမြစ်ညာရှိ အဟွန်ရွာသူရွာသားများသည် မြန်မာပြည်ရှိ သူတို့၏ဝမ်းကွဲ ရှမ်းလူမျိုးများကဲ့သို့ နေထိုင်အသက်ရှင်ကြဆဲ ဖြစ်သည်။ ကိုယ်ပိုင်အစိုးရအဖွဲ့ အုပ်ချုပ်ရေးစနစ် ရှိသည်။ တောင်တန်းများတွင် နေစဉ်ကတည်း ရှိခဲ့သည့် လုပ်အားပေးအတွက် ချောဆွဲသည့်စနစ်ကို ကျင့်သုံးသည်။ နယ်မြေချင်း ဆက်စပ်နေသော အိမ်နီးချင်းများ ဂျိန်းတယနှင့် ကချာ တောင်တန်းပြည်နယ်များနှင့် စစ်မက်ခင်းမှု နည်းပါးခဲ့သည်။ ၁၇ ရာစုနှစ်သည် အဟုန်မင်းတို့ ဘုန်းမီးနေလ အတောက်ပဆုံးအချိန် ဖြစ်သည်။ ထိုအချိန်က မြန်မာတို့က အရှေ့ဘက်ရှိ ထိုင်းနှင့်လာအိုဘက်ကို ချဲ့ထွင်ရန် ပိုပြီး အာရုံရနေခဲ့သည်။ အာသံကို အမှန်တကယ် ခြိမ်းခြောက်နေသည်မှာကား အနောက်ဘက်မှ မဂိုများ ဖြစ်သည်။ ဒေလီမှ မဂိုများသည် ဘင်္ဂလား ဘုရင်ဟောင်း နယ်မြေကို ဖျက်ဆီးပစ်ခဲ့ပြီး ဗြဟ္မပုတ္တရမြစ်ကြောင်း အတိုင်း တက်လာနေကြသောကြောင့် ဖြစ်သည်။။

ထိုအချိန်က မဂိုတို့သည် တရုတ်ပြီးလျှင် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ဖြစ်သည်။ အိန္ဒိယတွင် မဂိုအင်ပါယာကို ထူထောင်သူ ဘာဘူရ်သည် ဂျင်ဂျစ်ခန်နှင့် တာမာလိန်းတို့၏ မျိုးဆက်ဟု ဆိုသည်။ သူသည် အာဖဂန်နစ္စတန်မှ ဒေလီထိ သိမ်းပိုက်နိုင်ခဲ့သည်။ သူ့အရိုက်အရာကို ဆက်ခံသူများက မဂိုအင်ပါယာကို ချဲ့ထွင်ခဲ့ကြသည်။ သို့သော် အာသံကို မသိမ်းနိုင်ခဲ့ချေ။ အဟွန်တို့က မဂိုတို့၏ အင်အား အကန့်အသတ် ရှိပုံကို ပုံဖော်ပေးခဲ့ကြသည်။ ဆယ်စုနှစ် ရာစုနှစ်ကြာ မူစလင် ကျုးကျော်ဝင်ရောက်လာသူများကို တွန်းလှန်နေရသဖြင့် ယဲ့ယဲ့သာ ကျန်တော့သည့်  ဟိန္ဒူမင်းနေပြည်များကို တိုက်ခိုက်ရာတွင် မဂိုတို့က အတွေ့အကြုံ ရှိပြီးသား။ အဟွန်တို့ကမူ အင်အားကြီးနေချိန်တင် မကဘဲ တမူ ထူးခြားသည့် စစ်ပညာတို့ဖြင့် မဂိုတို့ကို ရင်ဆိုင်ခဲ့သည်။ အရှေ့အရပ် (မြန်မာအပါအဝင်) ရှိ နိုင်ငံရေးစနစ်များလိုပင် အဟွန်တို့၏ အုပ်ချုပ်ပုံမှာ ပိုင်နက်နယ်မြေကို ထိန်းချုပ်ခြင်းထက် လူအင်အားကို စနစ်တကျ စီမံခန့်ခွဲခြင်းကို အသားပေးသည်။ ထို့ကြောင့် အရေးအကြောင်းဆိုလျှင် လိုအပ်သလို ချက်ချင်းလူစုပြီး ချီတက်နိုင်ကြသည်။ မဂိုတို့ တစ်ခါမှ မမြင်ဖူးခဲ့သည့် ပုံစံမျိုး။

မဂိုနှင့် အဟွန်တို့သည် သမိုင်းအစကတည်းက မတည့်ကြ။ မဂိုတို့သည် ဘင်္ဂလားရှိ အခြေစိုက်စခန်းမှသည် ယနေ့ အနောက်အာသံပြည်ထိ လျင်မြန်စွာ ချီတက်လာကာ ဂေါဟာထီ အနီးတွင် စခန်းချသည်။ ထိုမှ ဗြဟ္မပုတ္တရမြစ်ဝှမ်းသို့ ဆက်တိုးလာသည်။ ၁၆၀၀ ပြည့်နှစ် အစောပိုင်း မဂိုဧကရာဇ် ဂျဟန်ဂါမင်းလက်ထက်တွင် အာသံနှင့် အဟုန်တို့ တောနက်ထဲ၊ သဲသောင်လွင်ပြင်၊ မြစ်နံဘေး စသဖြင့် နေရာအစုံတွင် နှစ်စဉ် တိုက်ပွဲဖြစ်ခဲ့ကြသည်။ အဟုန်တို့က ပြောက်ကျားနည်းဖြင့် စစ်တိုက်သည်။ နောင်နှစ် ၂၀၀ တွင် မြန်မာတို့ ဗြိတိသျှတို့ကို တိုက်ရာတွင် အလားတူ စစ်ဗျူဟာမျိုး သုံးခဲ့သည်။  ဝါးခံတပ်များဆောက်၊ ထောင်ချောက်များဆင်ကာ လက်ရွေးစင် စစ်သည်များကို သုံးပြီး ညဘက် အလစ်တိုက်ခိုက်ခဲ့ကြသည်။ မဂိုတို့က အာသံသားတို့ကို အသားမည်းပြီး ပုံပန်းသဏာန် ရွံရှာဖွယ်ကောင်းသူများ၊ စုန်းအတတ်၊မှော်အတတ် သုံးကြသည့်နယ်ဟု ဆိုကာ နှိမ်ကြသေးသည်။ အနောက်ဘက် အိန္ဒိယ၏ လွင်ပြင်ကန္တာကျယ်များနှင့် အသားကျနေခဲ့သော မဂိုများသည် ၎င်းတို့၏ အမြှောက်များ၊ မြင်းတပ်များကို ရွှံ့နွံထူသည့် မြစ်တစ်လျှောက် ခက်ခက်ခဲခဲ တပ်ရွှေ့ရသောအခါ ထိုစုန်းဆရာများ၏ မှော်အတတ်ကြောင့်ဟု ကျိန်ဆဲကြသည်။

၁၆၆၁ ခုနှစ်တွင် နောက်ဆုံးတိုက်ပွဲ ဖြစ်ခဲ့သည်။ မဂိုဧကရာဇ် အော်ရန်ဇက်က ပါရှားဆီကုန်သည်၏သား၊ ဒက်ကန်စစ်ပွဲများတွင် ပါဝင်ခဲ့ဖူးသူ မိုဟာမက်ဆာအိဒ် မီရ်ဂျမ်းလားကို ဘင်္ဂလားဘုရင်ခံ အဖြစ် တင်မြှောက်သည်။ မြင်းတပ်သား ၁၂၀၀၀၊ ခြေလျင်တပ်သား ၃၀၀၀၀၊ အမြှောက်တပ်ဆင်ထားသော စစ်သင်္ဘောများနှင့် အတူ မီရ်ဂျမ်းလားသည် မြောက်ဘက်သို့ ချီတက်လာကာ ကုချ်ဘီဟာပြည်ကို အရင်သိမ်းသည်။ ထို့နောက် ဂေါဟာထီကို သိမ်းသည်။ အဟွန်တို့နှင့် မြစ်ထဲတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်သည်။ တစ်နှစ်အတွင်း အဟွန်နေပြည်တော် ဂါဟာဂွန်မြို့သည် မီရ်ဂျမ်းလား လက်ထဲသို့ ကျရောက်သွားရာ အဟွန်ဘုရင်နှင့် မှူးမတ်များ ထွက်ပြေးရသည်။ သူက “တရုတ်ပြည်သို့ လမ်းဖောက်မည်”ဟု ကြေညာခဲ့သည်။ အဟုန်တို့ဘက်မှ ပြန်လှန်တိုက်ခိုက်ရန် ကြိုးစားပါသေးသည်။ မိုးသည်းထန်ချိန်တွင် မဂိုတပ်များကို ဝင်စီးခဲ့သော်လည်း ၁၆၆၃ ခုနှစ် အစောပိုင်းတွင် အာသံဘုရင်မှာ မဖြစ်မနေ ငြိမ်းချမ်းရေး ကမ်းလှမ်းရမည့် အခြေအနေသို့ ရောက်လာခဲ့လေသည်။ သူ့သမီးတော် ရာမာနီဂါဘာရူ (သူမကမူ နောင်တွင် ဘင်္ဂလားဘုရင်ခံ အဇမ်တာရာမင်းသားနှင့် လက်ဆက်ပြန်သည်) ကို မဂိုဧကရာဇ်ထံ မောင်းမအဖြစ် ဆက်သခဲ့ရပြီး ပိုင်နက် အနောက်ပိုင်းခရိုင်များ၊ ဆင်များ၊ အဖိုးတန်ရတနာတို့ကို စွန့်လွှတ်လိုက်သည်။ နောက်ဆုံးတွင် လက်အောက်ခံ ဘုရင်တစ်ပါး ဖြစ်လာခဲ့တော့သည်။

အားလုံး ပြေလည်သွားပြီဟု ထင်ရသော်လည်း မီရ်ဂျမ်းလား ရုတ်တရက် နေမကောင်းဖြစ်ကာ ဆုံးပါးသွားသည်။ မဂိုတို့က မီရ်ဂျမ်းလား အစား မည်သူ့ကိုမှ ရာထူးမပေး မခန့်အပ်ခဲ့။ စစ်ပြေငြိမ်းရေး စာချုပ်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပြီးနောက် တိုက်ခိုက်မှု ဖြစ်ပွားပြန်တော့သည်။ နောက်ဆုံးတွင် အဟွန်တို့သည် ခေါင်းဆောင် လချစ်ဘော်ဖူခန်၏ ဦးဆောင်မှုဖြင့် အမ်ဘာဘုရင်ခံ ရာဂျာရမ်ဆင်း ခေါင်းဆောင်သော မဂိုတပ်များကို နှိမ်နင်းနိုင်ခဲ့၏။

အဟွန်တို့သည် မဂိုအင်အား၏ နယ်နိမိတ်ကို သတ်မှတ်နိုင်ခဲ့သည်။ ပုံမှန်အားဖြင့် ဒေလီ သို့မဟုတ် ကာလကတ္တားမှ ကြည့်လျှင် အိန္ဒိယ၏ သြဇာသည် အနောက်ဘက်မှ ဟိန္ဒူကွတ်ရှ်နယ်မြေ တစ်လျှောက် ကျူးကျော်သိမ်းပိုက်နေသည့် အတိုင်း ပိုင်းခြား ကန့်သတ်ထားသဖွယ် ရှိသည်။ သို့သော် ဤသည်မှာ အဟွန်တို့ အရှေ့ဘက်မှ ကန့်သတ်လိုက်သည့် အပိုင်းအခြား ဖြစ်သည်။ နောင်နှစ် ၁၀၀ ခန့် အကြာ ၁၇၆၀ ပြည့်နှစ်ဝန်းကျင်တွင် အင်းဝမှ မြန်မာဘုရင်သည် ကျူးကျော်ဝင်ရောက် သိမ်းပိုက်ရန် ကြိုးပမ်းလာခဲ့သော မန်ချူးတပ်များကို လေးကြိမ်တိုင်တိုင် အောင်နိုင်ပြီးနောက် မန်ချူးအင်ပါယာ၏ အနောက်တောင် နယ်နိမိတ်ကို သတ်မှတ်နိုင်ခဲ့သည်။ ဤသို့ဖြင့် အာသံနှင့် မြန်မာနှစ်နိုင်ငံတို့သည် အိန္ဒိယမှ မဂိုအင်ပါယာနှင့် တရုတ်မှ ချင်မင်းဆက်တို့ကို အန်တုခဲ့သည်။ ၁၉  ရာစု အစောပိုင်းကာလတွင် အဟွန်တို့ ချုပ်ငြိမ်းချိန် ရောက်လာသည်။ အိန္ဒိယ၏ လက်ချက်ကြောင့် မဟုတ်၊ ဗြဟ္မမုတ္တရတောင်ကြားကို မျက်စိကျသွားသော မြန်မာဘုရင်၏ လက်ချက်ကြောင့်သာ ဖြစ်ပေတော့သည်။

(သန့်မြင့်ဦး၏ 'Where China meets India' စာအုပ်မှ ကောက်နှုတ်ပါသည်။)

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်