12th century - ၁၉၄၈
ဘုရားကျွန်များ သမိုင်းကြောင်း
မြန်မာနိုင်ငံတွင် ‘ဘုရားကျွန်’ များသည် ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့ကြသည်။ အစောဆုံးသော ဘုရားကျွန်များမှာ ၁၂ ရာစု ပုဂံပြည်ကြီး ချဲ့ထွင်စဥ်က ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများ၏ အဆက်အနွယ်များ ဖြစ်ကြသည်။ (ရှေးခေတ် အရှေ့တောင်အာရှ ဒေသတွင် မြေယာ ပေါများသော်လည်း လူအင်အား နည်းပါးခြင်းကြောင့် နယ်မြေသိမ်းရန်ထက် လူသူစုဆောင်းရန် စစ်ပွဲများ ဖြစ်ပွားခဲ့သည်။)
ပုဂံမြို့တွင် စစ်နိုင်သူ ဘုရင်များက ဘုရားစေတီများကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် စစ်သုံ့ပန်း အများအပြားကို လှူဒါန်းခဲ့ကြောင်း ကျောက်စာများမှ သိရှိရသည်။ ၎င်းတို့၏ တာဝန်မှာ ဘုရားစေတီများတွင် တံမြက်စည်းလှဲရန်၊ ဘုရားစေတီများကို ထိန်းသိမ်းရန်နှင့် ဆွမ်းကွမ်းစသည့် ဝေယျာဝစ္စ ပြုလုပ်ပေးရန် ဖြစ်သည်။ အချိန်ကာလ ပြောင်းလဲလာသောအခါ ထိုဘုရားကျွန်များတွင် အကြွေးမဆပ်နိုင်သူများ၊ အခြားဒေသများမှ ဖမ်းဆီးခေါ်ဆောင်လာသူများ အပြင် ဘုရားဝေယျာဝစ္စ ဆောင်ရွက်ရန် ဆန္ဒအလျှောက်ပင် မိမိကိုယ်ကို လှူဒါန်းသူများနှင့် တိုးပွားလာသည်။
၁၈ ရာစုက အတ္တလန်တိတ် သမုဒ္ဒရာကို ကျော်ဖြတ်၍ ကျွန်ကုန်ကူးခြင်းနှင့် ကွာခြားသည်မှာက မြန်မာတို့၏ ‘ကျွန်’များသည် လူမျိုးစုတစ်စု မဟုတ်ပေ။ သဘောတရား အရ ပြည်သူအားလုံးမှာ ဘုရင်၏ ကျေးကျွန် ဖြစ်သည်။ မြန်မာဘာသာတွင် မိမိကိုယ်ကို နာမ်စားဖြင့် သုံးနှုန်းပြောဆိုလျှင် ‘ကျွန်တော်’ဟု ပြောခြင်းသည် ဘုရင်၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုး ဟူသော အသုံးအနှုန်းနှင့် အတူတူပင် ဖြစ်သည်။
လက်တွေ့တွင်မူ တောင်အာရှဒေသများတွင် ဒါလစ်မျိုးကို အမျိုးဇာတ်နိမ့်သည်ဟု သတ်မှတ်သကဲ့သို့ (သုဘရာဇာများနှင့် ပြည့်တန်ဆာများ ပါဝင်သော စဏ္ဍလမျိုးများလည်း အပါအဝင်) ဘုရားကျွန်များကို အမျိုးဇာတ်နိမ့်သည်ဟု သတ်မှတ်ကြသည်။ သို့သော် ဒါလစ်မျိုးနှင့် မတူသည်မှာက ဘုရားကျွန်မှ ဆင်းသက်လာသော အဆက်အနွယ်များသည် မိမိတို့၏ မျိုးရိုးကို ကွယ်ဝှက်ကာ ချမ်းသာလာလျှင် (သို့မဟုတ်) အောင်မြင်မှု ရရှိလာလျှင် မြန်မာ့လူ့အသိုင်းအဝိုင်းတွင် ရောနှောနေထိုင်နိုင်သည်။
လူသိများသည့် ပုံပြင်တစ်ပုဒ်မှာ သူဌေးကြီးတစ်ဦးသည် ဘုရားကျွန် မျိုးရိုး ဖြစ်၍ မိမိ၏ မွေးရပ်သို့ ပြန်လာသောအခါ ညအခါတွင် မနေနိုင်ဘဲ ဘုရားရင်ပြင်ကို တံမြက်စည်းလှဲခြင်း၊ ဆီမီးပူဇော်ခြင်းတို့ကို ပြုလုပ်ရသည် ဟူ၍ ဖြစ်သည်။ ရှေးခေတ်မြန်မာပြည်တွင် ဘုရားကျွန်များကို ခွဲခြားဆက်ဆံမှုများ ရှိခဲ့ပြီး ဘုရားကျွန်သည် မိမိမွေးရပ်ကို ကာလရှည်ကြာ စွန့်ခွာသွားပါက အနူရောဂါ စွဲကပ်မည်ဟု ယုံကြည်ကြသည်။ အချို့သော မြန်မာများက ဘုရားကျွန် မိသားစုထဲမှ တစ်စုံတစ်ယောက်နှင့် အိမ်ထောင်ကျပါက မိမိပါ ဘုရားကျွန် ဖြစ်မည်ဟု ယုံကြည်သည်များလည်း ရှိသည်။
ကိုလိုနီခေတ်က ဗြိတိသျှအစိုးရသည် ဘုရားကျွန် သတ်မှတ်ခြင်းကို ဖျက်သိမ်းလိုသော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ရပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံသစ်တွင် သမ္မတကြီး စဝ်ရွှေသိုက်က ဘုရားကျွန်ဟု သတ်မှတ်ချက်ကို ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် အစိုးရက ယခင် ဘုရားကျွန် ဖြစ်ခဲ့သူများ၏ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ရန် ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့။
ယနေ့ခေတ်တွင်မူ ဘုရားကျွန် အများစုမှာလည်း မိမိတို့ ရပ်ရွာမှ ရွှေ့ပြောင်းသွားကြသည်များလည်း ရှိသဖြင့် ဘုရားကျွန်များကို ခွဲခြားဆက်ဆံမှု ရှားပါးသွားပြီ ဖြစ်သည်။ မြန်မာဂီတ၊ ရိုးရာပုံပြင်များ၊ အနုပညာနှင့် ရုပ်ရှင်များတွင်တော့ ‘ဘုရားကျွန်’ ထားရှိခြင်း အလေ့ကို မြင်နိုင်သေးသည်။ ဥပမာ - ၂၀၁၇ ခုနှစ်က ‘ကျွန်’ ဟူသော ရုပ်ရှင်ဇာတ်ကားတွင် ပုဂံမြို့ရှိ ဟိုတယ်ပိုင်ရှင် တစ်ဦးက မိမိသည် ဘုရားကျွန်များမှ ဆင်းသက်လာသည်ကို သိရှိရသည့် အကြောင်း ရိုက်ကူးထားသည်။ ထိုရုပ်ရှင်တွင်မူ ဘုရားကျွန်သည် နိမ့်ကျသည် ဟူသော အယူအဆမျိုးကို မပြသဘဲ ဘုရားကျွန်တို့သည် မြတ်စွာဘုရားကို နက်ရှိုင်းစွာ ယုံကြည်ကိုးကွယ်သူများဟု ရည်ညွှန်းထားသည်။
သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်