အမေ့ခံအတိတ်
အမေ့ခံအတိတ်
တန်ဘိုရာမီးတောင် ပေါက်ကွဲမှု၏ အကျိုးဆက်
event_note ခေတ်ကာလများပြပုံ

၁၀ ဧပြီ ၁၈၁၅

တန်ဘိုရာမီးတောင် ပေါက်ကွဲမှု၏ အကျိုးဆက်

Read in English

၁၈၁၅ ခုနှစ်က တန်ဘိုရာ (Tambora) မီးတောင်ပေါက်ကွဲမှုသည် ကမ္ဘာတစ်ဝှမ်းလုံးကို အကျိုးဆက်များ တွေ့ကြုံစေခဲ့သည့် သဘာဝ ဘေးအန္တရာယ်ကြီး တစ်ခု ဖြစ်သည်။ ပေါက်ကွဲမှု အနီးတွင် (ယနေ့ အင်ဒိုနီးရှားနိုင်ငံ - Indonesia) နေထိုင်သော လူပေါင်း တစ်သိန်းခန့် သေဆုံးခဲ့သည်ဟု ခန့်မှန်းရပြီး ကမ္ဘာမြေကြီးကို ပြာမှုန် တိမ်တိုက်ကြီးက လွှမ်းခြုံသွားခဲ့သည်။ အမှောင်ထုသည် လပေါင်းများစွာ ကြာခဲ့ပြီး နွေရာသီမှာ ဆောင်းရာသီ ဖြစ်သွားခဲ့သည်။ ဇွန်လနှင့် ဇူလိုင်လတွင် မြောက်အမေရိကနှင့် ဥရောပဒေသများတွင် နှင်းမုန်တိုင်း ကျသည်။ စိုက်ပျိုးသီးနှံ ပျက်သည်။ ၁၈၁၅ နှစ်မှ ၁၈၁၇ ခုနှစ်အထိ ကမ္ဘာတစ်ဝှမ်းတွင် ရောဂါဘယများ ဖြစ်ပွားပြီး စားနပ်ရိက္ခာ ပြတ်လတ်မှု ဖြစ်ပွားသည်။ တန်ဘိုရာမီးတောင် ပေါက်ကွဲမှုကြောင့် ရာသီဥတု အပြောင်းအလဲ ဖြစ်ကာ အိန္ဒိယပြည်တွင် ပထမဦးဆုံး ကာလဝမ်းရောဂါ ကပ်ဆိုက်သည်။ မြန်မာပြည်နှင့် ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်းတွင် ဝမ်းရောဂါကြောင့် သေဆုံးသူ သန်းပေါင်းများစွာ ရှိခဲ့သည်။ 

ဥရောပဒေသတွင် အမှောင်ကျခြင်းမှသည် မယ်ရီရှယ်လီ (Mary Shelley)၏ Frankenstein ဝတ္ထုနှင့် လော့ဒ်ဘိုင်ရွန် (Lord Byron) ၏ The Vampyre ဝတ္ထုတို့ ထွက်ပေါ်လာခဲ့သည်။ မြန်မာပြည် အပေါ် ကျရောက်သည့် အကျိုးဆက်ကိုမူ တိတိကျကျ ပြည့်ပြည့်စုံစုံ သုတေသန ပြုထားခြင်း မရှိသေးပါ။ သို့သော် စားနပ်ရိက္ခာ ပြတ်လတ်မှုနှင့် ကာလဝမ်းရောဂါကြောင့် မြန်မာပြည် အထိနာခဲ့ကြောင်း သဲလွန်စ အချို့ ရှိပါသည်။ ထိုအတွက်ကြောင့်ပင် အာသံနယ် (Assam)၊ ဂျိန်းတိယနယ် (Jaintia)၊ ကက်ချာနယ် (Cachar) တို့ကို ကုန်းဘောင်မင်းဆက်မှ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဧရာဝတီ မြစ်ဝှမ်းဒေသသို့ သုံ့ပန်း အများအပြား ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယူနန်ပြည်တွင် အကျိုးဆက်များကို အလူးအလဲ ခံခဲ့ရသည်ကိုတော့ သိရသည်။ ထိုဒေသတွင် ကောက်ပဲသီးနှံများမှန်သမျှ မအောင်မြင်ဘဲ စားနပ်ရိက္ခာ ပြတ်လတ် အငတ်ဘေးဆိုက်ခြင်းကြောင့် လူဦးရေ ထိုးကျဆင်းသွားခဲ့သည်။ အသက်ရှင်ကျန်ရစ်နေသူများ (ဟန်တရုတ်များ မဟုတ်၊ ဂျိန်းဖော၊ လားဟူ၊ လီဆူး၊ ဝ၊ တိုင် ဘာသာစကား ပြောသောသူများကဲ့သို့ နယ်စပ်တွင် နေသော ဒေသခံလူမျိုးများ)သည် ယနေ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိရာ နေရာသို့ ရွှေ့ပြောင်းလာခဲ့ကြသည်။ ကုန်းဘောင်မင်းများက ယနေ့ အရှေ့မြောက် အိန္ဒိယဒေသ အတွင်းသို့ ထိုးဖောက်ချီတက်လာသည့် ခေတ်ကာလ၊ နောက်ဆုံးတွင် ၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပုံနှင့် ဆက်စပ်နေသော နောက်ခံအကြောင်း ဖြစ်ပေသည်။

စမစ်ဆိုနီယန် မဂ္ဂဇင်း (Smithsonian Magazine) တွင် ဖော်ပြခဲ့သည့် တန်ဘိုရာမီးတောင် ပေါက်ကွဲမှု အကြောင်းကို ရေးသားထားသည့် Blast from the Past ဆောင်းပါးတွင် ထိုပေါက်ကွဲမှုကြောင့် "ကမ္ဘာတစ်ဝှမ်းလုံးသည် ကြောက်မက်ဖွယ်ရာ အအေးဒဏ်နှင့် ရင်ဆိုင်ရပြီး ယနေ့ထိ သင်ယူရမည့် သင်ခန်းစာများကို ပေးခဲ့သည်" ဟု ဆိုခဲ့သည်။ ဝုရွန်စဗီး ဟာလင် ကုမ္ပဏီ (Wood Ronsaville Harlin Inc.) မှ ပန်းချီဆရာ ဂရက်ဟာလင်း (Greg Harlin) က ထိုဆောင်းပါးတွင် အသုံးပြုရန် ဖော်ပြပါ ပန်းချီကားကို ဖန်တီးပေးခဲ့သည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်