အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်မြို့ကို ကာကွယ်ရန် နောက်ဆုံးအားထုတ်မှု
event_note ခေတ်ကာလများပြပုံ

၈ မတ် ၁၉၄၂

ရန်ကုန်မြို့ကို ကာကွယ်ရန် နောက်ဆုံးအားထုတ်မှု

Read in English

၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် အကြီးအကျယ် ဗုံးကြဲခံထားရသော မြို့ထဲဧရိယာနှင့် ဆိပ်ကမ်းများမှသည် သိန်းချီသော စစ်ဘေးဒုက္ခသည်များ မြို့ကို စွန့်ခွာပြေးကုန်ကြသဖြင့် အတော်ပင် ဂယက်ထနေခဲ့သည်။ ဓါတ်အားလိုင်းများက ပျက်စီးကုန်ပြီး စားနပ်ရိက္ခာကလဲ ရှားပါးသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စင်ကာပူ (Singapore) သည် ဂျပန် (Japanese) တို့၏ လက်အောက်သို့ ကျသွားခဲ့သည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ် ဂျွန်ကာတင် (John Curtin) ဦးဆောင်သည့် သြစတြေးလျ အစိုးရက ဆာဝင်စတန်ချာချီ (Sir Winston Churchill) ၏ အမှတ် ၆ နှင့် ၇ (သြစတြေးလျ) တပ်မတော်များအား ရန်ကုန်မြို့ကို ကာကွယ်ရန် စေလွှတ်သည့် အမိန့်ကို ငြင်းဆန်ခဲ့သည်။

ထိုစဥ်တွင် အမှတ် ၁၅ ဂျပန်တပ်မတော်သည် မော်လမြိုင်မြို့မှ ဆုတ်ခွာနေရဆဲ ဖြစ်သည်။ အမှတ် ၁၇ အိန္ဒိယတပ်ခွဲ("ကြောင်နက်" တပ်ခွဲ) ကို စစ်တောင်းမြစ်မှ တက်လာသည့် စစ်ကြောင်းအား ပိတ်ဆို့တားဆီးရန် တာဝန်ရှိခဲ့သော်လည်း မအောင်မြင်ခဲ့။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကြောင်နက်တပ်ခွဲ (ဂေါ်ရခါး (Gurkha)၊ ဗြိတိသျှ (British) နှင့် အိန္ဒိယ (Indian) လူမျိုးများ ရောနှောပါဝင်သည့် တပ်ခွဲ) သည် စစ်တောင်းတိုက်ပွဲတွင် ဂျပန်တို့၏ နှိမ်နှင်းမှုကို ခံခဲ့ရသည်။ 

ကျန်သည့် တစ်တိုင်းပြည်လုံးကိုမူ တောင်ငူမြို့တွင် တပ်စွဲသည့် အမှတ် ၁ ဗမာတပ်ခွဲကသာ ခုခံနေခဲ့ရသည်။ ထိုတပ်ခွဲတွင်လည်း ဘားမားရိုင်ဖယ်တပ်ရင်း နှစ်ရင်းနှင့် ပန်ချာပီ (Punjabi) နှင့် ရာဇပုတ် (Rajput) လူမျိုးများသာ ပါဝင်သည့် တပ်ရင်းတစ်ရင်းသာ ရှိသည်။

ဖေဖော်ဝါရီလတွင် မြောက်အာဖရိကဒေသ (North Africa) ၌ နာဇီဂျာမနီတပ်များ (Nazi Germany) ကို အနိုင်တိုက်နေရာမှ ရန်ကုန်မြို့ကို ဝိုင်းဝန်းခုခံရန် တပ်ကူအဖြစ် အမှတ် ၇ သံချပ်ကာတပ် ("ကန္တာရကြွက်များ") ရောက်ရှိလာခဲ့သည်။ ကန္တာရတပ်များသည် ဂျပန်တို့၏ ထိုးစစ်ကို တွန်းလှန်ရန် နောက်ဆုံး အားထုတ်မှု ဖြစ်သည်။ သို့သော် စစ်တောင်းတွင် ကြောင်နက်များ ကျဆုံးသွားသော အခါ ရန်ကုန်မြို့ အသိမ်းပိုက်မခံရရေး အတွက် လုပ်နိုင်သည်မှာ များများ မရှိတော့ပေ။ မြို့တော်ကို ကာကွယ်ရန် ရောက်ရှိလာသော ကန္တာရကြွက်များသည်လည်း မြောက်ဘက်ရှိ အိန္ဒိယပြည် (India) သို့ ဗြိတိသျှတို့ ဆုတ်ခွာနိုင်ရေးကိုသာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့သည် ဂျပန်တို့၏ လက်အောက်သို့ ကျရောက်သွားခဲ့သည်။ 

ဓါတ်ပုံတွင် မြို့တော်ကို ကာကွယ်ရန် ရောက်ရှိလာသည့် အမှတ် ၇ ဗြိတိသျှ သံချပ်ကာတပ် ("ကန္တာရကြွက်များ") ဆူးလေဘုရားလမ်းတွင် ကင်းလှည့်နေသည်ကို တွေ့မြင်နိုင်ပါသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်