ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂)
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ဗြိတိသျှလူမျိုးတို့သည် ယနေ့ခေတ် မြန်မာပြည်ကို အုပ်ချုပ်ခဲ့ကြပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း အားလုံးကို ထိန်းချုပ်ထားခဲ့သည်။
ထိုသို့ အုပ်ချုပ်ခဲ့စဥ်က ဗြိတိသျှ မြန်မာပြည်သည် တည်ငြိမ်အေးချမ်းမှု မရှိဘဲ အပြောင်းအလဲများနှင့် ဆူပူထကြွမှုများကို ကြုံတွေ့ခဲ့ရသည်။ အိန္ဒိယပြည်တွင် ဆောင်ရွက်ခဲ့သကဲ့သို့ပင် နယ်ချဲ့အစိုးရက အုပ်ချုပ်နေသည့် မင်းဆက်တို့ကို ဖြုတ်ချရာ အိန္ဒိယပြည်၏ နောက်ဆုံးသောာ မဂိုဘုရင်ကို ရန်ကုန်မြို့တွင် လျှို့ဝှက်မြှုပ်နှံခဲ့ပြီး နောက်ဆုံးသော မြန်မာဘုရင်၏ အဆက်အနွယ်များကမူ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ (Kolkata) ၏ ဆင်းရဲသားရပ်ကွက်တွင် မွဲတေစွာ နေထိုင်ကြရသည်။
ဤကာလတွင် သရုပ်လက္ခဏာသစ်များနှင့် နိုင်ငံရေးစနစ်သစ်များ စူးစမ်းရှာဖွေခဲ့ကြပြီး ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ဆန့်ကျင်ကြရာမှ အထက်မြန်မာပြည် အနှံ့အပြားတွင် လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်လာပြီး ဗြိတိသျှတို့က 'ငြိမ်ဝပ်ပိပြားရေး' အတွက် ဆောင်ရွက်ခဲ့ရသည်။ ထိုမှသည် ဒုတိယကမ္ဘာစစ် မတိုင်မီ ဆယ်စုနှစ်များ အတွင်း ပြင်းထန်သော နိုင်ငံရေး ဆွေးနွေးမှုများ၊ ဆန့်ကျင်ဆန္ဒပြခြင်းများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံရေး အခင်းအကျင်းတွင် ဗြိတိန်နိုင်ငံတွင် ပညာသင်ခဲ့သည့် မြန်မာ့နိုင်ငံရေးသမားများနှင့် ၁၉၁၆ ခုနှစ်က အိုင်ယာလန်နိုင်ငံ၏ အီစတာ တော်လှန်ရေးကို အားကျသည့် ပြည်တွင်းဖြစ် နိုင်ငံရေး လှုပ်ရှားသူများ ရှိနေခဲ့သည်။ ပထမဆုံးသော ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ်တွင် ကျင်းပခဲ့ပြီး ဆယ်နှစ်အကြာတွင် လန်ဒန်မြို့ (London) ၌ ပြုလုပ်သော မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲတွင် မြန်မာပြည်ကို ဗြိတိသျှ အိန္ဒိယပြည်မှ ခွဲထုတ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ဤသည်မှာ ၂၀ ရာစု မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသော ဆုံးဖြတ်ချက် ဖြစ်ပေသည်။
အင်ပါယာကြီးတွင် ပါဝင်လာ၍ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာ တိုးတက်လာသည်နှင့် အမျှ မြန်မာပြည်သည် ယခင်ကနှင့် မတူတော့ဘဲ ကမ္ဘာအနှံံ့အပြားနှင့် အဆက်အစပ် ပိုများလာသည်။ ပထမကမ္ဘာစစ်တွင် ချင်းလူမျိုး၊ ကချင်လူမျိုး၊ မြန်မာလူမျိုးနှင့် ကရင်လူမျိုး ထောင်ချီ ပါဝင်ခဲ့ကြသလို ရန်ကုန်မြို့သည်လည်း ခရီးဝေးသွား ပုဂ္ဂလိက လေကြောင်းလိုင်းများ ခရီးတစ်ထောက် နားရာ ဖြစ်လာသည်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး မတိုင်မီ အထိ ဆန်စပါး၊ ကျွန်းသစ်နှင့် ရေနံ တင်ပို့ရာမှ အကြီးအကျယ် မြတ်စွန်းကြပြီး လုပ်ငန်းများ တိုးတက်ကြီးပွားခဲ့ကြသည်။ တစ်ခေတ်တစ်ခါက ဘားမားရေနံကုမ္ပဏီသည် ကမ္ဘာတွင် အကြီးဆုံးသော နိုင်ငံတကာ ကုမ္ပဏီကြီး တစ်ခု ဖြစ်ခဲ့သည်။
၁၉၂၇ ခုနှစ်တွင် ရန်ကုန်မြို့၌ နေထိုင်ခဲ့ဖူးသော ချီလီလူမျိုး ကဗျာဆရာ ပါဘလိုနေရူးဒါ (Pablo Neruda) က ထိုခေတ်အခါများက ဗြိတိသျှ မြန်မာပြည်၏ မြို့တော်သည် "သွေးချွေးနှင့် ရွှေရောင်ခြယ် အိပ်မက်များ၏ မြို့တော်" ဟု ကဗျာတစ်ပုဒ်တွင် တင်စားဖူးလေသည်။