အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်နှင့် တရုတ်ပြည်ကြားမှ လူမျိုးစုများ အကြောင်း ပုံပြင်နှစ်ပုဒ်

1600 - 1740

မြန်မာပြည်နှင့် တရုတ်ပြည်ကြားမှ လူမျိုးစုများ အကြောင်း ပုံပြင်နှစ်ပုဒ်

room China

Read in English

ယနေ့ခေတ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား နယ်နိမိတ်သည် အသစ် ဖြစ်သည်။ ၁၈၈၅ ခုနှစ်နှင့် ၁၈၉၀ ပြည့်နှစ် ကာလများတွင် အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးမှ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က တရုတ်ပြည် (China) ဟန်မင်းဆက် (Han dynasty) သည် ယနေ့ခေတ် မူဆယ်မြို့ တည်ရှိရာ နေရာတွင် အခြေစိုက်စခန်း တစ်ခု ထားရှိခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ယူနန်ပြည် (Yunnan) တွင် ဟန်တရုတ်လူမျိုးများ နေထိုင်နေခြင်း မရှိချေ။ တရုတ်တို့သည် ယူနန်ပြည်ကို ခေတ္တမျှသာ အုပ်ချုပ်နိုင်ခဲ့သည်။ ယူနန်ပြည်ကို ၎င်းတို့၏ ကိုယ်ပိုင်မင်းဆက် (နန်ချောင်မင်းဆက်, Nanchao) နှင့် တိုင်းတစ်ပါးသားများ (ဥပမာ - မွန်ဂိုလူမျိုးများ, Mongols) က အသီးသီး အုပ်ချုပ်ခဲ့ကြသည်။ ၁၆၀၀ ပြည့်နှစ်များ ရောက်မှသာ ယူနန်ပြည်အပေါ် တရုတ်ပြည်မ၏ ချုပ်ကိုင်နိုင်မှု အားကောင်းလာခဲ့ပြီး တရုတ်လူမျိုး အများအပြား ပြောင်းရွှေ့နေထိုင်ရာမှ ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ် တစ်ခု ဖြစ်လာခဲ့သည်။

၁၆၀၀ ပြည့်နှစ်များမှ စ၍ ယူနန်ပြည်နှင့် မြန်မာပြည် အကြား နယ်စပ်ဒေသများတွင် နေထိုင်သော တိုင်လူမျိုး သို့မဟုတ် ရှမ်းလူမျိုး၊ ဝလူမျိုး၊ ဂျိန်းဖေလူမျိုးနှင့် အခြားဘာသာစကား ပြောသူများသည် နှစ်ပြည်ထောင်အကြား ဆက်ဆံရေး အတွက် အရေးပါသူများ ဖြစ်ခဲ့သည်။

ရံဖန်ရံခါတွင် ထိုသူတို့ကြောင့် တိုက်ပွဲများ ဖြစ်ရသည်။ ၁၇၆၀ ပြည့်နှစ်များတွင် (အဝနေပြည်တော်ရှိ မြန်မာမင်းနှင့် တရုတ်ပြည် မန်ချူးမင်း နှစ်ဖက်လုံးကို သစ္စာခံသည့်) ရှမ်းအကြီးအကဲများ အကြား အချင်း ဖြစ်ပွားရာမှ မြန်မာပြည်နှင့် တရုတ်ပြည် စစ်မက် ဖြစ်ပွားခဲ့သည်။  ပြဿနာ၏ အစမှာ ဤသို့ ဖြစ်သည်။ တရုတ်ကုန်သည်တစ်ဦး အသတ်ခံရရာတွင် တရုတ်တို့က တရားခံကို အပြစ်ပေးရန် တောင်းဆိုသည်ကို ဒေသခံ ရှမ်းအကြီးအကဲက မလိုက်လျောခဲ့ပေ။ မြန်မာမင်းမှလည်း ထိုရှမ်းအကြီးအကဲဘက်မှ ရပ်တည်ပေးခဲ့သည်။ နောက်လေးနှစ်တာ အတွင်း မန်ချူးစစ်တပ်ကြီး ၄ တပ်သည် မြန်မာပြည်ကို လာရောက်တိုက်ခိုက်ခဲ့သည်။ အင်ပါယာပိုင်နက် ချဲ့ထွင်လိုသဖြင့် ကျူးကျော်ခြင်းလည်း ပါသည်။ အဆုံးတွင် မြန်မာတို့ဘက်မှ အနိုင်ရခဲ့သော်လည်း ထိုအချိန်မှစ နောင်ဆယ်စုနှစ်များစွာတိုင် တရုတ်နှင့်မြန်မာကြား ဆက်ဆံရေး ပျက်စီးသွားခဲ့သည်။

သို့သော် ထိုနယ်စပ်ဒေသတွင်  နေထိုင်သော ပုဂ္ဂိုလ်များသည် နှစ်နိုင်ငံ အကြား ပေါင်းကူးတံတား အဖြစ်၊ ရင်ကြားစေ့ပေးသည့် ငြိမ်းချမ်းရေး သံတမန် အဖြစ် ဆောင်ရွက်ပေးခဲ့ဖူးသည်။ ဥပမာအားဖြင့် အိုက်ချောင်ဟူ (Ai-chiao-hu ခေါ် ခြေတိုကျား) ဟု အမည်ပြောင်ဖြင့် လူသိများသည့် ဝူရှန်းရှန့် (Wu Shangxian) အကြောင်း ပြောပြသင့်ပေသည်။ သူသည် တရုတ်လူမျိုးဖြစ်ပြီး ယူနန်ပြည် အရှေ့ဘက်ဒေသရှိ ဆင်းရဲသော မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။ ၁၇၄၀ ပြည့်နှစ်များတွင် ဝူ သည် စီးပွားရှာရန် ၀ တောင်တန်းဒေသသို့ ရောက်ရှိလာပြီး ငွေသတ္တုတွင်း တစ်ခု စတင်တူးဖော်သည်။ နေ့ချင်းညချင်းပင် ချမ်းသာလာပြီး ယူနန်ဘုရင်ခံ၏ လူယုံဖြစ်လာသည့်အတွက် အခွန်ကောက်ရန် တာဝန်ပေးခံရသည်။ ထိုကာလမှာ မြန်မာပြည်နှင့် တရုတ်ပြည်ကြားတွင် ကုန်သွယ်မှု နည်းပါးလှသော အချိန် ဖြစ်သည်။ ဝူရော၊ ယူနန်ဘုရင်ခံကပါ ကုန်သွယ်ရေး တိုးတက်လာပါက ယင်းတို့အတွက် အမြတ်အစွန်း များစွာ ရရှိနိုင်မည်ဟု တွက်မိကြသည်။ နှစ်ဘက်မင်းများက ကုန်သွယ်မှု တိုးတက်လာအောင် ပြုလုပ်ရန် စိတ်ဝင်စားလှကြောင်း မပြသဖြင့် ၎င်းတို့က ကိုယ်တိုင် ကြားဝင်ရန် ကြံစည်ကြလေသည်။ ဝူသည် တရုတ်ဧကရာဇ်၏ သံကိုယ်စားလှယ် အဖြစ် ဟန်ဆောင်ကာ အဝနေပြည်တော်သို့ သွားရောက်ခဲ့သည်။ မြန်မာတို့ကလည်း ယုံမှားသံသယကင်းစွာဖြင့်ပင် တရုတ်ပြည်မှ ယခုကဲ့သို့ အရေးတယူ သံတမန်စေလွှတ်ကြောင်း သိရလျှင် ဝမ်းသာဂုဏ်ယူ ပီတိဖြစ်နေခဲ့သည်။ ထို့နောက်တွင် ဝူ၏တိုက်တွန်းချက်ကြောင့် (ဝူနှင့်အတူ) မြန်မာသံအဖွဲ့ကို တရုတ်ပြည်သို့ စေလွှတ်လိုက်သည်။ ပေကျင်းမြို့ (Beijing) သို့ ရောက်သောအခါ မြန်မာတို့ဘက်မှ ရင်းနှီးသော ဆက်ဆံရေးကို လိုလားနေသည်ဟု လက်ခံသွားသော တရုတ်အင်ပါယာ နန်းတွင်းအဖွဲ့က  မြန်မာသံအဖွဲ့အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ နောက်ဆုံးတွင်ကား မြန်မာပြည်တွင် အကြမ်းဖက် ပဋိပက္ခများ ပေါ်ပေါက်လာခြင်းကြောင့်  နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ မဆိုသလောက်သာ တိုးတက်ခဲ့သည်။ အသစ်တက်သော ယူနန်ဘုရင်ခံက ဝူ၏လုပ်ရပ်ကို သိသွားသောအခါ ဝူလည်း အဖမ်းခံရသည်။

အထက်ဖော်ပြပါ ဖြစ်ရပ်နှစ်ခုမှာ မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးအတွက်  နယ်စပ်ဒေသများတွင် နေထိုင်သူများသည် နှစ်ပေါင်း ရာနှစ်ချီတိုင် မည်မျှ အရေးပါခဲ့ဖူးကြောင်း သက်သေ သာဓကများပင် ဖြစ်ပါတော့သည်။

~ သန့်မြင့်ဦး၏ Where China meets India စာအုပ်မှ ကောက်နှုတ်ပါသည်။

ပုံများမှာ ယနေ့ ယူနန်ပြည်နယ်မှ တိုင်လူမျိုး< ၁၉ ရာစုနှောင်းပိုင်းက မြန်မာတို့ ရေးဆွဲထားသော ရှမ်းတရုတ်နှင့် ဝလူမျိုးများနှင့် ယူနန်ပြည် ရှီမန်ဒေသ (Ximeng) မှ ဝလူမျိုး အမျိုးသမီးတို့ ဖြစ်သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်