အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဦးဝိစာရ
event_note ခေတ်ကာလများပြပုံ

၂၄ ဧပြီ ၁၈၈၉ - ၁၉ စက်တင်ဘာ ၁၉၂၉

ဦးဝိစာရ

room Myanmar

Read in English

မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တစ်လျှောက်တွင် နိုင်ငံရေးအကျဥ်းသားနှင့် ယုံကြည်ချက်ကြောင့် အကျဥ်းကျခံနေရသူများစွာ ရှိခဲ့သည်။ နိုင်ငံရေး အကျဥ်းသားဟူသည်မှာ ‘အကြမ်းနည်းကို အသုံးပြုရန် လှုံ့ဆော်သည်ဖြစ်စေ၊ မလှုံ့ဆော်သည် ဖြစ်စေ၊ ကိုယ်ပိုင်ယုံကြည်ချက်၊ အသားအရောင်၊ လိင်အမျိုးအစား၊ လူမျိုးစု (သို့မဟုတ်) ဘာသာရေးတို့ အပေါ် အခြေခံ၍ ဖမ်းဆီးချုပ်နှောင်ခံရသူ’ ဖြစ်သည်။ ထိုသို့ အဓိပ္ပါယ် ဖွင့်ဆိုရာတွင် တရားရုံးတွင် အမှုစစ်ဆေးခြင်း မရှိဘဲ အကျဥ်းချခံရသူများ၊ ဖိနှိပ်ညှင်းပန်းသည့် သဘောဖြင့် အကျဥ်းချခံရသူများပါ ပါဝင်သည်။

ကိုလိုနီခေတ်က ထင်ရှားသော နိုင်ငံရေးအကျဥ်းသား တစ်ဦးမှာ မျိုးချစ်ရဟန်း ဦးဝိစာရ (၁၈၈၉-၁၉၂၉ ခုနစ်) ဖြစ်သည်။ 

ကုန်းဘောင်မင်းဆက် အုပ်စိုးခဲ့သည့် တိုင်းပြည်ကို ဗြိတိသျှတို့ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းဆဲကာလတွင် အထက်မြန်မာပြည်ရှိ ရွာငယ်တစ်ရွာ၌ ဦးဝိစာရကို မွေးဖွားပြီး ငယ်နာမည်မှာ လှကျော် ဖြစ်သည်။ ငယ်စဥ်က ရှင်ပြု၍ သာမဏေ ဝတ်ခဲ့ပြီး စိစစ်၊ စူးစမ်း၊ ဆင်ခြင်၊ စစ်ဆေးတတ်နိုင်သော ပညာဥာဏ်ဟု အဓိပ္ပါယ်ရသည့် ’ဝိစာရ’ ဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည်။ 

သာမဏေဘဝမှ လူထွက်ပြီးနောက် အိမ်ထောင်နှစ်ဆက် ကျခဲ့သည်။ ပထမအိမ်ထောင်မှာ မိဘများက သဘောတူကာ ထိမ်းမြားပေးခဲ့ပြီး များမကြာမီပင် အိမ်ထောင်ကွဲခဲ့သည်။ ဒုတိယအိမ်ထောင်မှာ ငယ်စဥ်ကပင် နှစ်သက်ခဲ့သူနှင့် ဖြစ်သည်။ ထိုအိမ်ထောင်များမှ သားသမီး ၂ ဦး ထွန်းကားခဲ့သည်။

၁၉၁၂ ခုနစ်၊ အသက် ၂၃ နှစ် အရွယ်တွင် မိသားစုကို ခွင့်တောင်းပန်ကြားကာ ရဟန်းခံခဲ့သည်။ မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် လောကုတ္တရာစာပေများနှင့် ရဟန်းတို့ ကျင့်ဆောင်သော ဝိနည်းများကို သင်ယူခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံသို့ သွားကာ ပါဠိနှင့် သင်္ကသရိုက်စာပေများကို နှစ်နှစ်ကြာ သင်ယူခဲ့သည်။ 

ဦးဝိစာရသည် ၁၉၂၀ ပြည့်နှစ်များတွင် အစပျိုးလာသည့် မြန်မာ့ဝံသာနု လှုပ်ရှားမှုတွင် ထဲထဲဝင်ဝင် ပါဝင်လာခဲ့သည်။ ၁၉၂၃ ခုနစ်တွင် အမျိုးသားရေး လှုပ်ရှားသူ၊ ရခိုင်လူမျိုး ရဟန်းတော် ဦးဥတ္တမနှင့် ဆုံမိ၍ ဆရာတော်နှင့် အတူ မြန်မာနိုင်ငံ အနှံ့အပြားသို့ ကြွချီကာ ဗြိတိသျှအုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ဟောပြောမှုများ ပြုလုပ်ခဲ့သည်။ 

ဗြိတိသျှ အာဏာပိုင်တို့က သဘောမကျတော့။ ကိုလိုနီအစိုးရက တက်ကြွလှုပ်ရှားသူ ဗုဒ္ဓဘာသာ ရဟန်းများ သို့မဟုတ် ၎င်းတို့ ခေါ်ဝေါ်သကဲ့သို့ ‘နိုင်ငံရေး ဘုန်းကြီး’များ၏ မြန်မာပြည်သူ လူထုအပေါ် သြဇာညောင်းမှုကို သုတ်သင်ရှင်းလင်းလိုခဲ့သည်။ 

၁၉၂၆ ခုနစ်တွင် အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောမှုကြောင့် ဦးဝိစာရကို ဖမ်းဆီးကာ အကျဥ်းချခဲ့သည်။ ထောင်ထဲတွင် ထောင်ဝန်ထမ်းများက အကျဥ်းသားဝတ်စုံကို ဝတ်ခိုင်းသောအခါ ဗုဒ္ဓဘာသာ ရဟန်း ဖြစ်သည့် အတွက် သင်္ကန်းသာ ဝတ်ရုံမည်ဟူ၍ ငြင်းဆိုခဲ့ရာ သူ့ကို ကိုယ်လုံးတီး ထားခဲ့သည်။ 

ဆက်လာသည့် သူ၏ လုပ်ရပ်မှာ မြန်မာ့သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့သည်။ ထောင်ဝန်ထမ်းများက သင်္ကန်းဝတ်ခွင့် ပြုသည် အထိ ဦးဝိစာရသည် အစာငတ်ခံ၍ ဆန္ဒပြခဲ့သည်။ ရက် ၄၀ ကျော် အစာငတ်ခံ ဆန္ဒပြသောအခါ ဗြိတိသျှတို့၏ အုပ်ချုပ်မှု အပေါ် မြန်မာတို့က ဆန့်ကျင်မှု အရှိန်ရနေချိန်တွင် မိမိတို့လက်ထဲ၌ ရဟန်းတစ်ပါး ပျံလွန်သွားမည်ကို စိုးရွံ့သဖြင့် ဗြိတိသျှ အာဏာပိုင်များက အလျှော့ပေးကာ သင်္ကန်းဝတ်ရုံခွင့်နှင့် ဥပုသ်ရက်တွင် ဥပုသ်စောင့်ခွင့်တို့ကို ခွင့်ပြုခဲ့ရသည်။ 

ဤသည်မှာ အိန္ဒိယနှင့် တောင်အာဖရိကတို့တွင် ဗြိတိသျှတို့၏ လုပ်ရပ်များကို မိုဟန်ဒတ်စ် ကေ ဂန္ဒီက ဆန့်ကျင်ရာတွင် အလွန် ထိရောက်ခဲ့သောနည်း ဖြစ်သည်။ ဦးဝိစာရလည်း မဟတ္တမဂန္ဒီကို အားကျသည်လည်း ဖြစ်နိုင်သည်။ (တိုက်တိုက်ဆိုင်ဆိုင်ပင် ၁၉၂၉ ခုနစ်က မြန်မာပြည်ကို ဂန္ဒီ အလည်အပတ်ခရီး ရောက်လာစဥ်က ဦးဝိစာရသည်လည်း ကိုလိုနီဆန့်ကျင်ရေး တရား ဟောပြောသူများတွင် ပါဝင်ခဲ့သေးသည်။)

၁၉၂၉ ခုနစ်တွင် ဒုတိယအကြိမ် အကျဥ်းကျသောအခါ ဦးဝိစာရသည် သူ၏ နောက်ဆုံးသော အစာငတ်ခံဆန္ဒပြမှုကို ပြုလုပ်ခဲ့သည်။ လေးလကြာ အစာငတ်ခံသော်လည်း ဗြိတိသျှတို့က အလျှော့မပေးဘဲ သင်္ကန်းဝတ်ခွင့် မပေးခဲ့။ ၁၆၆ ရက် ကြာပြီးနောက် ဦးဝိစာရသည် ရန်ကုန်ထောင်တွင် ပျံလွန်သွားခဲ့သည်။ ရဲများက မနက် ၃ နာရီခန့်တွင် ဘုန်းကြီးကျောင်း၌ ဦးဝိစာရ၏ ရုပ်အလောင်းကို လာချသွားခဲ့သည်။ 

ဗြိတိသျှတို့ရဲ့ အမှားပင် ဖြစ်သည်။ ဦးဝိစာရ ပျံလွန်ကြောင်း သတင်းသည် မြန်မာပြည် အနှံ့အပြားသို့ ပျံ့နှံ့သွားသောအခါ အရှိန်အဟုန် ရလာသည့် မြန်မာ့ဝံသာနု လှုပ်ရှားမှု အတွက် တွန်းအား ဖြစ်ခဲ့သည်။ ချက်ချင်းဆိုသလိုပင် လူလတ်အရွယ် ရဟန်းတော်ကို ‘အာဇာနည်’ ဟု သတ်မှတ်ကြသည်။ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ကာ ရွှေတိဂုံစေတီတော် အနီးတွင် မြှုပ်နှံသည်ကို ပရိသတ်ထောင်သောင်းချီ လာရောက်ကြသည်။ 

ဦးဝိစာရ၏ အစာငတ်ခံ ဆန္ဒပြခြင်းနှင့် ပျံလွန်သွားခြင်းသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ဝံသာနု လှုပ်ရှားမှု ဆက်နွယ်နေသည်ကို ပြသရုံ မကဘဲ အိန္ဒိယနှင့် မြန်မာတို့၏ ကိုလိုနီဆန့်ကျင်ရေးတို့ ဆက်နွယ်နေသည်ကိုလည်း ပြသခဲ့သည်။

ယနေ့တိုင် ရန်ကုန်မြို့တွင် ဦးဝိစာရလမ်း (ယခင်က ဗွိုင်လမ်း) ရှိပါသည်။ မီးသင်္ဂြိုလ်သည့်နေရာနှင့် မလှမ်းမကမ်း ရွှေတိဂုံစေတီတော်၏ အနောက်တောင်ဘက်ရှိ အဝိုင်းပတ် အလယ်တွင် တက်ကြွလှုပ်ရှားသူ ရဟန်းတော် ဦးဝိစာရ အထိမ်းအမှတ် ကျောက်တိုင်ကိုလည်း တွေ့နိုင်ပါသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်