အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကျားနှစ်
event_note ခေတ်ကာလများပြပုံ

၂၀၂၂

ကျားနှစ်

room Myanmar

Read in English

လွန်ခဲ့သော နှစ်တစ်ရာဝန်းကျင်က ပင်လယ်နက် (Black Sea) မှ ပစိဖိတ်သမုဒ္ဒရာ (Pacific Ocean) အထိ၊ ဆိုက်ဘေးရီးယားဒေသ (Siberia) မှ အိန္ဒိယသမုဒ္ဒရာ (Indian Ocean) အထိ အာရှတိုက် တစ်လွှားတွင် ကျားအရေအတွက် သိန်းနှင့်ချီကာ နေထိုင်ကျက်စားခဲ့သည်။ ယနေ့အချိန်တွင် ယင်းတို့ ကျက်စားရာ နယ်မြေမှာ ကျဉ်းသထက် ကျဉ်းလာပြီး ကျားအရေအတွက် ထောင်ဂဏန်းမျှသာ ကျန်တော့သည်။ ကျားများ ရှင်သန်နေထိုင်နိုင်သေးသည့် နိုင်ငံပေါင်း ၁၃ ခုသာ ရှိသည်တွင် မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်သည်။ ၁၉ ရာစုနှစ်များကမူ နိုင်ငံထဲတွင် ကျားအရေအတွက် ပေါများခဲ့သည်။ ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များ၌ပင် ကျားများ ကျင်လည်ကျက်စားခဲ့၍ ကျားလမ်းကြား (ယနေ့ ဦးဝိစာရလမ်း) ဟု အမည်ရှိသော လမ်းပင် ရှိခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ကျားမတစ်ကောင် မျက်စိလည်ကာ ရွှေတိဂုံစေတီတော်ပေါ်သို့ ရောက်လာသဖြင့် ဗြိတိသျှ စစ်သားများက ပစ်ခတ်ခဲ့ရသည်။ 

ထိုကာလများက စတင်ကာ အမဲလိုက်ခြင်း၊ ကျင်လည်ကျက်စားရာ နေရာ မရှိတော့ခြင်းတို့ကြောင့် ကျားကောင်ရေ အဆမတန် ထိုးကျသွားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကျားများ ကျင်လည်ကျက်စားရာ နေရာ၏ ၈ ရာခိုင်နှုန်းတွင် သုံးနှစ်ကြာ ကင်မရာ ထောင်၍ ကြည့်ရှုရာ ကျားကောင်ရေ ၂၂ ကောင်ထက် မနည်း ကျန်သေးသည်ဟု မြန်မာအစိုးရက ထုတ်ပြန်ခဲ့သည်။ ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေ၊ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် တနင်္သာရီ တောင်တန်းဒေသများတွင် နေထိုင်သော ကျားကောင်ရေမှာ ထိုထက်များနိုင်သည်ဟု ခန့်မှန်းထားသည်။ ထိုင်းနိုင်ငံ (Thailand) တွင် ရှိသော တောအုပ်များနှင့် တနင်္သာရီတောင်တန်း တစ်လျှောက်သည် မဲခေါင်ဒေသတွင်း၌ ကျားများ နေထိုင်ကျက်စားနိုင်သည့် နောက်ဆုံးသော နေရာများဟု မှတ်ယူကြသည်။ သို့သော် တရားမဝင် တောကောင် ခိုးဖမ်းခြင်းနှင့် ကုန်သွယ်ခြင်းတို့ကို အမြန်ဆုံး တားဆီးနိုင်ရန် မဆောင်ရွက်လျှင် များမကြာမီ ကျားမျိုးနွယ်သည် လုံးဝပင် ပျောက်ကွယ်သွားနိုင်ပေသည်။

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉၆၀ ပြည့်နှစ်များမှ ယနေ့ထိ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်