အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၅၇ ခုနှစ် ဝန်းကျင်က လန်ဒန်မြို့ရောက် မြန်မာတစ်ဦး

event_note ခေတ်ကာလများပြပုံ

၁၈၅၇

၁၈၅၇ ခုနှစ် ဝန်းကျင်က လန်ဒန်မြို့ရောက် မြန်မာတစ်ဦး

Read in English

မောင်ရွှေတူးသည် ၁၈၅၅ ခုနှစ်တွင် “ပညာရှာမှီးရန်” ကာလကတ္တားမြို့ကို သွားရောက်ခဲ့သည်။ ကာလကတ္တားမြို့ရှိ ခရစ်ယာန် သာသနာပြုကျောင်းတွင် တက်ရောက်ကာ အင်္ဂလိပ်ဘာသာကို သင်ယူခဲ့သည်။ ထိုနောက် အနောက်တိုင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးလိုသည့် အတွက် ဗြိတိသျှကုန်သင်္ဘော တစ်စီးပေါ်တွင် သာမန် သင်္ဘောသား အဖြစ် အလုပ်ဝင်ကာ ၁၈၅၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ရောက်ရှိသွားလေသည်။ 

လန်ဒန်မြို့သို့ ရောက်သောအခါ ဤသတ္တိခဲလူငယ်သည် အာရှသားများ စောင့်ရှောက်ရေး ဂေဟာသို့ ရောက်ရှိသွားကာ ဘင်္ဂလီလူမျိုး၊ ယိုးဒယားလူမျိုး၊ ဆူရတီလူမျိုး၊ တရုတ်လူမျိုး၊ မလေးလူမျိုး အပြင် အခြားလူမျိုးပေါင်းစုံတို့နှင့် သုံးနှစ်ခန့် နေထိုင်ခဲ့ပြီး လန်ဒန်မြို့ မြောက်ပိုင်းမှ အိုင်လင်တန် (Islington) ရှိ အင်္ဂလိကန်ကောလိပ် တစ်ခုတွင် ပညာသင်ခဲ့သည်။ 

ဝိတိုရိယဘုရင်မကြီး၏ အင်ပါယာ အထွတ်အထိပ် ရောက်နေချိန်၊ အိန္ဒိယတော်လှန်ရေး၊ ဒုတိယ ဘိန်းစစ်ပွဲ (တရုတ်နှင့် ဖြစ်ခဲ့သည်)၊ ချားလ်စ်ဒစ်ကင်က သူ၏ ပထမဆုံးသော စာအုပ်များကို လူထုစာဖတ်ပွဲများ ပြုလုပ်ချိန်၊ ချားလ်စ်ဒါဝင်က သူ၏ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် သီအိုရီ အကြောင်း ဟောပြောနေချိန်များတွင် မောင်ရွှေတူးသည် လန်ဒန်မြို့တွင် နေထိုင်နေခဲ့သည်။  နွေရာသီတစ်ခုတွင် လန်ဒန်မြို့၌ နေထိုင်သူ လူဦးရေ အလွန်များပြားလာပြီး စွန့်ပစ်သည့် အညစ်အကြေးများမှ အနံ့အသက်များနှင့် ရောဂါဘယများ များစွာ ပျံ့နှံ့သဖြင့် (အနံ့အသက်ဆိုးခေတ်ကြီးဟု ခေါ်ကြသည်) ခေတ်သစ်မိလ္လာစနစ်ကို စတင်တည်ဆောက်ခဲ့ရချိန်တွင်လည်း သူသည် လန်ဒန်မြို့တွင် နေထိုင်နေဆဲ ဖြစ်သည်။ 

ထို့နောက် အိန္ဒိယနိုင်ငံတွင် နှစ်အနည်းငယ်ခန့် ဆရာလုပ်ပြီးနောက် ၁၈၆၀ ပြည့်နှစ် အလယ်ပိုင်းခန့်တွင် မြန်မာပြည်သို့ ပြန်လာပြီး ရန်ကုန်မြို့တွင် သူ၏ ကိုယ်ပိုင်ကျောင်း တည်ထောင်ခဲ့သည်။ နောင်တွင် “ဝီလီယံ ရွှေတူး စန္ဒီ” အမည်ဖြင့် စာအုပ်များလည်း ရေးသားခဲ့သည်။ အီစွတ်ပုံပြင်များကို ပထမဆုံး ဘာသာပြန်ခဲ့သူလည်း ဖြစ်သည်။ 

သူ့ထက်စောကာ အနောက်တိုင်းသို့ ရောက်ဖူးခဲ့သူများ ရှိနိုင်သော်လည်း သူတို့၏ အကြောင်းများကို မှတ်တမ်းတွင် မတွေ့ရပေ။ ထို့ကြောင့် မောင်ရွှေတူးသည် သူ့ခေတ်အခါက ရဲဝံ့စွန့်စားခဲ့သူ တစ်ဦး ဖြစ်ပေသည်။

မောင်ရွှေတူး၏ ပုံတူနှင့် အခြားသော အာရှသား သင်္ဘောသားများနှင့် ပုံတို့ကို ဂျိုးဆက်ဆော့တာ (Joseph Salter) ရေးသားသည့် The Asiatics in England (အင်္ဂလန်ရောက် အာရှသားများ) စာအုပ်မှ ရရှိပါသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်