ရန်ကုန်မြို့ကို ဗြိတိသျှတို့ ကြည်းကြောင်း၊ ရေကြောင်းနှင့် တိုက်ခိုက်နေပုံ
၁၈၁၇ - ၂၂ ဇန်နဝါရီ ၁၈၉၀
ဝိတိုရိယ နန်းတွင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာတော်ဝင် အနွယ်တော် တစ်ဦး
room United Kingdom
ဆိုဖာရန်ကုန် (၁၈၁၇-၁၈၉၀ ခုနှစ်) သည် အပ်ချုပ်ဆရာ တစ်ဦး ဖြစ်ပြီး ဝိတိုရိယဘုရင်မကြီး၏ အနှစ်သက်ဆုံးသော ဦးရီးတော် ဖြစ်သည့် ဆက်စက်စ်နယ်စား ဗြိတိသျှမင်းသား သြဂတ်စ်တပ်စ် ဖရက်ဒရစ် (၁၇၇၃-၁၈၄၃ ခုနှစ်) (Augustus Frederick) ထံတွင် မင်းစေအဖြစ် အမှုထမ်းခဲ့သည်။ ဆိုဖာသည် ‘အဝနေပြည်တော်ရှိ မင်းစိုးရာဇာ’ တစ်ဦး၏ အဆက်အနွယ်ဟု ဆိုသည်။ သို့ဖြစ်ပါက မင်းစိုးရာဇာ တစ်ဦး၏ သားသည် အဘယ်သို့ လန်ဒန်မြို့ရှိ ကန်ဆင်တန်နန်းတော် (Kensington Palace) တွင် အမှုထမ်းနေခဲ့သနည်း။
အကြောင်းရင်းကို ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄-၁၈၂၆ ခုနှစ်) တွင်းက ဗြိတိသျှတို့၏ စစ်ဆင်ရေးများ ကာလက သေနတ်ပြောင်း၊ အမြှောက်ပြောင်းများ၏ ယမ်းခိုးများ အကြားတွင် တွေ့ရသည်။ အခြားသော သမိုင်းဖြစ်ရပ်များကဲ့သို့ ဘာဖြစ်ခဲ့သည်ကို မူကွဲ အမျိုးမျိုး ရှိနေခဲ့သည်။
ပထမ မူကွဲမှာ ဗြိတိသျှရေတပ်အရာရှိ ဖရက်ဒရစ် မာရတ် (Frederick Marryat) ဆိုသူနှင့် သက်ဆိုင်သည်။ မာရတ်၏ သမီးဖြစ်သူနှင့် အတ္ထုပတ္တိ ရေးဖွဲ့သူ ဖလောရန့်စ် (Florence) ၏ အဆိုအရ မာရတ်သည် အိတ်ချ်အမ်အက်စ် တီး စစ်သင်္ဘော (HMS Tees) ၏ ကပ္ပတိန် အဖြစ် တာဝန်ထမ်းဆောင်နေစဥ် ဖြစ်သည်။ ၁၈၂၄ ခုနှစ်တွင် ဗြိတိသျှတပ်တို့က ရန်ကုန်မြို့ကို တိုက်ခဲ့သည်။ ဗြိတိသျှတို့ အနိုင်ရရှိပြီးနောက် အင်္ဂလန်ပြည်သို့ ပြန်လာသောအခါ မြန်မာပြည်မှ ပစ္စည်းအချို့ကို သယ်လာခဲ့သည်။ မာရတ်သည် ထိုပစ္စည်းများကို ဗြိတိသျှပြတိုက်သို့ လှူဒါန်းကာ ပြတိုက်အဖွဲ့ဝင် ဖြစ်လာရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့။ ‘ထိုသို့ ပြန်လည်ယူဆောင်လာသည့် လက်ဆောင်များတွင် အထူးခြားဆုံးမှာ အသက် ၈ နှစ် အရွယ် မြန်မာယောကျ်ားလေး တစ်ဦး ဖြစ်ပြီး သူ၏ သင်္ဘောတွင် တင်ခေါ်လာခြင်း ဖြစ်သည်’ ဟု ဖလောရန့်စ်က ရေးသားခဲ့သည်။ ‘မင်းစိုးရာဇာ တစ်ဦး၏ သားဖြစ်သည့် ဆိုဖာကို တတိယမြောက် ဂျော့ဘုရင်၏ ခြောက်ဦးမြောက်သား၊ ဘုရင်ကြီး၏ ညီတော်ဖြစ်သည့် ဆက်စက်စ်နယ်စားထံ ဆက်သခဲ့သည်။ များမကြာမီ ကန်ဆင်တန် နန်းတော်နှင့် ဝင်ဆာရဲတိုက်တွင် အမှုထမ်းနေသည်ကို မြင်တွေ့နိုင်သည်။’ ထိုဇာတ်ကြောင်းကို နောင်တွင် စာရေးဆရာ တွမ်ပိုကော့က ရေးသားသည့် မာရတ်၏ အတ္ထုပတ္တိတွင် ပြန်လည် ဖော်ပြထားသည်။
သို့သော် ဆိုဖာ၏ အတ္ထုပတ္တိရေးသူ လီလီစတိုင်း (Lily Style) ကမူ မာရတ်၏ ကိုယ်ရေးမှတ်တမ်းများတွင် ဆိုဖာအကြောင်း ရေးသားထားသည်ကို မတွေ့ရ။ ကျွန်စနစ် ပယ်ဖျက်စေလိုသူဟု လူသိများသည့် ဆက်စက်စ်နယ်စားသည်လည်း လူသားကလေးငယ် တစ်ဦးကို လက်ဆောင်အဖြစ် လက်ခံသည်ဆိုသည်မှာ မဖြစ်နိုင်။ သူမ၏ သဘောမှာမူ မာရတ်၏ ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗြိတိသျှရေတပ် ကပ္ပတိန် အက်ဒဝပ် ဘလန့်လီ (Edward Blanckley) က ဆိုဖာကို အိတ်ချ်အမ်အက်စ် လစ်ဖီ စစ်သင်္ဘော (HMS Liffey) ဖြင့် ဆိုဖာကို အင်္ဂလန်ပြည်သို့ ခေါ်ဆောင်လာကာ နယ်စားထံတွင် အလုပ်အကိုင် ရှာပေးခဲ့ဟန် ရှိသည်ဟု ယူဆသည်။
ဤဇာတ်ကြောင်းကမူ ၁၈၂၅ ခုနှစ်ထုတ် သတင်းစာများတွင် ဖော်ပြမှုများနှင့် ကိုက်ညီနေသည်။ ‘မြန်မာစစ် စတင်သည့် အခါ အိတ်ချ်အမ်အက်စ် လစ်ဖီ သင်္ဘောသည် မြန်မာတိုက်လှေတစ်စီးနှင့် ရင်ဆိုင်ခဲ့ရသည်။ တိုက်လှေပေါ်တွင် ပါလာသူ အားလုံး ရေထဲခုန်ချ ထွက်ပြေးသွားပြီးနောက် သင်္ဘောသားများ တိုက်လှေကို တက်ရောက် ရှာဖွေရာ လသားအရွယ်ရှိ မြန်မာကလေးငယ်ကို တွေ့ရှိရသည်။ သင်္ဘောကပ္ပတိန်က မိမိတို့ နေရပ်သို့ ပြန်လျှင် ထိုကလေးငယ်ကို ခေါ်လာကာ အင်္ဂလန်ပြည်တွင် ပညာသင်ပေးရန် ရည်ရွယ်သည်။’ ဟူ၍ ဖြစ်သည်။
ဘလန့်လီသည် လစ်ဖီသင်္ဘော၏ ကပ္ပတိန် ဖြစ်ခဲ့ပြီး ဆိုဖာ၏ သားသမီးများကလည်း ၎င်းကို အင်္ဂလိပ်တစ်ဦးက လှေပေါ်မှ ကယ်လာကာ အင်္ဂလန်ပြည်သို့ ခေါ်လာခဲ့သည်ဟု ဆိုကြသည်။ ဘလန့်လီ မိသားစုက အက်ဒဝပ်သည် ကလေးငယ်ကို ရှာတွေ့သည့်အခါ ကလေးသည် မင်းသားအဝတ်အစား ဝတ်ဆင်ထားသည်ဟု ဆိုသဖြင့် ဆိုဖာသည် မိမိကိုယ်ကို ‘အဝနေပြည်တော်ရှိ မင်းစိုးရာဇာ’ တစ်ဦး၏ သားဖြစ်သည်ဟု ဆိုခြင်းနှင့်လည်း ကိုက်ညီနေသည်။ (တော်ဝင်မိသားစုဝင်များသာ အဖိုးတန်သော အဝတ်အစားများကို ဆင်ယင်ခွင့် ရှိသည် ဟူသည့် ထိုခေတ်အခါက အမိန့်များနှင့်လည်း ကိုက်ညီနေသည်။) မည်သည့်အချိန်က မည်သည့်နေရာတွင် ဆိုဖာကို ရှာတွေ့ခဲ့သည်ပေါ်တွင် မူတည်၍ ၎င်းသည် ရန်ကုန်မြို့စား မွန်ရွှေသား၏ သား (သို့မဟုတ်) ထိုစဥ်က ရန်ကုန်ကို ဝန်းရံတိုက်ခိုက်နေသည့် မြန်မာတပ်များကို ဦးဆောင်လာသော သာယာဝတီမင်းသား၏ သားတော် ဖြစ်နိုင်ကောင်းသည်။ (မြန်မာဘုရင်များသည် စစ်ထွက်လျှင် ဇနီးမယား၊ သားသမီးများကို တစ်ပါတည်း ခေါ်လာတတ်ကြသည်။) သို့သော် သက်သေ တိတိပပ မရှိသဖြင့် ဆိုဖာသည် တော်ဝင်မျိုးရိုး ဟူသည့် အဆိုကို အတိအကျ မပြောနိုင်။
အကယ်၍ ဘလန့်လီက ကောက်ယူမွေးစားခဲ့သည် ရှိသော် လစ်ဖီသင်္ဘောပေါ်မှ သင်္ဘောသားများသည် ထိုကလေးငယ်ကို ဝိုင်းဝန်း စောင့်ရှောက်ခဲ့ကြပေမည်။ သမ္မာကျမ်းစာတွင် ပါဝင်သည့် ဇိုဖာကို အစွဲပြုကာ ဆိုဖာ ဟူသော အမည်နှင့် ကလေးငယ်ကို တွေ့ရှိရာ ရန်ကုန်မြို့ကို အစွဲပြု၍ မိသားစု အမည် ရန်ကုန်ဟု ပေးခဲ့ကြဟန် ရှိသည်။ ဘလန့်လီသည် စစ်မဖြစ်မီ လပိုင်းများက ကလေးတစ်ဦး ဆုံးရှုံးခဲ့သဖြင့် ရှာတွေ့သည့် ကလေးငယ်ကို မိမိရင်သွေးအလား စောင့်ရှောက်ခဲ့ဟန် ရှိသည်။
မည်သို့ပင် ဆိုစေကာမူ ဆိုဖာသည် ၁၈၂၅ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ ရောက်ရှိလာပြီး ဆက်စက်စ်နယ်စားထံတွင် မင်းစေအဖြစ် အမှုထမ်းခဲ့ပြီး ၁၈၄၀ ခုနှစ်တွင် လန်ဒန်မြို့ရှိ အပ်ချုပ်ဆရာ တစ်ဦးထံတွင် ပညာသင်ခဲ့သည်။ အစေခံများထက် အဆင့်မြင့်သော မင်းစေများသည် အင်္ဂလန်ပြည်၏ ဘုရင်များ၊ မင်းညီမင်းသားများ၏ အနီးတွင် ခစားရသူများ ဖြစ်သည်။ (ရေချိုးပေး၊ အဝတ်အစား ဆင်ယင်ပေးရသည့် တာဝန်ယူရသောကြောင့်) နယ်စားကြီးနှင့် အနီးကပ် နေရပြီး အိမ်တော်တွင် ရာထူးမြင့်သဖြင့် အရေးကြီးသော တိုင်းရေးပြည်ရာ အကြောင်းများကို ကြားသိခဲ့ရပေမည်။ ၁၈၄၃ ခုနှစ်တွင် နယ်စားကြီး ကွယ်လွန်သောအခါ ဆိုဖာသည် အသုဘ အခမ်းအနားတော်တွင် ပါဝင်ချီတက်ရပြီး အလောင်းတော် ထားသည့် အခန်းတွင် စောင့်ကြပ်ရသောကြောင့် အတော်ပင် ဂုဏ်သရေရှိသည့် ရာထူးဖြင့် မြှောက်စားခံခဲ့ရဟန် ရှိသည်။ ထိုအသုဘ အခမ်းအနားအကြောင်း ရေးသည့် သတင်းတစ်ပုဒ်တွင် ‘ကွယ်လွန်လေသော နယ်စားကြီး၏ မြန်မာလူမျိုး မင်းစေ’ ဟူ၍ ဆိုဖာ၏ ပုံကို ဖော်ပြထားသည်။ ဆိုဖာသည် မြန်မာဟန်ဖြင့် မဝတ်စားထားဘဲ ထိုခေတ်အခါ အင်္ဂလိပ် နေပြည်တော်တွင် ခေတ်စားသည့် ဘောင်းဘီရှည်၊ ရွှေချည်ထိုး အင်္ကျီ၊ မြင်းတပ်သားများ ဆောင်းသည့် ငှက်မွှေးဦးထုပ်တို့ ဝတ်ဆင်ထားခဲ့သည်။ ထိုစဥ်က အသက် ၂၇ နှစ် အရွယ် ဖြစ်သည်။ သူ၏ မျက်နှာတွင် ပျော်ပျော်နေတတ်သည့်ဟန်ကို တွေ့ရသည်။ ကန်ဆင်တန် နန်းတော်၏ ဥယျာဥ်ထဲရှိ သစ်ပင်များကို တက်ဆော့လေ့ရှိသည်ဟု သူ၏ မိသားစုက ပြောပြသည်။
နယ်စားကြီး ကွယ်လွန်သွားပြီးနောက် ဆိုဖာသည် အပ်ချုပ်ဆရာ အဖြစ် အသက်မွေးကာ ချမ်းသာသော အသိုင်းအဝိုင်း အတွက် အဝတ်အစားများ ချုပ်လုပ်ပေးခဲ့သည်။ ၁၈၄၄ ခုနှစ်တွင် မားဂရက် ဆိုဖီယာ ဂရင်း (Margaret Sophia Green) အမည်ရှိ အင်္ဂလိပ် အမျိုးသမီးနှင့် အိမ်ထောင်ပြုကာ သားခြောက်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။ သားတစ်ဦးကို မင်းသားကြီး အမည်အတိုင်း ဖရက်ဒရစ် သြဂတ်စ်တပ်စ် ဟုလည်းကောင်း၊ နောက်တစ်ဦးကို အက်ဒဝပ် ဘလန့်လီ၏ အမည်အတိုင်း အက်ဒဝပ် ဟုလည်းကောင်း မှည့်ခေါ်ခဲ့သည်။ ထိုရန်ကုန်မိသားစုသည် နောင်တွင် စားဝတ်နေရေး ကျပ်တည်းလာသဖြင့် ၁၈၇၀ ပြည့်နှစ်များတွင် ဆင်းရဲသား ရပ်ကွက်များတွင် လှည့်လည်နေထိုင်ရကာ နောင်တွင်မူ လန်ဒန်မြို့၊ ခရစ်စတယ်နန်းတော် ဥယျာဥ်အနီးရှိ ဆင်ခြင်ဖုံးရပ်ကွက်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့ကြသည်။ ထိုတွင် နေထိုင်စဥ် အောက်မြန်မာပြည်ရော၊ အထက်မြန်မာပြည်ကိုပါ ဗြိတိသျှတို့ သိမ်းပိုက်နိုင်ခဲ့သည့် ၁၈၉၀ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် ဆိုဖာသည် နမိုးနီးယား အဆုတ်ရောင်ရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။ အလောင်းကို လမ်ဘတ်သ်သင်္ချိုင်း (Lambeth Cemetery) တွင် အမှတ်သညာ မရှိဘဲ မြှုပ်နှံခဲ့သည်။
၁၉ ရာစု အချက်အချာတွင် ဆိုဖာ၏ ဘဝသည် မြန်မာပြည်၏ စစ်တလင်းမှသည် ကန်ဆင်တန် နန်းတော်၏ ရွှေသားခန်းမများသို့လည်းကောင်း၊ ကျပ်ခိုးများဖြင့် ပြည့်နေသည့် ဝိတိုရိယခေတ် လန်ဒန်၏ ဆင်းရဲသား ရပ်ကွက်များတွင်လည်းကောင်း ဗြိတိသျှနှင့် မြန်မာအသိုင်းအဝိုင်းများ၏ အတက်အကျ၊ အနိမ့်အမြင့်များကို ကျော်ဖြတ်၍သော်လည်းကောင်း အရောင်အသွေး စုံလင်ခဲ့ပေသည်။