အမေ့ခံအတိတ်
အမေ့ခံအတိတ်
တရုတ်-မြန်မာ နယ်စပ်ဒေသ၏ သမိုင်းကြောင်း အကျဉ်း
ဘီစီ ၂ ရာစုက တရုတ်နိုင်ငံကို ဟန်မင်းဆက် အုပ်စိုးခဲ့စဥ်
ဘီစီ ၂ ရာစုက တရုတ်နိုင်ငံကို ဟန်မင်းဆက် အုပ်စိုးခဲ့စဥ်

အေဒီ ၈ ရာစုခန့်က တန်မင်းဆက် အုပ်စိုးသည့် တရုတ်ပြည်နှင့် အနီးတဝိုက်ရှိ နန်ချောင်နှင့် အခြားဒေသများ။
အေဒီ ၈ ရာစုခန့်က တန်မင်းဆက် အုပ်စိုးသည့် တရုတ်ပြည်နှင့် အနီးတဝိုက်ရှိ နန်ချောင်နှင့် အခြားဒေသများ။

၁၉ ရာစုခန့်က မြန်မာ-ယူနန်နယ်စပ်ပြပုံ (Credit: Eric vanden Bussche)
၁၉ ရာစုခန့်က မြန်မာ-ယူနန်နယ်စပ်ပြပုံ (Credit: Eric vanden Bussche)

၁၉၃၁ က ဗြိတိသျှတို့ ဖန်တီးခဲ့သည့် မြန်မာနိုင်ငံ မြေပုံ။ ၎င်းတို့ အုပ်ချုပ်ရာ ဒေသများကို အနီရောင်၊ အနက်ရောင် ချယ်သကာ ဖော်ပြထားသည်။
၁၉၃၁ က ဗြိတိသျှတို့ ဖန်တီးခဲ့သည့် မြန်မာနိုင်ငံ မြေပုံ။ ၎င်းတို့ အုပ်ချုပ်ရာ ဒေသများကို အနီရောင်၊ အနက်ရောင် ချယ်သကာ ဖော်ပြထားသည်။

75 AD - ၂၀၂၀

တရုတ်-မြန်မာ နယ်စပ်ဒေသ၏ သမိုင်းကြောင်း အကျဉ်း

room China

Read in English

လွန်ခဲ့သည့် နှစ်ထောင်သောင်းများစွာကတည်းက ယနေ့ခတ် တရုတ်-မြန်မာ နယ်စပ်ဒေသ၌ ယဉ်ကျေးမှု၊ ဘာသာစကား မတူညီ ကွဲပြားသည့် လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ် ၂၀၀၀ ခန့် ဧရာဝတီမြစ်ဝှမ်းဒေသတွင် မြို့ပြယဉ်ကျေးမှု ဉီးဆုံး ပေါ်ပေါက်လာချိန်က ယနေ့ခေတ် ယူနန်ပြည် အရှေ့ပိုင်းဒေသကို ဒီယန်ဘုရင်များ ခေတ်အဆက်ဆက် အုပ်စိုးခဲ့သည်။ ဒီယန်ဘုရင်များသည် မြန်မာဘာသာနှင့် ဆက်စပ်နေသည့် ဘာသာစကား တစ်မျိုးကို အသုံးပြုခဲ့ဟန် တူသော်လည်း အတိအကျ ပြောရန် ခက်သည်။ ယူနန်နယ်သားများသည် အခြားသော တိဘက်-မြန်မာနွယ် ဘာသာစကားများ၊ တိုင်ဘာသာနှင့် သြစထရိုအာရှ ဘာသာစကားများ (ခေတ်သစ်မွန်ဘာသာကဲ့သို့) ကိုလည်း အသုံးပြုခဲ့ကြသည်။

အေဒီ ၇၅ ရာစုတွင် ဟန်မင်းဆက်၏ တရုတ် မင် ဧကရာဇ်က ယုံချန်မြို့၌ ဒေသတွင်း အုပ်ချုပ်ရေးဌာနခွဲကို တည်ထောင်သည်။ (ယနေ့ခေတ် မူဆယ်၊ ရွှေလီ အနီးတစ်ဝိုက်တွင် ဖြစ်သည်။) ထိုစဉ်က ယနေ့ခေတ် ယူနန်ပြည် ဖြစ်လာမည့်ဒေသမှာ တရုတ်လူမျိုးတို့ အခြေချ နေထိုင်ရာ ဗဟိုဒေသများနှင့် ဝေးကွာလှပြီး ယူနန်ဒေသတွင် တရုတ်စကား ပြောတတ်သူလည်း မရှိပေ။ တရုတ်တို့က ယူနန်မှတစ်ဆင့် ဧရာဝတီမြစ်ဝှမ်း ဒေသအထိ၊ ထိုမှ ဆက်လက်ပြီး အိန္ဒိယအထိ အမြတ်အစွန်း များများရမှာ သေချာသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ချုပ်ကိုင်လိုခဲ့ကြသည်။

အေဒီ ၆၀၀ မှ ၁၂၀၀ ကာလအတွင်း ယူနန်ပြည်သည် တရုတ်လူမျိုး မဟုတ်သည့် နန်ချောင်မင်းဆက်နှင့် တာလီမင်းဆက်တို့၏ လက်အောက်တွင် ရှိခဲ့သည်။ ထိုမင်းအဆက်ဆက်တို့သည် မြန်မာဘာသာနှင့် ဆက်နွယ်နေသည့် ဘာသာစကား တစ်မျိုးကို အသုံးပြုခဲ့ကြဟန် တူသည်။ နန်ချောင်မင်းဆက်၏ ပိုင်နက်ထဲတွင် ယနေ့ခေတ် မြန်မာပြည် မြောက်ပိုင်းရှိ ဒေသ အတော်များများလည်း ပါသည်။ ၁၃ ရာစုနှောင်းပိုင်းတွင် ယူနန်ဒေသတစ်ခုလုံးနှင့် မြန်မာပြည် မြောက်ပိုင်းတို့ကို မွန်ဂိုတို့က ကျူးကျော်သိမ်းပိုက်ခဲ့သည်။

ယူနန်ပြည်သည် တရုတ်တို့ လက်အောက်ကို မင်မင်းဆက် လက်ထက် (၁၄ ရာစုမှ ၁၇ ရာစု) မှသာ ကျရောက်သွားခဲ့သည်။ ထိုအချိန်က တရုတ်လူမျိုးအများအပြားသည် ကုန်သည်များ အဖြစ်လည်းကောင်း၊ အထူးသဖြင့် ငွေသတ္တုတွင်း လုပ်သားများ အဖြစ်လည်းကောင်း လုပ်ကိုင်ရန် ယူနန်ပြည်နှင့် ယနေ့ခေတ် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများသို့ ပြောင်းရွှေ့နေထိုင်လာကြသည်။ တရုတ်ငွေကြေးစနစ်အတွက် ငွေသတ္တုကို အဓိက တူးဖော်ရရှိနိုင်သော ဝတောင်တန်းဒေသများမှာ အတော်ပင် အရေးပါခဲ့သည်။ ထိုစဉ်က မြန်မာဘုရင်များ၏ လက်အောက်တွင် ရှမ်းပြည်ဒေသ အချို့သာ ရှိနေပြီး စော်ဘွားများဖြင့် တစ်ဆင့်ခံ အုပ်ချုပ်ခဲ့ကြသည်။ ယူနန်ပြည် အနောက်ပိုင်းကို တရုတ်တို့က အဓိကအားဖြင့် တိုက်ရိုက် အုပ်ချုပ်သော်လည်း စော်ဘွားများလည်း ရှိသည်။ တရုတ်စစ်တပ်များက ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသများကို မကြာခဏ ကျူးကျော်လာလေ့ရှိသည် ၁၆၅၀ ပြည့်နှစ်၀န်းကျင်က အင်းဝနေပြည်တော်ပင် တရုတ်တို့လက်အောက်သို့ ရောက်လုနီးပါးထိ ဖြစ်ခဲ့သေးသည်မှာ သာဓက ဖြစ်သည်။

၁၆၀၀ ပြည့်နှစ်များတွင် ယနေ့ခေတ် တရုတ်ပြည်၏ ပိုင်နက် အတော်များများ (တရုတ်လူမျိုး မဟုတ်သည့်) မန်ချူးလူမျိုးတို့ လက်အောက် ကျရောက်သွားပြီးနောက် ၁၇၀၀ ပြည့်နှစ် နှောင်းပိုင်းကာလများ၌ မန်ချူးအင်ပါယာက မြန်မာပြည်ကို ကျူးကျော်သိမ်းပိုက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သေးသော်လည်း မအောင်မြင်ခဲ့။

၁၈၀၀ ပြည့်နှစ်များသို့ ရောက်လာသောအခါ ယူနန်ပြည် လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ တရုတ်လူမျိုးများ ဖြစ်နေလေပြီ။ (ထိုစဉ်က ယူနန်ပြည်နယ်၏ လူဦးရေမှာ ၄-၅ သန်းမျှ ရှိသည်ဟု ခန့်မှန်းရပြီး မြန်မာပြည်၏ ထိုစဉ်က လူဦးရေမှာလည်း ထိုမျှလောက်ပင် ဖြစ်သည်။) ကျန် သုံးပုံနှစ်ပုံမှာ တိုင်၊ နာရှီကဲ့သို့ ဒေသခံ လူမျိုးစုများနှင့် မွန်ဂိုလက်ထက်က ယူနန်ပြည်သို့ ပြောင်းရွှေ့ အခြေချခဲ့ကြသည့် အာရှအလယ်ပိုင်းသား မူဆလင်များ၏ မျိုးဆက်များ ဖြစ်ကြသည်။ ထိုမူဆလင်များကို မြန်မာတို့က ပန်းသေးလူမျိုးဟု ခေါ်သည်။ ၁၈၅၀ ပြည့်နှစ်များက ၎င်းတို့သည် တာလီတွင် နန်းစိုက်ကာ တစ်ပြည်ထောင် ထူထောင်ခဲ့ကြသေးသည်။ နောက်ဆုံးတွင်မူ တာလီပြည်လည်း မန်ချူးတို့၏ ချေမှုန်းခြင်းကို ခံခဲ့ရကာ ပန်းသေးလူမျိုး ထောင်သောင်းချီကာ ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးသို့ စစ်ပြေးကြရသည်။

မန္တလေးကို သိမ်းပိုက်ပြီးနောက် တရုတ်နှင့် နယ်စပ်ပိုင်းခြား မည်သို့ရှိသင့်သည်ကို ဗြိတိသျှတို့ ဆုံးဖြတ်ဖို့ လိုအပ်လာသည်။ တရုတ်တို့က ယနေ့ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဒေသ အတော်များများကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ဆိုသည်။ သို့သော် ယနေ့ခေတ် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ နယ်မြေအများစုကို မြန်မာဘုရင်သော်လည်းကောင်း၊ တရုတ် (သို့မဟုတ် အခြား) အင်ပါယာများသော်လည်းကောင်း မည်သည့်ဘုရင်ကမျှ မချုပ်ကိုင်ထားခဲ့။

ယခုလက်ရှိ တရုတ်-မြန်မာ နယ်နိမိတ်မှာ တစ်ချိန်က ကာလကတ္တားတွင် ရုံးစိုက်သူ ဗြိတိသျှတို့နှင့် ပီကင်းတွင် ရုံးစိုက်သူ မန်ချူးတို့ သဘောတူ ဆုံးဖြတ်ခဲ့ကြသည့် နယ်နိမိတ်နှင့် သိပ်မကွာလှ။ ရှမ်းပြည်အရှေ့ပိုင်း ဒေသအများစုမှာ ဗြိတိသျှ မြန်မာအပိုင် ဖြစ်လာသော်လည်း ဗြိတိသျှတို့က အပေါ်ယံသာ အုပ်ချုပ်ခဲ့သည်။ ဗြိတိသျှ အုပ်ချုပ်ရေးအောက်သို့ပင် လုံးဝ မရောက်ရှိခဲ့သည့် ဝတောင်တန်းကဲ့သို့ ဒေသအချို့လည်း ရှိသည်။

ဒုတိယကမ္ဘာစစ် အတွင်းက ယနေ့ခေတ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တည်ရှိရာတွင် ရာထောင်ချီသည့် တရုတ်တပ်များနှင့် ဂျပန်တပ်များ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး နယ်စပ်ဒေသများ တစ်လျှောက်နှင့် ယူနန်ပြည်နယ် အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ စစ်အတွက် အဆုံးအဖြတ် ပေးသည့် တိုက်ပွဲများ ဖြစ်ခဲ့သည်။

လွတ်လပ်ရေး ရပြီးနောက် ၁၉၅၀ ပြည့်နှစ်ကာလများက ကူမင်တန် ကျူးကျော်မှုကြောင့် ထိုနယ်စပ်ဒေသများကို အများနည်းတူ သာမာန် အစိုးရအုပ်ချုပ်မှု ထားရှိရန် မတတ်သာခဲ့ချေ။ ၁၉၆၀ ခုနစ်တွင် မြန်မာနှင့် တရုတ် အစိုးရတို့က နယ်နိမိတ် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ကွန်မြူနစ် ကျူးကျော်မှုများကြောင့် ထိုဒေသတစ်ခွင်သည် တိုက်ပွဲပြင်းထန်သော စစ်မြေပြင်များ ဖြစ်လာကြပြီး ဒေသခံများလည်း နေရပ်စွန့်ခွာ ထွက်ပြေးကြရသည်။

တစ်ချိန်တည်းမှာပင် ယူနန်ပြည်၌ တရုတ်တို့၏ လွှမ်းမိုးမှု အထွတ်အထိပ်သို့ ရောက်လာခဲ့လေသည်။ ထိုခေတ်တွင်မူ ယူနန်ပြည်နေ လူအများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး ဒေသခံ လူမျိုးစုများမှာမူ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းမျှသာ ရှိတော့သည်။

၁၉၉၀ ပြည့်နှစ်လွန် အချိန်များကတည်းက ယူနန်ပြည်နယ်ကို တရုတ်ပြည်မကြီး၏ စီးပွားရေးစနစ်နှင့် ပူးပေါင်းရန်၊ ပို့ဆောင်ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် တရုတ်အစိုးရ ကြိုးပမ်းအားထုတ်ခဲ့သည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်ကဆိုလျှင် မြန်မာနယ်စပ်မှ ချုံကင်းမြို့နှင့် အနီးတဝိုက်ရှိ မြို့များသို့ သွားရောက်လိုပါက တောတောင်မြစ်ချောင်းကြီးများကို ကျော်ဖြတ်ကာ တစ်လတန်သည် နှစ်လတန်သည် ခရီးနှင်ကြရသည်။ မကြာမီကာလတွင် နေ့တစ်ဝက်မျှ ရထားစီးရုံနှင့် ထိုဒေသသို့ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။ ယနေ့အခါတွင်တော့ တရုတ်စီးပွားရေး အရှိန်အဝါသည် ဧရာဝတီမြစ်ဝှမ်းဒေသ တစ်ခွင် ဖြန့်ကျက်ရောက်ရှိလာခဲ့လေပြီ။ မြန်မာနိုင်ငံထက် ၁၀ မျှ ပိုချမ်းသာသော တရုတ်နိုင်ငံသည် ယခုအခါ မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။

အေဒီ ၇၅ ရာစုက ယနေ့ခေတ် တရုတ်-မြန်မာ နယ်စပ်ဒေသကို ထိန်းချုပ်ရန် တရုတ်အာဏာပိုင်များ ပထမဆုံးအကြိမ် အားထုတ်ခဲ့ကြသည်။ ယခုတော့ တရုတ်တို့၏ စီးပွားရေး တိုးချဲ့မှုများနှင့်အတူ နှစ် ၂၀၀၀ သက်တမ်းရှိ စိတ်ကူးလည်း အကောင်အထည် ပေါ်လာနိုင်ဖွယ်ရာ ရှိပါသည်။

ပထမပုံမှာ ၁၈၉၉ ခုနစ် ဝန်းကျင်က တရုတ်-မြန်မာ နယ်နိမိတ်ကော်မရှင်၏ တရုတ်အရာရှိ တစ်ဦးပုံ ဖြစ်ပါသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်