အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကိုလိုနီခေတ် မတိုင်မီ မြန်မာပြည်ကို ပန်းချီရေးဆွဲခဲ့သူ အိန္ဒိယ ပန်းချီဆရာ
ဆင်ဂေးဘေး ရေးဆွဲ၍ ဘိုးတော်ဘုရားကို လက်ဆောင် ဆက်သခဲ့သည့် ဆင်ဖမ်းပွဲ ပန်းချီကား
ဆင်ဂေးဘေး ရေးဆွဲ၍ ဘိုးတော်ဘုရားကို လက်ဆောင် ဆက်သခဲ့သည့် ဆင်ဖမ်းပွဲ ပန်းချီကား

event_note ခေတ်ကာလများပြပုံ

၂၁ ဖေဖော်ဝါရီ ၁၇၉၅

ကိုလိုနီခေတ် မတိုင်မီ မြန်မာပြည်ကို ပန်းချီရေးဆွဲခဲ့သူ အိန္ဒိယ ပန်းချီဆရာ

room Myanmar

Read in English

၁၈ ရာစုနှောင်းပိုင်းတွင် ဗြိတိသျှတို့၏ သြဇာသက်ရောက်မှုသည် အိန္ဒိယနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း တစ်လျှောက်တွင် အခြေစိုက် စခန်းချနိုင်ခဲ့သည်အထိ ရှိလာခဲ့သည်။ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ တပ်များသည်လည်း ဒေသခံ အိန္ဒိယမင်းသားများ၊ မဟာရာဂျာများ၊ နယ်စားများနှင့် မဟာမိတ်ဖွဲ့၍ ဖြစ်စေ၊ စစ်မက်တိုက်ခိုက်၍ ဖြစ်စေ အိန္ဒိယတိုက်၏ အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်လာခဲ့သည်။ ထို့နောက် ဗြိတိသျှတို့သည် ၎င်းတို့ရုံးချုပ် တည်ရာ ကာလကတ္တားမြို့နှင့် မဒရပ်စ်မြို့မှ ဘင်္ဂလားပင်လယ်အော်ကို ကျော်ဖြတ်ကာ အင်းဝမြို့ရှိ ကုန်းဘောင်ဘုရင်ထံ သံအဖွဲ့များ စေလွှတ်ခဲ့သည်။ ကုန်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများ တည်ဆောက်ရန်နှင့် မိမိတို့ ကိုယ်ကို မဂိုဧကရာဇ်များကို ဆက်ခံသူ အဖြစ် ပုံဖော်ရန် ဖြစ်သည်။ ထို့အပြင် ၁၇၈၄ ခုနှစ်က ရခိုင်ပြည်ကို မြန်မာဘုရင်က သိမ်းယူပြီးသည့်နောက် ရခိုင်ဒုက္ခသည်များသည် ဗြိတိသျှ လက်အောက်ရှိ ဘင်္ဂလားနယ်ကို အခြေပြုပြီး နယ်ကျော်ကာ မြန်မာတို့ကို တိုက်ခိုက်လေ့ ရှိကြသည်။ ၎င်းတို့ကို မြန်မာတပ်များက လိုက်လံ တိုက်ခိုက်သည့်အခါ ဘင်္ဂလားနယ်ထဲ ကျူးကျော်ဝင်မိသဖြင့် ဗြိတိသျှတို့က ဒေါသထွက်ကြသည်။ ထို့ကြောင့် ဒေသတွင်း သင့်သင့်မြတ်မြတ် ရှိစေရန် သံတမန်ရေးရာ ဆက်ဆံမှု တည်ဆောက်ရန် လိုအပ်လာသည်။ 

ထိုသံအဖွဲ့များကို ဦးဆောင်လာသည့် စကော့လူမျိုးနှင့် အင်္ဂလိပ်လူမျိုးများ ဖြစ်ကြသည့် ကောက်စ် (Cox)၊ ဆိုင်းမ်စ် (Symes)၊ ကရောဖို့ (Crawfurd) တို့ကို လူသိများကြသော်လည်း မြန်မာပြည်နှင့် အိန္ဒိယပြည် အကြား ယဥ်ကျေးမှု ကြားခံအနေဖြင့် လိုက်ပါလာသည့် အိန္ဒိယလူမျိုး စစ်သည်များ၊ စကားပြန်များ၊ ပန်းချီဆရာများနှင့် စာရေးစာချီများ အကြောင်းကိုမူ လူသိနည်းလှသည်။ ၎င်းတို့ကြောင့်သာ ဗြိတိသျှ နယ်ချဲ့သံတမန်ရေးရာ အကောင်အထည် ပေါ်လာခဲ့သည်။ သာဓက ပြရလျှင် ၁၇၉၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က အဝနေပြည်တော်သို့ စေလွှတ်ခံရသည့် သံကိုယ်စားလှယ် မိုက်ကယ်ဆိုင်းမ်စ် ကာလကတ္တားမြို့မှ ထွက်ခွာသည့်အခါ ၎င်းနှင့်အတူ “အိန္ဒိယလူမျိုး တပ်ကြပ်တစ်ဦး၊ စစ်ဗိုလ်တစ်ဦး၊ စစ်ဗာရီ စစ်သား ၁၄ ဦး၊ ဟိန္ဒူပညာရှင်တစ်ဦး၊ ဘာသာစကား ကျွမ်းကျင်သူ တစ်ဦးနှင့် အခြားသော အစေခံများစွာ” ပါဝင်ခဲ့ကြောင်း သူ၏ ‘အဝနေပြည်တော်သွား သံခရီးစဥ် မှတ်တမ်း’ တွင် ဖော်ပြထားခဲ့သည်။ ထိုအဖွဲ့တွင် ဗြိတိသျှလူမျိုးနှင့် အိန္ဒိယလူမျိုး ဦးရေ ၇၀ ကျော် ပါဝင်ခဲ့ပြီး ‘ပင်လယ်မြင်း’ အမည်ရှိ သင်္ဘောငယ်ပေါ်တွင် ကျပ်ကျပ်သိပ်သိပ် ခရီးဆန့်ခဲ့ကြသည်။ 

ထိုသင်္ဘောပေါ်တွင် လိုက်ပါလာသူ တစ်ဦးမှာ ရုက္ခဗေဒ ကျွမ်းကျင်သူ ပန်းချီဆရာ ဆင်ဂေးဘေး (Singey Bey) ဖြစ်သည်။ သူရေးဆွဲခဲ့သော မြန်မာပြည်ရှိ ဆန်းပြားသော သစ်ပင်ပန်းမန်များ၏ ရေဆေးပန်းချီကားများ၊ ခဲခြစ်ပုံများမှသာ သူ အသက်ရှင်နေထိုင်ခဲ့သည်ကို သိရှိရသည်။ သူရေးဆွဲခဲ့သည့် ပုံများကို နောင်တွင် ဘင်္ဂလားပြည်၊ တော်ဝင်အာရှအဖွဲ့က ထုတ်ဝေသည့် စာစောင်များနှင့် မိုက်ကယ်ဆိုင်းမ်စ်၏ ၁၈၀၁ ခုနှစ် ‘အဝနေပြည်တော်သွား သံခရီးစဥ် မှတ်တမ်း’ တွင် ဖော်ပြခဲ့သည်။ ယခု နှစ်ပေါင်း ၂၂၆ နှစ်ကျော်မှ ဆင်ဂေးဘေး၏ နောက်ကြောင်းကို ခြေရာခံရန် အလွန်ခက်ခဲလှသည်။ နာမည်၏ ပထမစာလုံး ဆင်ဂေး (ဆင်ဂေးဟူသည်မှာ ဆင်း ဟူသည့် ဟင်ဒီစကားလုံးမှ လာပြီး ခြင်္သေ့ဟု အဓိပ္ပါယ် ရှိသည့် အသုံးများသော ပန်ချာပီ အမည်တစ်ခု ဖြစ်သည်။) မှသည် သူသည် ဆစ်ခ်လူမျိုး သို့မဟုတ် ရာဇပုတ္တလူမျိုး ဖြစ်နိုင်သည်ဟု ယူဆရသည်။ ဒုတိယစာလုံး ဘေး ကမူ သူ့မိသားစုသည် မဂိုဧကရာဇ်များထံ အမှုထမ်းခဲ့ခြင်းကို ညွှန်းဆိုသည့်ဟန် ရှိသည်။ (ဘေး ဟူသော စကားလုံးမှာ တူရကီစကားလုံး bayg ကလာပြီး ‘ဝန်’ ဟု အဓိပ္ပါယ် ရသည်။) သူသည် ကုမ္ပဏီက ခန့်အပ်ထားသည့် ပန်းချီဆရာ ဖြစ်နိုင်သည်။ အရှေ့အိန္ဒိယကုမ္ပဏီသည် ကြုံဆုံခဲ့သမျှ လူ၊ သစ်ပင်ပန်းမန်၊ တိရစ္ဆာန်တို့ကို ပုံတူရေးဆွဲရန် ရုက္ခဗေဒနှင့် သတ္တဗေဒဆိုင်ရာ ပုံတူရေးဆွဲတတ်သည့် အိန္ဒိယလူမျိုးများကို အလုပ်ခန့်ထားခဲ့သည်။ (တစ်နေ့နေ့တွင် ထုတ်ယူရောင်းစားကာ ‘ဂုဏ်သရေရှိ ကုမ္ပဏီ’ အတွက် အမြတ်အစွန်းများ ဖြစ်လာမလား ဟူ၍ မှတ်တမ်းတင် ရေးဆွဲခိုင်းခြင်း ဖြစ်သည်။)

ထိုစဥ်က ဆင်ဂေးဘေးသည် များမကြာမီ နာမည်ကျော်ကြားလာမည့် ရုက္ခဗေဒ ပညာရှင် ဒေါက်တာ ဖရန်စစ်ဘျူခန်နန် (Dr. Francis Buchanan) ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရသည်။ ဘျူခန်နန်မှာ အီဒင်ဘာရာ တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့ပြီး သင်္ဘောဆရာဝန် အဖြစ် စတင်ကာ နောင်တွင် အရှေ့အိန္ဒိယကုမ္ပဏီ၏ ဝန်ထမ်း ဆရာဝန် ဖြစ်လာခဲ့သည်။ သူသည် ၁၇၈၇ ခုနစ်က စတင်၍ ရုက္ခဗေဒ ပညာရှင် ဝီလီယံရော့စ်ဘာ့ဂ် (William Roxburgh) ထူထောင်ခဲ့သည့် ကာလကတ္တား ရုက္ခဗေဒဥယျာဥ်ကို စိတ်ဝင်တစား ရှိခဲ့သည်။ ဘျူခန်နန်၏ သစ်ပင်ပန်းမန်များကို ကျွမ်းကျင်မှုကြောင့် မြန်မာပြည်၏ ရုက္ခဗေဒရှုခင်း အကြောင်း ဖော်ပြရန် အသင့်တော်ဆုံး ဖြစ်သဖြင့် ဆိုင်းမ်စ်၏ မြန်မာဘုရင် ဘိုးတော်ဘုရားနှင့် ကုန်ကူးသန်းရေး သံခရီးစဥ်တွင် လိုက်ပါဖြစ်ခဲ့သည်။ ရော့စ်ဘာ့ဂ်က ဘျူခန်နန်နှင့် မိတ်ဆက်ပေးခဲ့သည့် ဆင်ဂေးဘေးမှာလည်း အသင့်တော်ဆုံးသော ပန်းချီဆရာ ဖြစ်ခဲ့သည်။

၁၇၃၉ တွင် ပါရှားစစ်တပ်က ဒေလီကို သိမ်းသည့်အခါ ဆင်ဂေးဘေးကဲ့သို့ ပန်းချီဆရာများစွာသည် တိမ်းရှောင်လာပြီး လပ်ခ်နောင်းမြို့ရှိ မင်းနေပြည်တွင် ခစားခဲ့ကြသည်။ အရှေ့အိန္ဒိယကုမ္ပဏီ၏ ဝန်ထမ်းများ ဖြစ်လာသည့် ထိုပန်းချီဆရာများသည် သိရှိပြီးသော ကမ္ဘာတစ်ခုလုံးကို အမျိုးအစားခွဲကာ မှတ်တမ်းတင်လိုသည့် ဥရောပ အသိပညာ ဆန်းသစ်ရေး စီမံကိန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်လာခဲ့သည်။ ဥရောပ အင်အားကြီးနိုင်ငံများသည် အာရှတိုက်၏ အမြတ်များသည့် အဝတ်အထည်နှင့် ဟင်းခတ်အမွှေးအကြိုင် ရေကြောင်းကုန်သွယ်မှုကို လက်ဝါးကြီးအုပ် အပိုင်စီးလိုသည့် လောဘနှင့် အိန္ဒိယကို မောင်ပိုင်စီးခဲ့ကြသည်။ ဆိုင်းမ်စ်၏ သံခရီးစဥ်၏ ထုတ်မပြောသည့် ရည်မှန်းချက်မှာလည်း ကုမ္ပဏီ၏ စစ်သင်္ဘောများ၊ ကုန်သင်္ဘောများ အတွက် ကျွန်းသစ်ကို မြန်မာပြည်မှ ဝယ်ယူနိုင်ရေး ဖြစ်သည်။ (နောင်တွင် ကျွန်းသစ်ကုန်သွယ်ရေး အတွက် ဗြိတိသျှတို့သည် မြန်မာပြည် တစ်ခုလုံးကို သိမ်းယူလိုက်ကြလေသည်။) ထိုသို့ဖြင့် သိပ္ပံပညာနှင့် စစ်တို့သည် နယ်ချဲ့တို့၏ လက်နက်များသာ ဖြစ်ခဲ့သည်။

ထိုကုမ္ပဏီက ခန့်ထားသည့် ပန်းချီဆရာများသည် ကမ္ဘာအသစ်အဆန်းများနှင့် ကြုံတွေ့ရသောအခါ ပညာရပ် နှီးနှောဖလှယ်မှုများလည်း လွတ်လပ်စွာ ပြုခဲ့ကြသည်။ ဆင်ဂေးဘေး၏ လက်ရာများသည် အနုစိတ် ရေးဆွဲထားကာ စေတီပုထိုးများ၊ မင်းမှုထမ်းဝန်မင်းများ၊ ဖောင်ကြီးများနှင့် ဆင်ဖမ်းပွဲပုံများ ဖြစ်ပြီး နယ်ချဲ့လက်အောက် မကျသေးသော မြန်မာပြည်၏ ယဥ်ကျေးမှု အလုံးစုံ ရောနှောမခံရသေးခင် ကာလကို ထိမိစွာ သရုပ်ဖော်နိုင်ခဲ့သည်။ သူ၏ လက်ရာသည် အိန္ဒိယ ပန်းချီရေးဆွဲနည်းနှင့် ဥရောပ ပန်းချီရေးဆွဲနည်းကို ရောနှောအသုံးပြုထားသည်။ နောင်တွင် ထိုသို့ ရောနှောရေးဆွဲနည်းကို ကုမ္ပဏီ ပန်းချီရေးဆွဲနည်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုပန်းချီများသည် ဥရောပ (နှင့် အိန္ဒိယ)ရှိ ပရိသတ်တို့ အတွက် မဂိုဘုရင်များ၏ အိန္ဒိယပြည် အစွန်အဖျားရှိ တောတောင်ထူထပ်ပြီး ကျောက်မျက်ရတနာ၊ ဆင်များ၊ ကျွန်းသစ်နှင့် ရွှေစသည့် သယံဇာတများကို တန်ခိုးကြီးသော ဗုဒ္ဓဘာသာဝင် ရှင်ဘုရင်က ပိုင်စိုးရာ မြန်မာပြည်ကို သရုပ်ဖော်ပြရန် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဆင်ဂေးဘေး၏ လက်ရာ အများစုသည် ဗုဒ္ဓ၏ ရုပ်ပုံနှင့် ဗုဒ္ဓဝင် စကြာဝဠာပုံများ ဖြစ်ပြီး တိုင်းပြည်နှင့် ပြည်သူပြည်သားများ ဘာသာတရားတွင် နက်ရှိုင်းစွာ သက်ဝင်ယုံကြည်မှုကို ရည်ညွှန်းသည်။ သူသည် လက်ရာမြောက်လှသဖြင့် ဘိုးတော်ဘုရားကပင် ဆင်ဖမ်းပွဲ ပန်းချီကို သံတမန် လက်ဆောင် အဖြစ် တောင်းခဲ့သေးသည်။ 

ဆင်ဂေးဘေး၏ ပန်းချီများကြောင့် ဥရောပတိုက်က ပထမဆုံး မြန်မာပြည်ပုံကို မြင်ဖူးခဲ့သည်။ ၎င်းတို့သည် (ဘျူခန်နန်နှင့် ဆိုင်းမ်စ်တို့၏ လက်ရာများနှင့် အတူ) ဥရောပသားတို့၏ စိတ်ထဲတွင် ဗုဒ္ဓဘာသာကို ဟိန္ဒူဘာသာနှင့် မတူကြောင်း ခွဲထုတ်ပြရန် အစောဆုံးသော ခြေလှမ်းများလည်း ဖြစ်သည်။ ၁၈ ရာစုနှောင်းပိုင်း မြန်မာပြည်တွင် အထက်တန်းလွှာသည် ဗြဟ္မဏပုဏ္ဏားများကို မြှောက်စားချီးမြှင့်သည့် အပြင် ပူဇော်ပွဲများ၊ ဗလိနတ်စာ ကျွေးခြင်းများ၊ သီဝနတ်မင်းကို ကိုးကွယ်မှုများ ပြုလုပ်ခဲ့ကြဟန် ရှိသည်။ ဆိုင်းမ်စ်က သူ၏ မှတ်စုထဲတွင် ‘ဗမာတို့သည် ဗုဒ္ဓကို ကိုးကွယ်ကြသည်။ ဗြဟ္မာကို မကိုးကွယ်ကြသော်လည်း ဗြဟ္မဏပုဏ္ဏားများကို အရေးတယူ ရှိကြပြီး ၎င်းတို့၏ နက္ခတ်ပညာ ကျွမ်းကျင်မှုသည် ရဟန်းများထက် သာလွန်သည်ဟု မှတ်ယူကြဟန် ရှိသည်’ ဟူ၍ ရေးသားခဲ့သည်။ ထိုသို့ရေးသားခဲ့မှု အရ ထိုခေတ်ကာလများ မြန်မာ့ လူ့အဖွဲ့အစည်းတွင် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ကို ရှင်းလင်းစွာ ပိုင်းခြားကန့်သတ်ထားခြင်း မရှိဟု ဆိုနိုင်မည်။ သို့ရာတွင် ၁၉ ရာစုကာလများနှင့် မြန်မာပြည်ကို ၁၈၈၆ ခုနစ်တွင် ဗြိတိသျှအိန္ဒိယ အင်ပါယာ၏ တစ်စိတ်တစ်ပိုင်း အဖြစ် သိမ်းယူလိုက်ပြီး ကာလများမှသာ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာသည် တသီးတသန့် ရှိလာသည့်ဟန် တွေ့ရသည်။ မည်သို့ပင် ဆိုစေကာမူ သူ၏ မြန်မာ့ဓလေ့များနှင့် ဗုဒ္ဓဘာသာကို လှစ်ဟပြသည့် ရောင်စုံပန်းချီများမှသည် ဆင်ဂေးဘေးသည် မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသည့် အစောဆုံးသော အိန္ဒိယလူမျိုး ခရီးသွား ဖြစ်သည်။ သူ၏ ဘဝအကြောင်း ပုံတိုပတ်စများနှင့် ချန်ရစ်ခဲ့သည့် အမွေအနှစ်များ အကြောင်းကိုမူ ဆက်လက် ဖော်ထုတ်ရန် လိုနေသေးသည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်