အမေ့ခံအတိတ်
အမေ့ခံအတိတ်
မိမိတို့ လူသားမဟုတ်သူများနှင့် အမျိုးတော်ကြသလား?
ယူနန်ပြည်နယ်ရှိ ဂူတစ်ခုအတွင်း တွေ့ရှိခဲ့သော ရှေးလူသား (လွန်ခဲ့သည့် နှစ်ပေါင်း ၁၀,၀၀၀ ခန့်က ရှင်သန်နေထိုင်ခဲ့သည့် ဒန်နီဆိုဗန် တစ်ဦး ဖြစ်ဖွယ်ရှိ) ကို ပြန်လည်ပုံဖော်ထားပုံ
ယူနန်ပြည်နယ်ရှိ ဂူတစ်ခုအတွင်း တွေ့ရှိခဲ့သော ရှေးလူသား (လွန်ခဲ့သည့် နှစ်ပေါင်း ၁၀,၀၀၀ ခန့်က ရှင်သန်နေထိုင်ခဲ့သည့် ဒန်နီဆိုဗန် တစ်ဦး ဖြစ်ဖွယ်ရှိ) ကို ပြန်လည်ပုံဖော်ထားပုံ

နီအန်ဒါသယ်နှင့် ဒီနီဆိုဗန် လူသားများ ပျံ့နှံ့ပုံကို ပြထားသော မြေပုံ
နီအန်ဒါသယ်နှင့် ဒီနီဆိုဗန် လူသားများ ပျံ့နှံ့ပုံကို ပြထားသော မြေပုံ

မကြာသေးမီက ပါပူအာ နယူးဂီနီတွင် ပြုလုပ်ခဲ့သော ပွဲတော်တစ်ခု၏ ပုံရိပ်
မကြာသေးမီက ပါပူအာ နယူးဂီနီတွင် ပြုလုပ်ခဲ့သော ပွဲတော်တစ်ခု၏ ပုံရိပ်

မိမိတို့ လူသားမဟုတ်သူများနှင့် အမျိုးတော်ကြသလား?

Read in English

၂၀၁၀ ခုနှစ်တွင် သိပ္ပံပညာရှင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀,၀၀၀ ခန့်က အာရှတိုက်တွင် နေထိုင်ခဲ့ကြသော ရှေးလူသား မျိုးစိတ်တစ်ခုကို တွေ့ရှိခဲ့ကြသည်။ ထိုရှေးလူတို့ကို ဒီနီဆိုဗန်များ (Denisovans) ဟု ခေါ်သည်။ ဆိုက်ဘေးရီးယားဒေသရှိ ဂူတစ်ခုတွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းမှ ဒီနီဆိုဗန်တို့၏ မျိုးဗီဇ (DNA) ကို ထုတ်ယူနိုင်ခဲ့သည်။ ဒီနီဆိုဗန်တို့သည် နောက်ဆုံး ရေခဲခေတ်က ဥရောပဒေသတွင် အသက်ရှင်နေထိုင်ခဲ့ကြသော ရှေးလူသား မျိုးစိတ်တစ်ခု ဖြစ်သည့်  နီအန်ဒါသယ် (Neanderthals) တို့နှင့် မျိုးဗီဇ ဆက်စပ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀,၀၀၀ ၀န်းကျင်က အာဖရိကဒေသမှ ထွက်ခွာပြီး အာရှတိုက် အတွင်းသို့ ၀င်ရောက်လာခဲ့ကြသည့် ခေတ်သစ်လူသားတို့၏ အလှမ်းဝေးသော ဆွေမျိုးများလည်း ဖြစ်ကြသည်။

ယခုအခါ သိပ္ပံပညာရှင်များသည် ဒီနီဆိုဗန်တို့၏ မျိုးဗီဇ နှင့် ကမ္ဘာအနှံ့အပြားရှိ လူသားတို့၏ မျိုးဗီဇကို နှိုင်းယှဥ်လေ့လာနိုင်ကြပြီ ဖြစ်သည်။ အာရှတိုက်ရှိ အချို့သော လူမျိုးနွယ်တို့မှာ ဒီနီဆိုဗန်တို့နှင့် အနည်းငယ် မျိုးဗီဇ ဆက်စပ်မှု ရှိနေကြသည်။ ပါပူအာ နယူးဂီနီဒေသ (Papua New Guinea) နှင့် မီလန်နီးရှားဒေသ (Melanesia) တို့တွင် နေထိုင်သူများ၏ မျိုးဗီဇ ဆက်စပ်မှုမှာ (၃ ရာခိုင်နှုန်း အထိ) မြင့်မားကြသည်။ တိဘက်လူမျိုးတို့သည်လည်း ဒီနီဆိုဗန်၏ ဆွေစဉ်မျိုးဆက်များ ဖြစ်ကြောင်း သိသာထင်ရှားသည်။ ထို့ကြောင့် ပင်လယ်ပြင် အထက် အမြင့်ပေ မြင့်မားလှသော အရပ်ဒေသတွင် နေထိုင်အသက်ရှင်နိုင်သော ထူးခြားသည့် မျိုးဗီဇကို တိဘက်လူမျိုးတို့ အမွေရထားသည်။ လတ်တလောတွင် မီလန်နီးရှားလူမျိုး (Melanesian) တို့၌ ဒီနီဆိုဗန် မျိုးဗီဇ ရှိနေကြောင်း၊ ထိုအချက်မှာ ဗိုင်းရပ်စ်ပိုး ၀င်ရောက်ခံရခြင်းကို တုံ့ပြန်ရာတွင် အရေးပါကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ တစ်ဖက်တွင်မူ ဥရောပလူသားတို့၌ ဒီနီဆိုဗန် မျိုးဗီဇ မရှိသလောက်ပင် ဖြစ်ပြီး အချို့တွင် နီအန်ဒါသယ်တို့၏ မျိုးဗီဇ အနည်းငယ် ပါဝင်ကြောင်း တွေ့ရသည်။ ထိုအချက်မှာ လူသားတို့၏ စိတ်နှင့်ခန္ဓာ ကျန်းမာသန်စွမ်းမှုအပေါ် အကျိုးသက်ရောက်မှု ရှိသည်ဟု သိပ္ပံပညာရှင်များက တွေ့ရှိထားကြသည်။

မြန်မာပြည်၌ နေထိုင်ကြသူများတွင် ဒီနီဆိုဗန်မျိုးရိုး တော်စပ်မှု ရှိ၊ မရှိ လေ့လာဆန်းစစ်မှုများ ပြုလုပ်ထားခြင်း မရှိသေးပါ။ တိဘက်လူမျိုးများကဲ့သို့ မြန်မာလူမျိုးများတွင်လည်း မျိုးဗီဇအရ ဆက်စပ်မှုရှိနိုင်သည်။ (မြန်မာဘာသာနှင့် တိဘက်ဘာသာမှာ ဘာသာစကားအရ အလွန်နီးစပ်မှုရှိသည့်အလျောက် မျိုးရိုးဗီဇအရလည်း အနည်းငယ် ဆက်စပ်မှုတော့ ရှိကြပေမည်။) မြင့်မားသော တောင်ပေါ် အရပ်ဒေသတွင် အသက်ရှင်နေထိုင်ရန် အထောက်အကူ ပြုမည့် မျိုးဗီဇသည် မြန်မာတို့ အတွက် များစွာ အထောက်အကူ မဖြစ်လှသော်လည်း ဒီနီဆိုဗန် မျိုးဗီဇ ပါဝင်မှုသည် မြန်မာပြည်သူ ပြည်သားတို့၏ ကိုယ်ခံအားစနစ်အပေါ် ကြီးစွာသော သက်ရောက်မှု ပေးကောင်းပေးနိုင်ပါသည်။

ကိုးကား : https://www.nature.com/articles/nature13408, https://www.sanger.ac.uk/news_item/denisovan-dna-influences-immune-system-of-modern-day-oceanian-populations/ )

သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်